မြန်မာ ဘာသာစကားမှာ "ခိုး" ဆိုတဲ့စကားလုံး ဟာ တော်တော် အသုံးတွင်ကျယ်ပါတယ်။ ဒီစကားလုံးကို မကောင်းတဲ့ အမြင်နဲ့အသုံးပြုတာ အပြင် ကောင်းတဲ့ အမြင်နဲ့အ သုံးပြုတဲ့ အခိုင်းအနှိုင်းတွေကလည်း အများကြီးပါ။ ဥပမာ - မိန်းမခိုးတယ်၊ အတုခိုးတယ် ဆိုတာမျိုးတွေပေါ့။ ပြီးတော့ အရေးကိစ္စ တစ်ခုခုရဲ့ပမာဏကို လျှော့ချင်တဲ့အခါ များမှာလည်း ဒီစကားလုံးကိုပဲ သုံးပါသေးတယ်။ အင်္ကျီချုပ်သူတွေ ပြောလေ့ရှိတဲ့ "ဒီ ခါးနားမှာ နည်းနည်း ခိုးချုပ်ထားတယ်" တို့၊ ပန်းရန်ဆရာတွေ ပြောလေ့ရှိတဲ့ "ဒီနေရာလေးမှာ အုတ်ကို နည်းနည်းခိုးစီထားတယ်" တို့ဟာ ထင်ရှားတဲ့သာဓကပါ။ အဲဒီလိုပဲ လူနေအိမ်တစ်ခုမှာ စံချိန်စံနှုန်းပြည့်မဟုတ်ဘဲ အထပ်ကလေးတစ်ခု တိုးချဲ့ဆောက်လုပ် ထားတာမျိုးကို အထပ်ခိုးလို့ နာမည်ပေးထားတာ မြန်မာလူမျိုးတိုင်းသိတဲ့ ဝေါဟာရတစ်ခု ဖြစ်နေပါပြီ။ ရန်ကုန်မြို့လယ်က အဆောက်အအုံ တော်တော်များများရဲ့ မြေညီထပ်အခန်းတွေဆိုရင် ထပ်ခိုးတွေကို ပါဝင်ထည့်သွင်း တည်ဆောက်လာတာ တွေအများအပြားတွေ့မြင်ရမှာဖြစ်
ပါတယ်။
ရှေးမြန်မာအိမ်တွေရဲ့ ဖွဲ့စည်းပုံမှာက အထပ်ခိုးအတွက် အခန်းကဏ္ဍမရှိပါဘူး။ ထပ်တိုးရမယ့် နေထိုင်မှုမျိုးမှ မဟုတ်တာ။ မိသားစုတွေက သက်ဆိုင်ရာတော်စပ်မှုအရ အတွင်းခန်း၊ အပြင်ခန်း အစရှိသဖြင့် နေကြ၊ အိပ်ကြတာပဲ။ ဧည့်သည်စောင်သည် လာတယ်ဆိုရင် ဘုရားခန်းမှာ အိပ်ရာပြင်ပေးလိုက်တယ်။ တချို့ ကြေးရတတ် အသိုင်းအ၀ိုင်းကတော့ ဧည့်သည်လာရင် လွတ်လွပ်လပ်လပ် ခြေဆန့်လက်ဆန့်နေနိုင်အောင် ညအိပ်ညနေဧည့်သည်အတွက် အခန်းတစ်ခန်းဖွဲ့ပေး ထားလေ့ရှိတယ်။ မြန်မာအိမ်တွေမှာ ဖွဲ့စည်းပုံအရ ပင်မအခန်းတွေနဲ့မတူဘဲ ထပ်တိုးတည်ဆောက်ထားတဲ့ အမျိုးအစားတစ်ခုက ကြပ်ခိုးစင်ပဲဖြစ်ပါတယ်။ မီးဖိုအပေါ်တည့်တည့်မှာထိုးထားတဲ့စင်ကို ပြောတာပါ။ အဲဒီအပေါ်မှာ လူတက်နေလို့တော့ မရပါဘူး။
ရန်ကုန်လိုနေရာမျိုးမှာ အထပ်ခိုးတွေတွင်ကျယ်လာတာ ကိုလိုနီခေတ် တိုက်ခန်းပုံစံတွေလက်ထက်ရောက်မှလို့ ခန့်မှန်းမိပါတယ်။ မြန်မာတွေအနေနဲ့ ခြံကွက်ကျယ်ကယ်မှာ ကိုယ့်မိသားစုဝင်အရေအတွက်နဲ့ချိန်ပြီး ဧရိယာများ များဆောက် ထားတဲ့ လုံးချင်းသစ်သားအိမ်တွေ မှာ နေလာခဲ့ရာက မြို့ထဲတိုက်ခန်းမှာ လာနေရတဲ့အခါ မလူးသာမလွန့်သာ အနေကျဉ်းကျပ်ကြပါတယ်။ ပေ ၂၀×၄၀ သုံးပင်နှစ်ခန်း သစ်သားအိမ်မှာနေတဲ့ မိသားစုပဲထား၊ ၈၀၀ စတုရန်းပေ ရှိတဲ့အိမ်က အိပ်ခန်းနဲ့ ဘုရားခန်း ဒါလောက်ပဲ။ ဧည့်သည်လာရင် ဧည့်ခံစကားပြောဖို့ အိမ်ပြင်မှာ ကပြင်ထိုးထားတယ်။ မိသားစု အပန်းဖြေ စကားပြောရင်း လက်ဖက်ရည်ကြမ်းဝိုင်းလည်း ဖွဲ့လို့ ရ၊ ဧည့်သည်လာရင် ဧည့်ခံလို့လည်း ရတဲ့ ဧည့်ခန်းက အိမ်မကြီးဧရိယာထဲ မပါဘူး။ အဲဒီလိုပဲ ချက်ရေးပြုတ်ရေးအတွက် အသားငါး ခုတ်ထစ်ဆေးကြောဖို့ နောက်ဖေးမှာ ရေကပြင်ထုတ်ထားတယ်။ ရေကပြင်နဲ့ကပ်လျက် သံစည်၊ ကျောက်စည်၊ စဥ့်အိုးတွေ ရေဖြည့်ချထားပြီး ရေချိုး၊ အ၀တ်လျှော်ဖို့ နေရာ သီခြား။ အိမ်သာက နောက်ဖေးဘက် ခြံထောင့် အိမ်နဲ့မနီးမဝေးမှာ။
ပေ ၈၀၀ စတုရန်းပေဆိုတာမှာ အခုပြောခဲ့တဲ့ အခန်းတွေ မပါဘူး ဆိုတော့ နေရထိုင်ရ ဘယ်လောက်ကျယ်ဝန်း လိုက်မလဲ။ ထမင်းစားခန်းရယ်လို့လည်း သီးခြားမထား၊ လူကြီးသူမတွေ ပါတဲ့ မိသားစုထမင်းဝိုင်း၊ ဧည့်သည်စောင် သည်တည်ခင်းတဲ့ အထူးထမင်းဝိုင်းဆို အိမ်ရှေ့ခန်း ဘုရားစင်ရှေ့မှာ ထမင်းစားစားပွဲဝိုင်း ချခင်းပြီး တည်ခင်းလိုက်၊ လူငယ်တွေ ကိုယ့်ဘာသာကိုယ် စားဖို့ကျတော့ မီးဖိုခန်းထဲမှာတင် ပန်းကန်ထဲ ဟင်းနဲ့ထမင်း ပုံထည့်ပြီး ကြိတ်လိုက်ကြ။ ဒါက ရှေးအစဉ် အဆက်ကတည်းက တည်တံ့ခိုင်မြဲခဲ့တဲ့ မြန်မာတို့ရဲ့ Living lifestyle။ အိမ်ရှေ့ခန်း ၁၀ ပေလောက်မှာ ဘုရားစင်၊ နတ်စင် ထား၊ ကျန်တဲ့ ပေ ၃၀ ကို ရင်ကွဲလျှောက်လမ်း ချန်၊ ခေါင်းရင်းဘက် ၈ ပေ× ပေ ၃၀ မှာ ယောက်ျား သားတွေ အိပ်၊ ဒါမှမဟုတ်လည်း လူကြီးမိဘတွေ အိပ်၊ ခြေရင်းက နောက်ဖောဘက်မှာ မီးဖိုခန်း ၁၀ ပေလောက် ထား၊ ကျန်တဲ့ ၈ ပေ× ပေ၂၀ မှာ မိန်းမနဲ့ ကလေးတွေ အိပ်ပါလေ့။
ဒါပေမဲ့ တိုက်ခန်းမှာကျတော့ အဲဒီလိုမရတော့ဘူး။ မြို့ထဲတိုက်ခန်းတွေထဲမှာ အကျယ်ဆုံးလို့ပြောရမယ့် ၂၅ ပေ× ပေ ၆၀ အခန်းမျိုးဆိုရင်တော့ ဟုတ်သားပေါ့။ အကျယ်အ၀န်းက ၉၀၀ စတုရန်းပေကြီးများတောင်ကိုး။ အဲဒီလိုအခန်းမျိုးမဟုတ်ဘဲ သာမန်လမ်းကျဉ်းထဲက အလယ်အလတ်အဆင့် ၁၅ ပေ× ပေ ၅၀ အခန်းမျိုးဆိုရင်တောင် အနေတော်တော်ကျဉ်းကြုတ်သွားပြီ။ စုစုပေါင်းဧရိယာအနေနဲ့ ၇၅၀ စတုရန်းပေ ဆိုတာ အရင်နေခဲ့တဲ့ ၈၀၀ စတုရန်းပေနဲ့ မနီးယိုးစွဲလောက်ပဲလို့ ထင်စရာဖြစ်ပေမဲ့ အဲဒီ ၈၀၀ စတုရန်းပေထဲမှာ မပါတဲ့ ရေချိုးခန်း၊ အိမ်သာခန်းတွေကို မီးဖိုခန်းနဲ့တွဲပြီး နေရာပေးလိုက်ရပြီ။ အပေါ်ထပ်တွေဆို ၀ရန်တာအတွက် လေးပေလောက် ထပ်ပေးလိုက်ရပြီ။
အကျယ်က ၁၅ ပေပဲ ရှိတာမို့ ရင်ကွဲလျှောက်လမ်းနဲ့ အခန်းတွေ တစ်ဖက်တစ်ချက်ဖွဲ့လို့မရတော့ဘူး။ အခန်းကို တစ်ဖက်လိုက်ပဲဖွဲ့လို့ ရတော့မယ်။ ၀ရန်တာ လေးပေ၊ အိမ်ရှေ့ခန်း ၁၂ ပေ၊ နောက်ဖေးခန်း ၁၂ ပေ စုစုပေါင်း ၂၈ ပေ ဖယ်လိုက်ရင် အရှည်က ၂၂ ပေပဲ ကျန်တော့မှာ။ အလယ်အိပ်ခန်းဧရိယာ ၁၁ ပေ× ၂၂ ပေ ဆိုတဲ့ အတိုင်းအတာလေးက လူဦးရေ အသင့်အတင့်ပဲရှိတဲ့ မိသားစုအတွက်တောင် မလှုပ်သာမလှည့်သာ။ ဒါက မြို့ထဲတိုက်ခန်းတွေထဲက အလယ်အလတ် အဆင့်ကိုပြောတာပဲ ရှိသေးတယ်။ သူ့ထက်ကျဉ်းတဲ့ ၁၂ ပေခွဲ× ပေ ၅၀၊ ၁၅ ပေ× ပေ ၄၀၊ ၁၂ ပေခွဲ× ပေ ၄၀ အခန်းတွေဆို ဘယ်လိုရှိမလဲ စဉ်းစားသာကြည့်တော့။ မြန်မာအိမ်တွေမှာ ပေ ၂၀× ပေ ၄၀ ဆိုတာ ပါးပါးလေးရှိသေးတယ်၊ ပြီးတော့ အိမ်မကြီးထဲမထည့်ဘဲ အပြင်ထုတ်ထားတဲ့အခန်းတွေက ရှိသေးတယ်။ ဒီတော့ အဲဒီလို ကျယ်ကျယ်ဝန်းဝန်းနေရာမှာနေလာခဲ့တဲ့ မိသားစုတွေ တိုက်ခန်းထဲရောက်လာတော့ မလှုပ်သာမလှည့်သာ။ အဲဒီမှာ နေရာချဲ့ထွင်တဲ့အနေနဲ့ အထပ်ခိုးယဉ်ကျေးမှု စတင်အမြစ်တွယ်လာတော့တာပါပဲ။
တိုက်ခန်းတွေက ကိုလိုနီခေတ်မှာ စဆောက်ခဲ့တာဆိုတော့ အင်္ဂလန်တို့၊ အိန္ဒိယတို့က တိုက်ခန်းတွေပုံစံအတိုင်း မျက်နှာကြက်မြင့်မြင့်တွေ ဖြစ်တယ်။ အနည်းဆုံး ၁၄ ပေကနေ ၁၆ ပေလောက်အထိ မြင့်ကြတယ်။ ဒီတော့ နေစရာချဲ့ထွင်မယ့်သူတွေအတွက် မျက်နှာကြက်နဲ့ ကြမ်းခင်းကြား အဆင့်တစ်ခု ထပ်တင်လိုက်ဖို့ စဉ်းစားရင်း အထပ်ခိုးတွေဖြစ်လာကြတာပဲ။ ကြမ်းပြင်ကနေ ရှစ်ပေလောက်အမြင့်မှာ အထပ်တစ်ခု တိုးလိုက်ခြင်းအားဖြင့် အပေါ်မှာ ခြောက်ပေအမြင့်ရှိတဲ့ အထပ်ကလေးတစ်ခု တိုးလာမယ်ပေါ့။ အဲဒီရည်ရွယ်ချက်နဲ့ နဂိုအကျယ်အ၀န်း၊ နဂိုအမြင့်ထဲမှာ ခိုးပြီးဆောက်ထားတဲ့ အထပ်ကလေးတွေ အခန်းတိုင်းလိုလိုမှာ ပေါ်လာတယ်။ ၁၂ ပေ အမြင့်လောက်ပဲ ဆောက်ထားတဲ့ အပေါ်ထပ်အခန်းတွေကတော့ မြေညီထပ်အခန်းတွေလောက် ဣနြေ္ဒမရကြဘူး။ သူတို့က အောက် ခုနစ်ပေ အပေါ် ငါးပေ၊ ဒါမှမဟုတ် အောက် ခြောက်ပေခွဲ၊ အပေါ် ငါးပေခွဲ လောက်ပဲ ရတော့ နည်းနည်း ကတ်သီးကတ်သတ်နိုင်တယ်။ အထပ်ခိုးပေါ်ရောက်ရင် အရာရာကို ဂါရ၀ပြုနေရတယ်။ ခါးကိုင်းထားရလွန်းလို့။ အဲဒီလို ခါးကိုင်းထားတဲ့ကြားထဲက ရက်မနဲ့ခေါင်း ခဏခဏဖူးစာဆုံကြတာလည်း ရှိတယ်။
၁၉၇၀ ပြည့်လွန်လောက်အထိ ဆောက်ကြတဲ့ အထပ်ခိုးတွေက အိမ်ခန်းတစ်ဝက်လောက်ပဲ များသောအားဖြင့်ဆောက်ကြတာပါ။ နောက်ဖေးနံရံကနေပြီး အလယ်ခန်းလောက်၊ လွန်ရောကျွံရော ရှေ့ခန်းအစပ် အခန်းရဲ့သုံးပုံနှစ်ပုံလောက်အထိပေါ့။ နောက်တော့လည်း နေရာလွတ်ကိုအလဟသထားမယ့်အစား အထပ်ပြည့်ခင်းလိုက်တာ မထူးပါဘူး ဆိုတဲ့ အမြင်မျိုး ရှိလာကြလို့လားတော့မသိ၊ အခန်းတိုင်းမှာ အထပ်ခိုးတွေ ပေါ်ပေါ်ထင်ထင် အပြည့်ကြီးဖြစ်လာတာ တွေ့ရတယ်။ အိမ်ခန်းအရောင်းကြော်ငြာတွေမှာတောင် "အထပ်ခိုး တစ်ဝက်"၊ "အထပ်ခိုးအပြည့်" စသဖြင့် ပါဝင်မှုအရည်အသွေးတစ်ရပ်အနေနဲ့ ထည့်သွင်းကြော်ငြာလာကြတယ်။
တချို့ကတော့ အကြံကြီးတယ်။ အထပ်ခိုးဆောက်တာ ကိုယ့်မိသားစုနေဖို့် မဟုတ်ဘဲ ငှါးစားဖို့ဆောက်တာ။ အထပ်ခိုးလှေကားကို အကာလေးနဲ့ တံခါးလေးလုပ်ပြီး အပေါ်မှာ လူနေဖို့ ငှါးစားတာ။ နေရုံသက်သက်ပဲ၊ ရေချိုးခန်း၊ အိမ်သာ အောက်ထပ်က အိမ်ရှင်တွေနဲ့ တူတူသုံး။ တချို့ကျတော့ လူနေလက်မခံဘူး၊ ပစ္စည်းထားဖို့သက်သက်ပဲ ငှါးစားတာလည်း ရှိတယ်။
အထပ်ခိုးဆောက်လို့ရလောက်တဲ့တိုက်ခန်းမျိုးတွေက ခုဆို တော်တော်ရှားသွားပါပြီ။ ကိုလိုနီခေတ် လက်ကျန်တိုက်ခန်းတွေလို မျက်နှာကြက်မြင့်မြင့်မှ မဆောက်နိုင်ကြတာကလား။နောက်ပိုင်းဆောက်တဲ့ ခေတ်ပေါ် တိုက်ခန်းတွေဆိုတာက အပေါ်ထပ်တွေဆို အမြင့် လွန်ရောကျွံရောမှ ရှစ်ပေ၊ ကိုးပေ။ ဘယ်နေရာသွား အထပ်ခိုးထည့်လို့ ရတော့မတုံး။ မြေညီထပ်တွေကတော့ ၁၂ ပေ အမြင့် မရှိမနေရဆိုတဲ့ ညွှန်ကြားချက်ကြောင့် အထပ်ခိုးလေးနဲ့ဘာနဲ့ ဟန်ရပန်ရ။ မြေညီ ထပ်တွေဈေးကောင်း ရတဲ့အထဲမှာ ထပ်တိုးအကျယ် အ၀န်းဧရိယာ အပိုဆောင်းပါလာခြင်းကလည်း အချက်တစ်ချက်ဖြစ်မယ်ထင်တယ်။ မြေညီထပ်တွေအထပ်ခိုးထည့်တယ်ဆိုတာလည်း အခန်းအကျယ်ရဲ့သုံးပုံတစ်ပုံပဲ ထည့်ခွင့်ပေးတာပါ။ အပြည့်ဆောက်ချင်တယ်ဆိုရင် သီးခြားခွင့်ပြုချက် တောင်းရသေးတယ်။ ဘာပဲပြောပြော အိုမင်းယိုယွင်းမှုနည်းအောင် အထိန်းအသိမ်းကောင်းတဲ့ ကိုလိုနီခေတ်လက်ကျန်တိုက်ခန်းတွေကတော့ အထပ်ခိုးပါခြင်းဆိုတဲ့အားသာချက်ကြောင့် ဈေးကွက်မှာ မျက်နှာပန်းလှနေဦးမှာတော့ အသေအချာပါပဲ။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com