ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မျိုးရိုးကြောင့်ဖြစ်ပွားသည့် အချို့သော ကင်ဆာအမျိုးအစားများဖြစ်နိုင်ချေကို ငှက်ပျောစိမ်း၏ ကစီဓာတ်က လျှော့ချပေးနိုင်ကြောင်း နှစ်ပေါင်း ၂၀ ခန့် လေ့လာခဲ့သည့် သုတေသနတစ်ရပ်အရ သိရှိလာသည်။
အနည်းငယ်စိမ်းနေသေးသည့် ငှက်ပျောသီးများ စားလေ့ရှိသူဆိုပါက သင်မျှော်လင့်မထားသည့် ကောင်းကျိုးများ ရှိနေသည်။
မမှည့်သေးသော ငှက်ပျောသီးတို့၏ ကစီဓာတ်မှာ အချို့ကင်ဆာရောဂါများကို ၆၀ ရာခိုင်နှုန်းကျော် ဟန့်တားနိုင်ကြောင်း ထိုလေ့လာချက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ငှက်ပျောသီးစိမ်းအပြင် ထိုကစီဓာတ်မျိုးကို အုတ်ဂျုံ၊ နှံစားပင်များ၊ pasta ၊ ဆန်နှင့် ပဲတို့တွင်လည်း တွေ့ရသည်။
အဆိုပါလေ့လာချက်ကို အင်္ဂလန်နိုင်ငံ နယူးကာဆယ်နှင့် လိဒ်တက္ကသိုလ်တို့မှ ပညာရှင်များက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ နှစ်ပေါင်း ၂၀ လေ့လာတွေ့ရှိချက်ကို Cancer Prevention Research ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
ထိုကစီဓာတ်တို့သည် အူလမ်းကြောင်း၏ အထက်ပိုင်းတွင် ကင်ဆာဖြစ်ပွားမှုကို လျှော့ချနိုင်သည်ဟု ဆိုသည်။
ထိုနေရာများတွင် ဖြစ်ပွားခြင်းမှာ ခြေရာခံရန်နှင့် ရောဂါစစ်ဆေးရန် ခက်ခဲကြောင်း ဆေးပညာရှင်တို့က ပြောသည်။
လေ့လာသည့်ကာလအတွင်း ပါဝင်စမ်းသပ်ခံမည့်သူတို့ကို အဆိုုပါကစီဓာတ် တိုက်ကျွေးခြင်းပြုလုပ်ပြီး ခုခံအား ကစီဓာတ်ဟု ခေါ်ကြသည်။
ဆေးပညာရှင်တို့ တိုက်ကျွေးစမ်းသပ်ခဲ့သော ခုခံအား ကစီဓာတ်မှာ လူတို့စားသုံးနေသော ငှက်ပျောသီးများအနက် အပြည့်အဝ မမှည့်သေးဘဲ အတော်လေးစိမ်းနေသေးသော ငှက်ပျောသီးကို စားသုံးခြင်းနှင့် တူညီသည်။
Lynch syndrome ဟုခေါ်သော မျိုးရိုးလိုက် မျိုးဗီဇချွတ်ယွင်းသည့် ရောဂါရှိသူ ၁၀၀၀ ဦးကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါရောဂါသည် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ မြင့်မားစေသော ရောဂါတစ်မျိုးဖြစ်သည်။
အမျိုးသမီးများတွင်ဆိုလျှင် သားအိမ်ကင်ဆာကို ဖြစ်စေနိုင်ပြီး စောစီးစွာရှာမတွေ့ပါက ကုမရသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
ထိုရောဂါရှိသူများကို ၂ နှစ်ခန့် ခုခံအား ကစီဓာတ် တိုက်ကျွေးစမ်းသပ်ခဲ့သည်။
((လေ့လာတွေ့ရှိချက်))
လေ့လာတွေ့ရှိချက်အရ ကစီဓာတ်သည် အူအတွင်းရှိ ကင်ဆာများအပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း ခန္ဓာကိုယ်၏ အခြားနေရာများတွင် ကင်ဆာဖြစ်ပွားနိုင်ချေကို ထက်ဝက်ကျော် လျှော့ချနိုင်ကြောင်း တွေ့ရသည်။
အူအထက်ပိုင်းရှိ အစာပြွန်၊ သည်းခြေလမ်းကြောင်း၊ ပန်ကရိယနှင့် အူသိမ်ကင်ဆာများအတွက် အကျိုးရှိသည်ကို တွေ့ရသည်။
“ခုခံအား ကစီဓာတ်ဟာ ကင်ဆာဖြစ်နိုင်ချေကို ၆၀ ရာခိုင်နှုန်းကျော် လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။ အူအထက်ပိုင်းအတွက် ရလဒ် ပိုမိသိသာပါတယ်” ဟု နယူးကာဆယ်တက္ကသိုလ် အာဟာရဗေဒဆိုင်ရာ ပါမောက္ခဖြစ်သူ John Mathers က ပြောသည်။
ပဲ၊ အုတ်ဂျုံနှင့် အခြားအစားအစာတို့တွင်ရှိသော ခုခံအားကစီဓာတ်ကို အမှုန့်ဖြည့်စွက်စာအနေဖြင့် တိုက်ကျွေးနိုင်ကြောင်း John Mathers က ပြောသည်။
ခုခံအား ကစီဓာတ်သည် ကာဘိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပြီး အခြားကာဘိုဟိုက်ဒရိတ်တို့နှင့် မတူညီသည့်အချက်မှာ ဤကစီဓာတ်မှာ အူသိမ်ထဲတွင် အစာမချက်ချေ။
အူမကြီးထဲတွင်သာ အချဉ်ဖောက်ကာ ကျန်းမာရေးအတွက် အထောက်အကူပြုသည့် အူမကြီးထဲမှ ဘက်တီးရီးယားတို့အတွက် အာဟာရဖြစ်စေသည်။
ပါမောက္ခ Mathers က ပြောသည်မှာ ခုခံအား ကစီဓာတ်သည် အူတွင်းရှိ သည်းခြေအက်ဆစ်ပမာဏကို လျှော့ချပေးခြင်းအားဖြင့် ကင်ဆာဖွဲ့စည်းမှုကို လျှော့ချနိုင်သည်ဟု မိမိတို့အဖွဲ့ ယူဆကြောင်း ပြောသည်။
အူထဲမှ သည်းခြေအက်ဆစ်သည် DNA ကို ထိခိုက်စေပြီး နောက်ဆုံးတွင် ကင်ဆာဖြစ်စေသည်ဟု အများသိရှိထားပြီး ဖြစ်သည်။
သို့သော် ထိုအချက်ကို ပိုမိုခိုင်မာစေရန် ဆက်လက်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်သေးကြောင်းလည်း ၎င်းက ပြောသည်။
လိဒ်မြို့ရှိ ဆေးတက္ကသိုလ်မှ ပါမောက္ခ Tim Bishop က “တွေ့ရှိချက်က စိတ်လှုပ်ရှားစရာပါ။ ဒါပေမယ့် အူအပေါ်ပိုင်းမှာ အကာအကွယ်ပေးတဲ့ အခြေအနေကတော့ မျှော်လင့်မထားပါဘူး။ ဒါကြောင့် ဆက်လက်သုတေသနလုပ်ဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Starch in green bananas can slash risk of some cancers by over 60%, study finds