ရန်ကုန် တစ်ဖက်ကမ်း မြေဧကပေါင်း ၂၀၀၀၀ ကျော်မှာ အကောင်အထည်ဖော်မည့် ရန်ကုန်မြို့ သစ်စီမံကိန်းကိုဖောင်ဆောင်ပြီးပါက မြို့ ဟောင်းဘက်တွင် လမ်းတံတားနှင့် အခြေခံအဆောက်အအုံများဘက်တွင် အစိုးရဘက်မှ ဖြည့်ဆည်းမှုမှာ အားနည်းသွားမည်ကို စိုးရိမ်မိကြောင်း ကျွမ်းကျင်သူများကထောက်ပြသည်။
“ ရန်ကုန်မှာ ဒဂုံမြို့ ဆိပ်ကမ်း လိုနေရာတွေ ရွေပြည်သာလိုနေရာမျိုးတွေမှာ မြေလွတ်မြေရိုင်းတွေ အများကြီးရှိသေးတယ် ဒါကို ပညာရှင်တွေကလည်း အမြဲထောက်ပြနေတာရှိတယ် “ဟု ရန်ကုန်မြို့သစ်စီမံကိန်း အပေါ်အလျင်လိုနေမှု အပေါ် MKT ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်ကပြောသည်။
အစိုးရက စီးပွားရေးလုပ်ဖို့လိုလို့လား၊ ဒီမြို့သစ်လို စီမံကိန်းမျိုးကို ဝန်ကြီးဌာန ဒါမှမဟုတ် ကော်မတီဖွဲ့ပြီး လုပ်လို့မရဘူးလား၊ ရန်ကုန်မြို့သစ်က အကျိုးအမြတ်မရှိဘဲ ပိုက်ဆံဖြုန်းတဲ့ စီမံကိန်းဖြစ်သွားမှာလား၊ ခုလက်ရှိ ရန်ကုန်မြို့ကိုဘဲ ပိုကောင်းလာအောင် ဘာလို့မလုပ်တာလဲ၊ တင်ဒါခေါ်ယူရွေးချယ်ရေးမှာ ပွင့်လင်းမြင်သာမှု တရားမျှတမှု ရှိပါ့မလား၊ NYDC ၏ စိန်ခေါ်မှ ပထမအဆင့်ကို
စပြီးလုပ်ဆောင်ဖို့ China Communications Construction Company Limited (CCCC) က လုပ်ပိုင်ခွင့် ရသွားတာကကော ပွင့်လင်းမြင်သာမှု၊ မျှတမှု ရှိမလားဆိုသည့် ဝေဖန်မှုများမှာလည်း ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။
“ ရန်ကုန်မြို့သစ်လို လူထုအတွက် အရေးပါတဲ့စီမံကိန်းမျိုးမှာ ဘက်ပေါင်းစုံက အမြင်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး အကျိုးရှိတဲ့ မူဝါဒတစ်ခု ချမှတ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ရလာဒ်တခု ထွက်ပေါ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် “ ဟု NYDC ၏ ဒုတိယဥက္ကဌ ဦးသိမ်းဝေက ဝေဖန်မှု များ အပေါ် ပြန်လည်ရှင်းလင်းခဲ့သည်။
မြို့ပြ စီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်က ရန်ကုန် မြို့သစ် နေရာမှာ အနာဂတ်တွင် အသုံးပြုရန်အတွက် အလားအလာ ရှိကြောင်း သဘောတူသည်။ သို့သော်လည်း ထိုနေရာကို ရန်ကုန်မြို့နှင့် ဆက်သွယ်ရန်ကုန်ကျ စရိတ်များပြားသည့် တံတားများ လိုအပ်လိမ့်မည် ဖြစ်သည့်အတွက် ယခုအချိန်တွင် လုပ်ဆောင်ပါက သတိထားလုပ်ဆောင်သင့်ကြောင်း ဒေါက်တာ ကျော်လတ်ကဆိုသည်။
ရန်ကုန်မြို့ သစ်စီမံကိန်းတစ်ခုလုံးမှာ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံကုန်ကျမည်ဖြစ်ပြီး လတ်တလောတွင် ပြည်ထောင်စု အစိုးရဘတ်ဂျတ်မှ ရယူမည်ဖြစ်
သည်။
လူနေအိမ်များ ၊တံတားများနှင့် အဆင့်မြင့်လမ်းများပါဝင်သည့် မြို့ သစ်စီမံကိန်းကို စနစ်တကျ ဖော်ဆောင်ရန် လိုအပ်မည်ဟု ကျွမ်းကျင်ပညာရှင်များကထောက်ပြသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် NYDC တို့က စီမံကိန်း၏ပထမဆုံး အဖြစ် တံတား ၂ စင်း တည်ဆောက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
NYDC ၏ ဝက်ဘ်ဆိုက်တွင် တင်ထားသော စီမံကိန်း မြေပုံ၌ အဆိုပြု ထားသည့် တံတား ၂ စင်းအနက် တခုကို ကြည့်မြင်တိုင်မြို့နယ်မှ တဆင့်ဖြတ်ကူးမည့်တံတားနှင့် လှိုင်သာယာ ပန်းလှိုင်မြစ်ဘက်မှ ဖြတ်ကူးမည့်တံတားတို့ ဖြစ်သည်။
စီမံကိန်းအတွက် ကုန်ကျစရိတ်ကို အစိုးရကသာ ကျခံသွားမည် မဟုတ်ဘဲ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (public-private partnerships) ဖြင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရကကြေငြာထားသည်။
လက်ရှိ ရန်ကုန်မြို့ ကို စိမ်းလန်းပြီး ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းသော မြို့ တော်အဖြစ်ထားမည်ဖြစ်ပြီး မြိုသစ် ကို သစ်လွင်တောက်ပ ခေတ်မှီသော မြို့ အဖြစ် ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရည်ရွယ်ထားသည်။
ထို့ ကြောင့် ရန်ကုန် မြို့ သစ်စီမံကိန်းသည် အလျင်စလို မလုပ်ဆောင်သင့်ဘဲ ကောင်းမွန်မှန်ကန်သော စီမံခန့် ခွဲမှုများဖြင့် လုပ်ဆောင်သင့်ပြီဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com