ပဋိညာဉ်ဥပဒေပုဒ်မ-၅၂အရ ရောင်းသူဝယ်သူ အပြန်အလှန်ကတိများအတိုင်း ဆောင်ရွက်ရန် အစီအစဉ်ကို ပဋိညာဉ်အရ အတိအလင်းသတ်မှတ်ထားလျှင် အဆိုပါအစီအစဉ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပဋိဉာဉ်တစ်ရပ်အား နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ချုပ်ဆိုပြီးဖြစ်လျှင် အဆိုပါ စာချုပ်စာတမ်းကိုသာ သက်သေခံတင်ပြနိုင်ပါသည်။ အရစ်ကျစနစ်ဖြင့် အရောင်းအဝယ်စာချုပ်များတွင် နှစ်ရှည်အပြန်အလှန် လိုက်နာရမည့် စည်းကမ်းချက်များအား တိကျရှင်းလင်းစွာ ရေးသားဖော်ပြ ပါရှိရမည်။
ပဋိဉာဉ်အက်ဥပဒေ-၂၃အရ သဘောတူညီချက်တစ်ရပ်သည် ဥပဒေဖြင့် တားမြစ်ထားသည့် အချက်၊ ဥပဒေပါပြဌာန်းချက်အား ပျက်ပြယ်စေသောအချက်၊ လိမ်လည်လှည့်ဖြားရာ ရောက်သော အချက်၊ သူတပါးပစ္စည်းအား ထိခိုက်နစ်နာစေသောအချက်၊ ကျင့်ဝတ်ပျက်ပြားစေသောအချက် မရှိလျှင် တရားဥပဒေနှင့် ညီညွှတ်သောပဋိဉာဉ်ဖြစ်ကြောင်း (ဒေါ်စပ်ချစ်ဦးပါ- ၉နှင့် ဦးစိုင်းရီ အမှု၊ ၂၀၀၂ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၂၆၀)တွင် ထုံးဖွဲ့ထားပါသည်။
အရောင်းအဝယ်စာချုပ်မချုပ်ခင် ရောင်းသူ၏ ကမ်းလှမ်းပြောဆိုချက်နှင့် ရောင်းသူ၏ ဆောင် ရွက်ရန်ရှိသည် လုပ်ငန်းတာဝန်အသေးစိတ်အား အရစ်ကျအရောင်းအဝယ် စာချုပ်တွင် ဖော်ပြရမည်။ ရောင်းသူမှ ဝယ်ယူသူထံ အိမ်ခြံမြေအား လွှဲပြောင်းအပ်နှံမည့် အချိန်ကာလသတ်မှတ်ချက်နှင့် ဝယ်ယူသူ ၏ အရစ်ကျပေးသွင်းမှု စည်းကမ်းချက်များအားလဲ ငွေပေးချေမှုပုံစံဖြင့် စနစ်တကျဖော်ပြရမည်။
ထို့ပြင် စာချုပ်ပါစည်းကမ်းချက်နှင့် တာဝန်များအား ရောင်းသူ၊ ဝယ်သူ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်၊ နစ်နာသူ၏ သက်သာခွင့်အရပ်ရပ်နှင့် အကျိုးခံစားခွင့်ရှိသူ တို့အား သိရှိရန် မေးမြန်းသူမှ စာချုပ်အား ပြန်လည်ဖတ်ရှုရန်လိုပါသည်။ အရစ်ကျ အရောင်းအဝယ် စာချုပ်တွင် BTH ငွေပေါက်ဈေးအတိုင်း ဝယ်ယူသူမှ အရစ်ကျငွေအား လစဉ်ပေးချေရန် ကတိပြုထား ပါက ဝယ်ယူသူမှ စာချုပ်အား ငြင်းဆိုနိုင်ခြင်းမရှိသလို စာချုပ်၌ BTH ငွေပေါက်ဈေး အတိုင်း ဝယ်ယူ သူမှ ရောင်းချသူထံ ငွေပေးအပ်ရန် မပါပါကရောင်းချစဉ် မူလက BTH ဈေးတွက်ချက်မှု နှုန်းထားအ တိုင်းသာ မပျက်မကွက် ငွေပေးသွင်းရန် လိုအပ်ကြောင်း ဖြေဆိုပေးလိုက်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။