တိုက်ခန်းများဆောက်လုပ်သည့်အခါ မြေရှင်နှင့် ကန်ထရိုက်သဘောတူညီမှုဖြင့် အကျိုးတူစာချုပ်ချုပ်ဆို ပြီး အဆောက်အဦအား အကောင်အထည် ဖော်ဆောက်လုပ်ကြခြင်းဖြစ်သောကြောင့် အကျိုးခံစားခွင့်မှာ သဘော တူညီမှုဖြင့် ခံစားခွင့်ရရှိပြီးဖြစ်ပါသည်။ တချို့နေရာများတွင် ပြောင်းရွှေ့စရိတ်အားအပေါ် ညှိနှိုင်းမှုအကြိမ်ကြိမ် ပြုလုပ်ကြကာ မြေရှင်မှ မိမိခံစားခွင့်အတွက် လိုအပ်များသည်ကို အပြီးအပိုင် တောင်းဆိုနိုင်ပြီး ကန်ထရိုက်မှလဲ လိုက်နာနိုင်သည့်အခါမှ အဆောက်အအုံ ဆောက်လုပ်ကြခြင်းပင်ဖြစ်ပါသည်။
မြေရှင်အနေဖြင့် မြေအားအမည်ပေါက်ပိုင်ဆိုင်သော်လည်း တိုက်ခန်းများဖြင့် ပူးတွဲနေရန် လက်ခံခွင့်ပြု ပြီးဖြစ်သောကြောင့် အပျောက်စနစ်ဖြင့် ဝယ်ယူနေထိုင်သောသူများနှင့် ၎င်း၏အမွေဆက်ခံခွင့်အရ ဆက်ခံသူများ၊ တဆင့်လွှဲပြောင်းရောင်းချသဖြင့် နေထိုင်သူများ၊ ငှားရမ်းသူများ အသီးသီးအား ၎င်းတို့နှင့်သက်ဆိုင်သည် အခွင့်အ ရေးများ ခွင့်ပြုပေးရမည်ဖြစ်ပါသည်။ မြေရှင်မှာ အဆောက်အအုံအား အကျိုးတူဆောက်လုပ်စဉ်ကပင် အဆိုပါ အချက်အလက်များ ခွင့်ပြုပြီးဖြစ်ပါသည်။
ပဋိဉာဉ်ဥပဒေအရ ကတိပြုသူများ သေဆုံးသည့်အခါတွင်လဲ အမွေဆက်ခံသူများက ဆက်လက်၍ လိုက်နာဆောင်ရွက်ပြီး ပဋိဉာဉ်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်အား ပဋိဉာဉ်ကို ဖျက်သိမ်းခွင့်၊ ပဋိဉာဉ် အတိုင်း ဆောင်ရွက်ပေးစေလိုမှုဖြင့် တရားစွဲဆိုခြင်းလဲပြုနိုင်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၅၃(က)အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို (သို့) တစ် စိတ်တစ်ဒေသကို လွှဲပြောင်းခြင်းခံရသူ၏ လက်ဝယ်သို့ပစ္စည်းမှာ ရောက်ရှိပြီးဖြစ်ပါက မှတ်ပုံတင်ရန် လိုအပ်သော ကြောင့်၊ တည်ဆဲဥပဒေအရ ဆောင်ရွက်မှုမပြီးစီးသေးဆိုသောကြောင့် ပစ္စည်းလွှဲပြောင်းထားသူအပေါ် အတင်းအ ကြပ် အရေးယူပိုင်ခွင့်မရှိစေရ။ ရောင်းချခြင်းဆိုသည်မှာ ပဋိဉာဉ်ဥပဒေအရ တန်ဖိုးငွေကိုပေးခြင်း၊ ပေးမည်ဟု ကတိပြုကာ တချို့တဝက်ကို ပေးခြင်းကြောင့် ပစ္စည်းပိုင်ဆိုင်ခွင့်အလုံးစုံအား လွှဲပြောင်းပေးအပ်ခြင်းပင် ဖြစ်ပါသည်။
သက်တမ်းကုန်ဆုံး၍ အကြောင်းတစ်စုံတစ်ရာကြောင့် အဆောက်အအုံအား ပြန်လည်ဆောက်လုပ်ရ သည့်အခါတွင်လဲ မြေရှင်မှ တိုက်ခန်းအတူနေများနှင့် ညိနှိုင်းပြီး အဆောက်အအုံ ပြန်လည်တည်ဆောက်ကာ ပူး တွဲနေထိုင်မှု ဆက်လက်ပြုရပါမည်။ မူလမြေရှင်အသိအမှတ်လက်မှတ်ရေးထိုးထားသည့်အတိုင်း တိုက်ခန်းအတူ နေသူများ မိမိဂရန်မြေပေါ်တွင် ဆက်လက်နေထိုင်နိုင်ရန် သဘောတူသွားရမည်ဖြစ်ပါသည်။ အားနည်းချက်အနေ နဲ့ကတော့ တိုက်ခန်းဥပဒေထွက်ရှိထားခြင်းမရှိသော်လည်းမိမိပိုင်မြေပေါ်တွင် မြေရှင်မှအစဉ်အဆက် တိုက်ခန်း ဝယ်ယူသူများနှင့် ပူးတွဲနေထိုင်မှုပြုသွားရတော့မည်ဖြစ်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။