ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်ပြည်၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လန်းမြို့ရှိ Oregon Health & Science University မှ သိပ္ပံပညာရှင်တို့သည် လူသားတို့ မျိုးပွားမှုဖြစ်စဉ်၏ အနာဂတ်ကို ပြောင်းလဲပေးနိုင်မည့် တီထွင်မှုတစ်ခု ပြုလုပ်လာကြသည်။
အရေပြားဆဲလ်များမှတဆင့် လူသားမျိုးဥများ ဖန်တီးထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုတီထွင်မှုမှာ ကျင့်ဝတ်၊ ကိုယ်ကျင့်တရား၊ သမ္မာကျမ်းစာ ဟောကြားချက်များနှင့် သွေဖည်နေသည့်အရေး စိုးရိမ်မကင်းဖြစ်မှုများလည်း ရှိလာသည်။
ယခုနည်းပညာမှာ လိင်တူ စုံတွဲများအတွက် နှစ်ဦးလုံး၏ မျိုးဗီဇများ ပါဝင်မည့် သားသမီးရနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်လာစေရုံမျှမက ကလေးမရနိုင်သော အမျိုးသမီးများအတွက်လည်း မျှော်လင့်ချက်ရှိလာသည်။
သုတေသနကို ဦးဆောင်ခဲ့သည့် သိပ္ပံပညာရှင် Shoukhrat Mitalipov က ရှင်းပြသည်မှာ “ဒီနည်းပညာက ဒီလိုအမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်မျိုးဗီဇနဲ့ မျိုးဥတွေ ရရှိနိုင်ပြီး သူတို့ရဲ့ မျိုးဗီဇနဲ့ ဆက်နွှယ်တဲ့ ကလေးရနိုင်စေမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုတီထွင်မှုမှာ အစောပိုင်းအဆင့်တွင်သာရှိနေသေးသော်လည်း သိပ္ပံပညာရှင်တို့အနေဖြင့် ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိအောင် ဆက်လက်ဆောင်ရွက်မည်ဆိုပါက အမျိုးသမီးများအနေဖြင့် အသက်အရွယ်ကြီးမြင့်မှု၊ နာမကျန်းမှု၊ ဆေးကုသမှု ခံယူနေရမှုတို့ကြောင့် သားသမီးမရနိုင်တော့ပါကလည်း မျိုးဗီဇဆက်နွှယ်သော မျိုးဥများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။
ထို့အပြင် လိင်တူ အမျိုးသားစုံတွဲများအတွက်လည်း အလားတူ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
“အများဆုံး အကျိုးရှိမယ့်အုပ်စုကတော့ အသက်အရွယ်ကြီးမြင့်တဲ့ အမျိုးသမီးတွေ ဖြစ်ပါလိမ့်မယ်။” ဟု ပါမောက္ခ Shoukhrat Mitalipov က ပြောသည်။
ပါမောက္ခ Shoukhrat Mitalipov သည် ပေါ့တ်လန်းမြို့ Oregon Health and Science University တွင် ပြုလုပ်ခဲ့သော ယခုသုတေသနကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
“နောက်ထပ်အကျိုးရှိမယ့် အုပ်စုကတော့ ခီမိုကုထုံး ခံယူနေတာကြောင့် မျိုးဥထိခိုက်ရတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်”
အမျိုးသမီးများ အဓိက အကျိုးရှိမည်ဟု မျှော်မှန်းထားသော်လည်း မျိုးဥထုတ်လုပ်မည့် အရေပြားဆဲလ်မှာ မိခင်လောင်းထံမှ မဖြစ်မနေ ရယူရန် မလိုအပ်ချေ။
“ဒီလေ့လာချက်မှာ ကျွန်တော်တို့ဟာ အမျိုးသမီး အရေပြားဆဲလ်တွေကို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသား အရေပြားဆဲလ်တွေကိုလည်း သုံးလို့ရပါတယ်” ဟု Mitalipov က The Guardian သတင်းဌာနသို့ ပြောသည်။
“ဒီနည်းလမ်းနဲ့ အမျိုးသားတွေအတွက် မျိုးဥထုတ်လုပ်ပေးလို့ရပါတယ်။ ဒါက လိင်တူ စုံတွဲတွေအတွက် အကျိုးရှိစေလိမ့်မှာ ဖြစ်ပါတယ်”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘Playing God’: Shocking Research Turns Skin Cells Into Human Eggs