ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်တွင် ပြစ်မှုအမျိုးမျိုးကျူးလွန်ကာ ထောင်ကျဖူးသူ အမျိုးသားတစ်ဦးသည် Powerball jackpot ထီဆုကြီးကံထူးကာ ကန်ဒေါ်လာ ၁၆၇ သန်း ရရှိပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံလိုက်ရသည်။
ထိုအမျိုးသား၏ အမည်မှာ ဂျိမ်းစ် ဖာသင်း (James Farthing) ဟုခေါ်ပြီး အမေရိကန်ပြည် ကင်တပ်ကီ ပြည်နယ်တွင် နေထိုင်သူ ဖြစ်သည်။
ဂျိမ်းစ်သည် ၂ ဒေါ်လာတန် Powerball ထီလက်မှတ် ဝယ်ယူခဲ့ပြီးနောက် ဧပြီလ ၂၆ ရက်တွင် ထီဖွင့်ပွဲ ကျင်းပရာ ကင်တပ်ကီပြည်နယ်၏ သမိုင်းတွင် ဆုကြေးအများဆုံး Jackpot ဆုကြီးကို ကံထူးသွားသည်။
ဂျိမ်းစ်က ဆုငွေ ချက်လက်မှတ်နှင့်အတူ အောင်ပွဲခံဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရပုံမှာ ထိုနေ့က ဂျိမ်းစ်သည် ဖလော်ရီဒါပြည်နယ်ရှိ ဟိုတယ်တစ်ခုတွင် ရှိနေသည်။
ထိုဟိုတယ်တွင် ဂျိမ်းစ်က အမျိူးသားတစ်ဦးနှင့် စကားများ ရန်ဖြစ်ကြသည်။
၎င်းနှင့် ရန်ဖြစ်သော အမျိုးသားက ရဲအရာရှိထံ တိုင်တန်းခဲ့သည်မှာ ဂျိမ်းစ်နှင့် အပြန်အလှန် စကားအချေအတင်ဖြစ်ပွားစဉ် မိမိအား ထိုးကြိတ်ခဲ့ကြောင်း ပြောခဲ့သည်။
ရဲအရာရှိက ဂျိမ်းစ်ကို ဖမ်းဆီးရန် ကြိုးစားစဉ် ရဲအရာရှိ၏ မျက်နှာကို ခြေထောက်ဖြင့် ကန်ခဲ့သည်။
ထို့ကြောင့် ဂျိမ်းစ်ကို ရဲအရာရှိတစ်ဦးအား တိုက်ခိုက်မှု၊ ခုခံမှု၊ အာမခံ ချိုးဖောက်မှုတို့ဖြင့် အရေးယူထားသည်။
ဂျိမ်းစ်သည် ကင်တပ်ကီပြည်နယ်တွင် အမှုပေါင်းများစွာကို ကျူးလွန်ကာ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရရာ၌ သက်သေခံဖျောက်ဖျက်မှု၊ အုပ်စုဖွဲ့ ဒုစရိုက်မှု ကျုးလွန်ခြင်း၊ မူးယစ်ဆေးဝါးမှုများ၊ ခိုးမှု၊ ခိုးရာပါပစ္စည်း လက်ခံမှုများဖြင့် ဖြစ်သည်။
သို့သော် ထောင်ထဲတွင် ကောင်းမွန်စွာ နေထိုင်သောကြောင့် လွတ်ရက်မစေ့မီ အာမခံ ခံဝန်ဖြင့် ပြန်လွှတ်လိုက်ခြင်းဖြစ်ပြီး ခံဝန်ကာလမှာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအထိ ဖြစ်သည်။
သို့သော် ထိုကာလမတိုင်မီ ယခုကဲ့သို့ ပြစ်မှုထပ်မံကျူးလွန်ခြင်းမှာ အာမခံ ခံဝန် ချိုးဖောက်မှုလည်း ဖြစ်သည်။
ဂျိမ်းစ်သည် ရဲအရာရှိကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သော ယခုအမှုတွင် အပြစ်မရှိကြောင်း မူလက ငြင်းဆန်ခဲ့သည်။
ယခုအခါ ဂျိမ်းစ်က မိမိ၏ အာမခံချိုးဖောက်မှုအတွက် ပြစ်ဒဏ်ကျခံမည်ဟု ပြောဆိုလာသည်။
သို့အတွက် ၎င်းသည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လအထိ ထောင်ထဲတွင် နေထိုင်ရမည်ဖြစ်ပြီး ယင်းကာလပြီးဆုံးပါက လက်ရှိကျူးလွန်ထားသောအမှုအတွက် အမှုရင်ဆိုင်ရမည် ဖြစ်သည်။
ဂျိမ်းစ်သည် ထီဆုငွေများကို မိခင်ကြီးနှင့် ခွဲဝေရယူရန် စီစဉ်ထားပြီး မိခင်ကြီးက သူ၏ ကြွေးမြီများ ပေးဆပ်ရန် စီစဉ်နေသည်။
WKYT သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဂျိမ်းစ်က “ကျွန်တော်ဟာ အမေ့ကို စိတ်ညစ်အောင် အများကြီး လုပ်ခဲ့မိတယ်။ ဘဝတလျှောက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့မိပါတယ်။ ဒါပေမယ့် ဘုရားသခင်က ကောင်းမြတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သက်ဝင်ယုံကြည်မှုရှိလို့ပါ။ ဒါကြောင့် ကျွန်တော့်အတွက် ကောင်းတာတွေ ဖြစ်လာခဲ့တာပါ” ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Man who was arrested days after winning $167M Powerball jackpot requests to serve out his sentence