ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဂျပန်နိုင်ငံတွင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၇၀၀၀၀၀) ခန့်သုံးစွဲကာ သားငယ်၏ ရုပ်ပုံများကို နေရာအနှံ့ ဆိုင်းဘုတ်ထူနေသည့်ဖြစ်ရပ်မှာ သတင်းကြီးနေသည်။
၎င်းသည် တိုကျိုမြို့၊ Adachi ခရိုင်တစ်ခွင်လုံးတွင် နေရာအနှံ့ ဆိုင်းဘုတ်ထူနေခြင်း ဖြစ်သည်။
ထိုကလေးငယ်မှာ ဂျပန်နိုင်ငံသားတို့အကြား “ဆိုင်းဘုတ်ကောင်လေး” ဟု ချစ်စနိုးခေါ်ဝေါ်ကြလျက်ရှိပြီး ထိုဒေသ၏ သင်္ကေတတစ်ခု ဖြစ်လာနေသည်။
ကလေးငယ်၏ အမည်မှာ ယူကွန် (Yu-kun) ဖြစ်သည်။
ယူကွန်၏ ရုပ်ပုံကို Adachi ခရိုင်တစ်ခွင်ရှိ လူကူးတံတားများ၊ ဘတ်စ်ကားများမှသည် စတိုးဆိုင်များအထိ နေရာတိုင်းတွင် တွေ့နိုင်ပြီး ရှောင်လွှဲသွားရန် မဖြစ်နိုင်သလောက်ပင်။ ထိုကလေးငယ်၏ မြူးထူး၊ ရယ်စရာကောင်းသော၊ ရှက်နေသော ဓာတ်ပုံများကို နေရာတကာတွင် တွေ့နိုင်သည်။
ရယ်စရာကောင်းသော ဆိုင်းဘုတ်ကြီးတစ်ခုတွင်ဆိုလျှင် လမ်းဘေးဖျော်ဖြေသူတစ်ဦးက ယူကွန်အား ခြောက်လှန့်မှုကြောင့် ယူကွန်မှာ သဲသဲမဲမဲ ငိုနေပုံကို တွေ့ရသည်။
ထိုသို့ ငိုကြွေးနေပုံ ဆိုင်းဘုတ်ကြီးမှာ မြေအောက်ဘူတာရုံတစ်ခု၏ အပြင်ဘက်တွင် တည်ရှိပြီး အမြင့် ၆ ပေခန့်ရှိသော ဆိုင်းဘုတ်ကြီး ဖြစ်သည်။
ဒေသခံတို့က ယူကွန်လေးကို ချစ်ကြသည်။
ကမ္ဘာလှည့်ခရီးသည်တို့ကလည်း ထိုဆိုင်းဘုတ်ကြီးကို အမှတ်တရ ဓာတ်ပုံရိုက်ယူကြသည်။
ယူကွန်၏ ဖခင် ဆိုင်းဘုတ်ထူနေမှုများမှာ ရပ်တန့်သွားဖွယ် အလားအလာ မရှိသေးချေ။ ဖခင်ဖြစ်သူမှာ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သား၏ ဓာတ်ပုံသစ်များဖြင့် ဆိုင်းဘုတ်များ ဆက်လက် စိုက်ထူနေသည်။
ဖခင်၏ လုပ်ဆောင်ချက်မှာ သူ၏ ကလေးငယ်ကို တိုကျို၏ ဒဏ္ဍာတစ်ပုဒ်ဖြစ်လာအောင် လုပ်ဆောင်နေမှုဟုလည်း ဆိုနိုင်သည်။
၎င်းက ဓာတ်ပုံဆရာများခေါ်ကာ သားဖြစ်သူ၏ ချစ်စရာကောင်းသောပုံများ မကြာခဏ ရိုက်ကူးခိုင်းလေ့ရှိပြီး အချို့သောဓာတ်ပုံများဖြင့် သူ၏ အိမ်ခြံမြေစီမံကိန်းသစ်များကို ကြော်ငြာသွားရန် စီစဉ်နေသည်။
သို့သော် သားဖြစ်သူ “ဆိုင်းဘုတ်ကောင်လေး” မှာ ယခုအခါ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်သည်။
“အဲဒါကို ကျွန်တော်မကြိုက်ပါဘူး။ တကယ်မကြိုက်ဘူး။ ကျွန်တော်ချစ်စရာကောင်းတယ်လို့ ထင်ရင် အဲ့လိုလုပ်ဖို့ ကုန်ခဲ့တဲ့ငွေ ယန်း သန်း ၁၀၀ ကို ဘာကြောင့် ကျွန်တော့်ဘဏ်စာရင်းထဲ ထည့်မပေးခဲ့တာလဲ” ဟု ယူကွန်က South China Morning Post သတင်းဌာနသို့ ပြောသည်။
“လူတွေက ကျွန်တော့်ရဲ့ ကလေးဘဝပုံတွေကို ကြည့်ပြီး မှတ်မိမှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ကျွန်တော်က အရွယ်ရောက်နေပါပြီ။ ဒါက ရှက်ဖို့ကောင်းပါတယ်” ဟု ယူကွန်က ဆိုသည်။
ယူကွန်၏ အကြောင်းမှာ လူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ရိုက်ပျံ့နှံ့နေသည်။ အထူးသဖြင့် တရုတ်ပြည်တွင် ယူကွန်မှာ နာမည်ကြီးနေသည်။
တရုတ်ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့က မှတ်ချက်ပြုကြသည်မှာ “ရှေးဟောင်း တရုတ်စကားပုံ တစ်ခုလိုပဲ… ဖခင်ရဲ့ မေတ္တာက မြင့်မိုရ်တောင်ဦး မကကျူး…တဲ့။ ဒါပေမယ့် ဒီ ဂျပန်ဖခင်ရဲ့ မေတ္တာကတော့ တော်တော်ကြီးမားလွန်းပါတယ်” ဟု ဆိုသည်။
တရုတ်ပြည်တွင် မိဘတို့သည် သားသမီးအပေါ်ထားသည့် မေတ္တာကို မြိုသိပ်၍သာ ထားလေ့ရှိကြသည်။
ယခုဂျပန်ဖခင်မှာမူ သူ၏မေတ္တာကို တစ်မြို့လုံးအနှံ့ သမိုင်းမှတ်တိုင် စိုက်ထူလျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Father spends $700K to show his love for son, prints billboard ads: Teenage kid snaps back, ‘If I am that cute…’ (livemint)