ယခုလပိုင်းအတွင်း လွှတ်တော်က ချမှတ်လိုက်သည့်စည်းမျဉ်းများအရ စက်မှုဇုန်မြေပိုင်ဆိုင်သူများသည် ဂိုဒေါင်များကို အပြိုင်အဆိုင်ဆောက်လုပ်နေကြသည်ဟု အိမ်ခြံမြေအသိုင်းအဝိုင်းမှ စုံစမ်းသိရပါသည်။
စက်မှုဇုန်များတွင် လုပ်ငန်းမလုပ်သော မြေကွက်များ၊ ဂိုဒေါင်များကို အစိုးရ စတင်ချထားပေးသော နှုန်းထားအတိုင်း ပြန်ပေးလျော်စေပြီး သိမ်းယူရန် ဒုသမ္မတ ဦးဆောင်သောအဖွဲ့က စီစဉ်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၄ ခု တွင် မြေကွက်လွတ်ပေါင်း ၂,၃၃၉ ကွက် နှင့် ဂိုဒေါင်လွတ် ၁,၂၉၉ လုံးရှိပါသည်။
လုပ်ငန်းအင်အားစုကြီးမားသည့် ကုမ္ပဏီကြီးများက ဂိုဒေါင်ကြီးများကို ဆောက်လုပ်နေသော်လည်း၊ မြေကွက်ဝယ်ရောင်းလုပ်သည့် ဝယ်ရောင်းများမှာမူ ဂိုဒေါင်အဖြစ်သာ ဆောက်လုပ်နေကြပါသည်။ တစ်ဖက်မှာ ပြန်ကြည့်မည်ဆိုပါက ယခုလက်ရှိတွင် စက်မှုဇုန်ဂိုဒေါင်များငှားရမ်းမှုနည်းပါးသည့်အတွက် ဂိုဒေါင် ဆောက်လုပ်ရင်းနှီးမြုပ်နှံရန် ကုန်ကျစရိတ်ကိုကြည့်ပြီး လက်တွန့် နေကြခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တချို့က ပြောကြပါသည်။
ယခုလတ်တလော ရွှေလင်ဗန်း စက်မှုဇုန်တွင် မြေ ၃ဧက၊ ၄ဧက၊ ကျယ်ဝန်းသည့် မြေကွက်များတွင် ဂိုဒေါင်အဖြစ်သာ ဆောက်လုပ်နေခြင်းကို ကြည့်ခြင်းအားဖြင့် ၄င်းတို့၏ စက်မှုဇုန်မြေများကို ဂိုဒေါင်အဖြစ် ဆောက်လုပ်ပြီး ကာကွယ်နေကြခြင်းဖြစ်ကြောင်း ပေါ်လွင်နေပါသည်။ ထိုသို့ ၀ယ်လိုအား၊ ငှားလိုအားမရှိသော်လည်း အပြိုင်အဆိုင် ဆောက်လုပ်နေသည့် စက်မှုဇုန်အခြေအနေများကြောင့် အစိုးရမှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများမှာ ဈေးကွက်အတွင်း အကျိုးသက်ရောက်မှု အားနည်းနိုင်သည်ဟု အိမ်ခြံမြေအသိုင်းအဝိုင်းမှ သုံးသပ်ပြောကြားလျက်ရှိပါသည်။
Credit: Myanmar Property News