ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ထိုင်းနိုင်ငံ ဖူးခက်မှ Wichit ဒေသတွင် ယူကရိန်းနိုင်ငံသူ မစ္စ အန်နက်စတေးရှား (Ms. Anastasia) အမည်ရှိ အမျိုးသမီးသည် စပေါ်ငွေကိစ္စနှင့် ပတ်သက်ပြီး အိမ်ရှင်ကို မကျေမနပ်ဖြစ်ကာ ၎င်းငှားရမ်းနေထိုင်သော ကွန်ဒိုခန်းအား ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ဘတ် ၃၅၀,၀၀၀ (ကန်ဒေါ်လာ ၁၀၄၉၀) ဖိုးခန့် ပျက်ဆီးသွားခဲ့သဖြင့် ထိုင်းအာဏာပိုင်တို့က လိုက်လံရှာဖွေလျက်ရှိသည်။
ကွန်ဒိုခန်း၏ ပိုင်ရှင်ဖြစ်သူ ပရဖာဖန်း မီးဆွန်ဘွန်း (Praphaphan Meesoomboon) က ပျက်ဆီးမှုများ ဖြစ်နေသော ကွန်ဒိုခန်း၏ ဓာတ်ပုံများကို လူမှုကွန်ရက်တွင် မျှဝေခဲ့ရာ ထိုင်းလူမှုကွန်ရက် သုံးစွဲသူများအကြား ပျံ့နှံ့ခဲ့သည်။
Wichit ခရိုင်ခွဲ ရဲတပ်ဖွဲ့ ရဲမှူး ဝပ်ချရာကွန် ဆူဝမ် (Watcharakorn Suwan) က ပြောသည်မှာ ကွန်ဒို၏ မန်နေဂျာဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဝါရင်ရတ် (Warinrat) က ယူကရိန်းနိုင်ငံသူအား ကွန်ဒိုခန်း ဖျက်ဆီးမှုဖြင့် တရားစွဲထားကြောင်း ပြောသည်။
အွန်လိုင်းတွင် ဂယက်ထနေသော ဓာတ်ပုံများအရ ကွန်ဒိုခန်းရှိ နို့နှစ်ရောင် နံရံများ၊ မျက်နှာကြက်များတွင် အပြာရောင်နှင့် အဖြူရောင် graffiti ပုံများ အနှံ့အပြား ဆွဲသွားသည်ကို တွေ့ရသည်။
ရေးဆွဲသွားသည့် ပုံများတွင် အမျိုးသားလိင်အင်္ဂါပုံများနှင့် SWINDLE (ကလိမ်ကကျစ်) ဟူသော စာလုံးများ ပါဝင်သည်။
SWINDLE ဟူသော စာလုံးကို အိပ်ယာ၏ အထက်ဆီတွင် ရေးသွားခြင်း ဖြစ်သည်။
အိပ်ယာ၊ ခေါင်းအုံးများ၊ စောင်များအားလုံးမှာ စုတ်ပြဲနေပြီး တစ်အိမ်လုံးမှ ပစ္စည်းများ ကျိုးပဲ့ပျက်ဆီးကာ ကျန်ရစ်ခဲ့သည်။
ကွန်ဒို၏ မန်နေဂျာဖြစ်သူ မစ္စ ဝါရင်ရတ်က ပြောသည်မှာ ယူကရိန်းနိုင်ငံသူသည် ယခုအခန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် ၁ နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် စာချုပ်သက်တမ်းပြည့်ခဲ့ကြောင်း၊ သက်တမ်းပြည့်ချိန်တွင် အိမ်မှ ထွက်ခွာပေးရန် ငြင်းဆိုနေကြောင်း၊ သို့သော် ဧပြီလ ၂၉ ရက်တွင် ထွက်ခွာပေးမည်ဟု ပြောခဲ့ကြောင်း၊ သော့ကို ထိုနေ့ ညနေ ၄ နာရီတွင် ပြန်လာပေးမည်ဟု ပြောကြောင်း ပြောပြသည်။
ထို့နောက် ထိုနေ့ နေ့လယ် ၃ နာရီအချိန်တွင် ယူကရိန်းသူက မိမိ အိမ်ပြောင်းသွားပြီဖြစ်ကြောင်း၊ သော့ကို အမှိုက်ပုံးထဲတွင် ထည့်ခဲ့ကြောင်း မက်ဆေ့ပို့ခဲ့သည်ဟု ဆိုသည်။ မစ္စ ဝါရင်ရတ်က မိတ်ဆွေများ၊ လုံခြုံရေးနှင့် သော့ပြင်ဆရာတို့ခေါ်ယူကာ ကွန်ဒိုခန်းသို့ ဝင်ရောက်ခဲ့သည်။
အိမ်ထဲတွင် အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများအားလုံး ကြီးမားစွာ ပျက်ဆီးနေသည်ကို တွေ့ခဲ့သည်။
အပျက်အစီးများကို အစားထိုးရန်နှင့် သန့်ရှင်းရေးလုပ်ရန် ဘတ်ငွေ ၃၅၀၀၀၀ ခန့် ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။
အိမ်ရှင်ဖြစ်သူ ပရဖာဖန်းက သူ၏ Facebook စာမျက်နှာတွင် ကွန်ဒိုခန်းဖျက်ဆီးခံခဲ့ရပုံဓာတ်ပုံများတင်ခဲ့ရာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူအချို့က ယူကရိန်းသူ ရေးသားသွားသော ၃၂၀၀၀ ဟူသော ကိန်းဂဏန်းနှင့် ပတ်သက်ပြီး အိမ်ရှင်က စပေါ်ကို ပြန်မပေးဘဲ ထားခြင်းဟုတ်၊ မဟုတ် မေးခွန်းထုတ်ခဲ့ကြသည်။
အိမ်ရှင်က ကွန်မန့်တွင် ပြန်လည်ဖြေရှင်းသည်မှာ မိမိအနေဖြင့် အိမ်စပေါ် ပြန်မပေးနိုင်ဟု မပြောခဲ့ကြောင်း၊ သို့သော် စာချုပ်အရ မပြောင်းမီ တစ်လအလိုတွင် ကြိုတင်အသိပေးရမည်ဟူသော အချက်ပါဝင်ကြောင်း၊ ယခုအခါ အိမ်ငှားက အသိမပေးဘဲ ပြောင်းသွားခြင်းဖြစ်သောကြောင့် စပေါ်ကို ပြန်မပေးဘဲ ထားနိုင်ကြောင်း ပြောသည်။
ထို့အပြင် အိမ်ငှားဖြစ်သူသည် အိမ်ငှားခ၊ ရေဖိုး၊ မီးဖိုးများလည်း အကြွေးရှိနေသောကြောင့် ထိုငွေများကို စပေါ်ငွေမှ နှုတ်ယူရမည်ဖြစ်ကြောင်းလည်း အိမ်ရှင်က ပြောသည်။
ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံအတွင်း ယူကရိန်းနိုင်ငံသူ ရှိနေဆဲ ရှိ၊ မရှိ စုံစမ်းနေသည်။
အိမ်ငှားက ယခုကဲ့သို့ ဖျက်ဆီးမှုများ ပြုလုပ်ချင်အောင် မည်သည့်အကြောင်းရင်း ရှိနေသည်ကိုမူ ကွန်ဒို၏ မန်နေဂျာက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။
ယူကရိန်းနိုင်ငံသူမှာ ယခုဖြစ်ရပ်တွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိုင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရနိုင်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Ukrainian woman vanishes after trashing Phuket condo All photo credit to Praphaphan Meesoomboon