ရန်ကုန်မြို့တွင်ပထမဦးဆုံးသော Integrated Mixed Development အဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည့် ရန်ကုန်မြို့တော်၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကိုဖြစ်စေမည်ဖြစ်သော ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ)စီမံကိန်းအား ၂ဝ၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့ မည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေဖြစ်သည့် တော်ဝင်လမ်းနှင့် မင်းဓမ္မလမ်းအကြားရှိ အကျယ် ဧက ၃၆ ဒသမ ၅၅၁ ဧကအား ဒုတိယဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပထမမြန်မာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် (မြန်မာ ဗွီပိုင်အုပ်စု) မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ခွင့်ပြုချက်ဖြင့် တာဝန်ယူတည်ဆောက် မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အား မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းစဉ်များအရ ဖွံ့ဖြိုးရေးဇုန်ကြီးများကို လျာထားခဲ့ရာ ဒုတိယဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း တည်ဆောက်ရေးလည်း တစ်ခုအပါအဝင် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းဆောင်ရွက်ရန်အတွက် ကိုးမိုင်ရှိ ပြည်လမ်းနှင့် မင်းဓမ္မလမ်းအကြားရှိ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနပိုင်မြေ ၊ တပ်မတော်ပိုင်မြေ နှင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီပိုင်မြေ စုစုပေါင်း ၃၆၉ ဒသမ ၄၅၅ ဧကအား အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထား သတ်မှတ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ အကောင်အထည်ဖော်ဆောင် ရွက်မည့် ဒုတိယဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း၌ အဆင့်မြင့်ဟိုတယ် အဆောက် အအုံ တစ်လုံး၊ ရုံးခန်းအဆောက်အအုံ လေးလုံး၊Service Appartments အဆောက် အအုံ ငါးလုံး၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင် များ၊ အီလက်ထရွန်နစ်နှင့်ကုန်သွယ်ရေး စင်တာများနှင့်ငါးထပ်ပါရှိသော ဈေးဝယ် စင်တာများအစရှိသည့် ဒုတိယဗဟိုစီးပွားရေး ဇုန် (မင်းဓမ္မ)နှင့် သက်ဆိုင်သည့် စီးပွားရေး အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ကွန်ဗင်းရှင်းစင်တာအသစ်ကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကာ ရန်ကုန်မြို့ တွင် ပထမဦးဆုံးသောIntegrated Mixed Development အဖြစ် စတင်အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းကြီး တစ်ခုလည်း ဖြစ်သည်။
ပထမမြန်မာဆောက်လုပ်ရေးကုမ္ပဏီ လီမိတက် (မြန်မာဗွီပိုင် အုပ်စု)မှ တာဝန်ရှိ သူက ''ကျွန်တော်တို့ကတော့ အခြေခံ အဆောက်အအုံတွေနဲ့ ကွန်ဗင်းရှင်းစင်တာအသစ်ကိုဆောက်လုပ်သွားမှာပါ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ကမ်းလှမ်း လာကြတာရှိလို့ ကျွန်တော်တို့အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ စီမံကိန်းဆောင်ရွက်ဖို့ လည်း လက်ရှိ MIC ကိုလည်း တင်ပြထား ပြီးပါပြီ။ ကွန်ဗင်းရှင်းစင်တာအဟောင်းကို တော့မဖျက်သိမ်းသေးဘဲ အဲဒီအနီးကနေရာ သီးသန့်မှာ လက်ရှိရှိနေတဲ့ကွန်ဗင်းရှင်းစင်တာ အဟောင်းထက် ငါးဆလောက်ကြီးမားတဲ့ ကွန်ဗင်းရှင်းစင်တာအသစ်ကို ထည့်သွင်း ဆောက်လုပ်သွားမှာပါ။ စီမံကိန်းကြီးပြီးစီး သွားပြီဆိုရင်တော့ နိုင်ငံတကာက လာရောက် ပြသကြမယ့် ကုန်စည်ပြပွဲတွေ အပါအဝင် ကျင်းပကြမယ့် ညီလာခံတွေအတွက်လွန်စွာအကျိုးရှိစေမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေပါလိမ့်မယ်။ ပြီးတော့ဒီစီမံကိန်းထဲမှာ အိုင်တီ Trade Center ကိုလည်း ထည့်သွင်းဆောက်လုပ်မှာ ဆိုတော့ ပြည်သူတွေအတွက် အသိပညာတွေ ပိုမိုတိုးတက်လာစေမှာဖြစ်တဲ့အပြင် အလုပ် အကိုင်အခွင့်အလမ်းတွေလည်း များစွာပေါ် ပေါက်လာပါလိမ့်မယ်''ဟုရှင်းပြသည်။
အဆိုပါ စီမံကိန်းဧရိယာအတွင်း မြေအောက်ကားရပ်နားရန်နေရာ အထပ် သုံးထပ် ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ပြီး ယာဉ်အလုံအလောက်ရပ်နားနိုင်ရန် လည်း စီမံဆောင်ရွက်ထားရှိမည်ဖြစ်သည်။ နိုင်ငံတကာအဆင့်မီ အရည်အသွေး ကောင်းမွန် သော အဆောက်အအုံများပါဝင် မည့် အဆိုပါ ဒုတိယဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းအား ငါးနှစ်တာကာလ အတွင်း အပြီးသတ်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်သည်။ လက်ရှိ စီမံကိန်းနယ်မြေအတွင်းမှ မူလ ပန်းရောင်းချသူများနှင့် ဆိုင်ခန်းများကိုလည်း ယခုလအတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် ပြန်လည် နေရာချထား စီမံဆောင်ရွက်ပြီးဖြစ်ရာ စီမံကိန်းကြီးပြီးစီးပါက ရန်ကုန်မြို့ရှိ အဆောက်အအုံများအနက် ခမ်းနားထည်ဝါ စွာဖြင့် ပေါ်ပေါက်လာမည့်အဆောက်အအုံ များစွာပေါ်ထွက်လာမည်ဖြစ်သည်။
ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ) စီမံ ကိန်း ဆောင်ရွက်ပြီးစီးဖွင့်လှစ်ပြီဆိုပါက ရန်ကုန်မြို့သို့ အကြောင်းကိစ္စအရပ်ရပ် ကြောင့်လာရောက်လည်ပတ်ကြမည့် ခရီးသွား ဧည့်သည်များအတွက်ပါ အကျိုးဖြစ်ထွန်းစေ မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ လူဦးရေအချို့ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း များ ရရှိလာကြစေတော့မည်ဖြစ်သည်။ ။
Credit: MOI Webportal Myanmar