ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
လယ်တီဆရာတော်ဘုရားကြီး၏ သံဝေဂလင်္ကာ ၈ ချက်တွင် “နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းကား အိုမင်းနောက်ဆုံးရှိချေ၏။” ဟူသော အပိုဒ်ပါဝင်သည်။
ဂျပန်မှ အမျိုးသားတစ်ဦးမှာမူ အိုမင်းသော ရုပ်ရည်မှသည် တစထက်တစ နုပျိုလာနေသည့်အဖြစ်မှာ ဂျပန်မှ လူမှုကွန်ရက်သုံးစွဲသူတို့အကြား ဟိုးလေးတကြော် ဖြစ်နေသည်။
ဘရက်ပစ် ပါဝင်သရုပ်ဆောင်ထားသော The Curious Case of Benjamin Button ဟူသော ရုပ်ရှင်ကိုပင် ပြန်ပြောင်းသတိရမိသည်။
အသက် ၃၃ နှစ်အရွယ် ဂျပန်အမျိုးသားမှာ မူလက အရွယ်နှင့် မလိုက်အောင် ရုပ်ကျခဲ့သူ ဖြစ်သော်လည်း လူနေမှုပုံသဏ္ဍာန် ပြောင်းလဲလိုက်ကာ အသားအရေ ဂရုစိုက်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ထိုသို့ အံ့မခန်းပြောင်းလဲသွားခြင်း ဖြစ်သည်။
အားကီအမည်ရှိ ဂျပန်အမျိုးသားကို ဂျပန်မှ အွန်လိုင်းရုပ်သံကွန်ရက်ဖြစ်သော ABEMA က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းက ရုပ်ရည်ပြောင်းလဲသွားစေရန် မည်သို့နေထိုင်လုပ်ဆောင်ခဲ့ပုံကို ပြောပြခဲ့ရာ လူမှုကွန်ရြ်တွင် အားကီမှာ ဇရာကို အံတုနိုင်သည့် ဆရာတစ်ဆူသဖွယ် ဖြစ်လာသည်။
အားကီမှာ X လူမှုကွန်ရက်တွင် @Aki_fit ဟူသော အကောင့်ဖြင့် လူမှုကွန်ရက်သုံးစွဲသည်။
ယခုကဲ့သို့ ရုပ်ရည်ပြောင်းလဲစေရန်အတွက် အရင်းခံခဲ့သည်မှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က ဖြစ်ကြောင်း အားကီက ပြောသည်။
ထိုအချိန်က အားကီမှာ အရွယ်နှင့် မလိုက်အောင် အိုစာလှပြီး ခေါင်းပြောင်နေခြင်းအပေါ် သူဌေးဖြစ်သူက နောက်ပြောင်မှုများ ပြုလုပ်ခဲ့သည်။
ချစ်သူမိန်းကလေးကလည်း လမ်းခွဲသွားရာ အားကီအတွက် အမှောင်မိုက်ဆုံး နေ့ရက်များ ဖြစ်ခဲ့သည်။
အားကီသည် မိမိက်ိုယ်ကို သနားကြေကွဲမနေဘဲ ဘဝကို အပြီးတိုင်ပြောင်းလဲကာ ဘဝသစ်သို့ ရောက်ရှိအောင် အားထုတ်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ဆယ်စုနှစ် တစ်ခုလုံး စည်းမျဉ်းတင်းတင်းကြပ်ကြပ်ချမှတ်ကာ ကျန်းမာရေးလိုက်စားခဲ့ရာ နေပူ မိုးရွာ မည်သို့ရှိသည်ဖြစ်စေ နေလောင်ခံလိမ်းဆေးလိမ်းခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အသားအရေ ထိန်းသိမ်းရန်အတွက် spa သို့ ပုံမှန်သွားခြင်း၊ အစာချေစနစ်ကို ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းတို့ အပါအဝင် ဖြစ်သည်။
အားကီသည် ဆေးလိပ်လည်း ဖြတ်လိုက်သည့်အပြင် ညဉ့်နက်သန်းခေါင်အထိ နေခြင်းများလည်း ရပ်ဆိုင်းလိုက်ပြီး အသားအရေ ထိန်းသိမ်းမှုဘက်တွင် ပိုမိုအာရုံစိုက်ခဲ့သည်။
အားကီသည် အရေးအကြောင်း လျော့ပါးစေသော Botox ထိုးဆေး ပုံမှန်ထိုးသည့်အပြင် ဆံပင်စိုက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
အားကီက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က အုပ်စုလိုက် ချစ်သူရှာပွဲများ (Gokon) တို့တွင် အကြိမ်ပေါင်း ၃၀ ဆက်တိုက် ပါဝင်ခဲ့သော်လည်း ချစ်သူမရခဲ့ပုံကို ပြန်ပြောင်းပြောပြထားသည်။
((အားကီက ချစ်သူရှာမရခဲ့သည့်အဖြစ်ကို ပြောပြထားပုံ))
((ဆိုလိုရင်း အဓိပ္ပာယ်မှာ - ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က ကျွန်တော့်ကို ကြိုက်မယ့်သူတစ်ယောက်မှ မရှိခဲ့ဘူး။ Gokon ပွဲတွေမှာ အကြိမ် ၃၀ ဆက်တိုက် ချစ်သူ မရခဲ့ဘူး။ နောက်ဆုံးအကြိမ် ပါဝင်ခဲ့တဲ့ပွဲမှာ မိန်းကလေးတစ်ယောက်ချင်းစီတိုင်းကို အတင်းကာရော ချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ တွဲချင်တဲ့သူ တစ်ယောက်မှ ရှာမရခဲ့ပါဘူး။ ဒီပွဲကနေ စိတ်ပျက်လက်ပျက် ထွက်ရတော့မယ့် အခြေအနေမှာပဲ ထူးခြားတာတစ်ခုဖြစ်လာတယ်။ လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ မျက်လုံးချင်း စကားပြောမိပြီး ကျွန်တော်တို့ LINE နံပါတ်တွေ အပြန်အလှန်ပေးခဲ့ကြတယ်))
((မှတ်ချက်- ဤတွင် ဂျပန်တွင် ခေတ်စားသော Gokon အကြောင်း အနည်းငယ်ရှင်းပြရန် လိုအပ်လာသည်။
ဂျပန်တွင် ဖူးစာဖက်ရှာပေးသော ဝန်ဆောင်မှုလုပ်ငန်းများရှိသည်။ ၎င်းတို့က မိန်းကလေး၊ ယောက်ျားလေးများကို ညီမျှသော အရေအတွက်ဖြင့် အုပ်စုငယ်လေးများဖွဲ့ပေးကာ အဖွဲ့လိုက် ဆုံစည်းပေးသည်။ ထိုအုပ်စုမှာ အရက်ဘား (သို့မဟုတ်) ကော်ဖီဆိုင်များတွင် တွေ့ဆုံကာ ဂိမ်းကစားခြင်း၊ အာလာပ သလာပ ပြောခြင်းများ ပြုလုပ်ကြသည်။ အမေရိကတွင်မူ တစ်ယောက်ချင်း တွေ့ဆုံကြခြင်းဖြစ်သည်။
သို့သော် အုပ်စုလိုက်တွေ့ဆုံခြင်းတွင် ဖိအားနည်းခြင်း၊ သူငယ်ချင်းများက ကူညီရွေးချယ်ပေးနိုင်ခြင်း အစရှိသည့် အားသာချက်များရှိသည်။ အစားအသောက် ကုန်ကျစရိတ်ကို အားလုံး ညီတူမျှတူ ကျခံရသည်။ ထိုသို့တွေ့ဆုံရင်း မိမိနှစ်သက်သူရှိပါက ထိုမိန်းကလေးနှင့် သီးသန့်ဆက်သွယ်မှု ပြုလုပ်သည်။ နှစ်ဦးလုံး အပြန်အလှန်စိတ်ဝင်စားပါက LINE အကောင့်နံပါတ်ပေးကာ ဆက်လက်စကားပြောကြသည်))
“အခုချိန်မှာ ကျွန်တော့်အသားအရေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကအတိုင်း တင်းရင်းနေဆဲပါပဲ” ဟု အားကီက ABEMA သတင်းဌာနသို့ ပြောသည်။
“ကျွန်တော့်ရဲ့ ရုပ်ရည်ပြောင်းလဲသွားပြီးနောက်ပိုင်း လူတွေက ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံလာကြတယ်။ ရုပ်ရည်နုပျိုသွားတာဟာ အလုပ်မှာကော အချစ်ရေးမှာပါ ကျွန်တော့်အတွက် အားသာချက်တွေ ရလာစေပါတယ်”
ABEMA TV တွင် တွေ့ဆုံမေးမြန်းခန်း ပါဝင်လာပြီးနောက် အားကီမှာ ဂျပန်တွင် ဟိုးလေးတကြော် နာမည်ကြီးနေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: JAP praised for reversing aging