ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အိမ်ရာစုဆောင်းငွေစာရင်း (Housing Saving Account) တွင် သိန်း(၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားနိုင်ကြောင်း CHID Bank က ကြေညာချက်ထုတ်ပြန်လာသည်။
CHID Bank ၏ အိမ်ရာစုဆောင်းငွေ စာရင်းတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ငွေကျပ် သိန်း(၃၀)အထက် စုဆောင်းထားသူများ လျှောက်ထားနိုင်သည်ဟု ဆိုသည်။
ရောင်းချပေးမည့် အိမ်ရာများမှာ သီလဝါ၊ ယုဇန အပိုင်း ၃ ၊ ရိုးမရိပ်သာနှင့် ကျန်စစ်မင်း အပိုင်း ၁ တို့ရှိ အခန်းများဖြစ်ပြီး တိုက် ၇ လုံး အခန်း ၂၄၉ ခန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားရမည့်နေရာမှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ DUHD Sale Housing ဖေ့စ်ဘုတ် စာမျက်နှာ၏ မက်ဆင်ဂျာတွင် သတ်မှတ်ချက်များ ပြည့်စုံစွာ ဖော်ပြကာ လျှောက်ထားရမည် ဖြစ်ကြောင်း CHID Bank ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အိမ်ရာစုဆောင်းငွေစာရင်းတွင် သိန်း(၃၀)အထက် စုဆောင်းထားသူ ၂၀၂၀ ဦးရှိကြောင်းသိရပြီး ဝယ်ယူလိုသူများအနေဖြင့် ဇွန်လ ၁၆ ရက်မှ ၂၀ ရက်အကြား စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း DUHD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လျှောက်ထားမည့်သူသည် အမည်၊ မှတ်ပုံတင်အမှတ်၊ အိမ်ရာအမည်၊ အဆောက်အဦး အမျိုးအစားနှင့် CHID Bank ၏ Down Payment Serial No တို့ကို ရေးသားပေးပို့လျှောက်ထားရမည် ဖြစ်ပြီး တိုက်အမှတ်၊ အခန်းအမှတ်များ ရွေးချယ်ခွင့်မရှိကြောင်း သိရသည်။
CHID Bank ၏ တန်းစီဇယား အစောဆုံး အမှတ်စဉ်များကို မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ပြီး အခန်းမဲနှိုက်ခြင်းကို ဇွန်လ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း DUHD က ထုတ်ပြန်ထားသည်။
အဆောက်အဦ အမျိုးအစားများအနေဖြင့်
● သီလဝါတွင် =၄ ခန်းတွဲ ၅ ထပ် (စတုရန်းပေ ၆၅၀) =၈ ခန်းတွဲ ၅ ထပ် (စတုရန်းပေ ၄၀၀ ၊ ၄၄၀) ● ယုဇန အိမ်ရာ အပိုင်း ၃ တွင် = ၈ ခန်းတွဲ ၅ ထပ် (၄၃၅ စတုရန်းပေ) ● ရိုးမရိပ်သာအိမ်ရာတွင် = ၆ ခန်းတွဲ ၄ ထပ် (၄၆၈ စတုရန်းပေ) = ၈ ခန်းတွဲ ၄ ထပ် (၄၈၄၊ ၅၂၂ စတုရန်းပေ) = ၁၂ ခန်းတွဲ ၄ ထပ် (၃၂၄ စတုရန်းပေ) ● ကျန်စစ်မင်းအိမ်ရာ စီမံကိန်း အပိုင်း ၁ တွင် = ၁၂ ခန်းတွဲ ၄ ထပ် (၃၂၄ စတုရန်းပေ) တို့ ဖြစ်ကြောင်း DUHD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com