ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဆွီဒင်ဘီလျံနာ ယိုဟန် အယ်လီယာ့ရှ် (Johan Eliasch) ဟာ အမေဇုန် မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဝယ်ယူလိုခဲ့ပါတယ်။
ဒါပေမယ့် ဘရာဇီးရဲ့ ဥပဒေအရ နိုင်ငံခြားသားတွေ မြေယာဝယ်ယူမှု ကန့်သတ်ထားတာကြောင့် သူက ဘရာဇီး သစ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို အရင်ဝယ်ပါတယ်။ ပြီးတော့မှ အဲဒီ သစ်ကုမ္ပဏီကနေတဆင့် သစ်တောမြေတွေ ဝယ်ယူခဲ့တာပါ။
(Gethal Amazonias ကုမ္ပဏီ အခြေစိုက်နေရာကို တွေ့ရပုံ)
((ယိုဟန် အယ်လီယာ့ရှ် ဘယ်သူလဲ))
ယိုဟန် အယ်လီယာ့ရှ်ဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းခရိုင်ထဲက ဒေသတစ်ခုမှာ ၁၉၆၂ ခုနှစ်က မွေးဖွားခဲ့ပြီး နောင်အခါမှာ အင်္ဂလန်နိုင်ငံသား ဖြစ်လာပါတယ်။
သူဟာ ဆွစ်ဇာလန်မှာ ရုံးချုပ်စိုက်ထားတဲ့ နိုင်ငံတကာနှင်းလျှောစီးအဖွဲ့ရဲ့ ဥက္ကဌအဖြစ်လည်း လက်ရှိတာဝန်ယူထားသူပါ။
(သူဌေးကြီး Johan နှင့် အင်ဒရူးမင်းသားကြီးကို ၂၀၁၆ ခုနှစ်အတွင်း အတူတကွ တွေ့ခဲ့ရပုံ)
အားကစားပစ္စည်းတွေထုတ်လုပ်တဲ့ Head ကုမ္ပဏီမှာ အရင်က စီအီးအိုအဖြစ် တာဝန်ယူခဲ့ပြီး အခုကတော့ ဥက္ကဌနေရာယူထားပါတယ်။
၂၀၂၅ ခုနှစ် အချက်အလက်တွေအရ သူ့ရဲ့ ကြွယ်ဝမှု ပေါင် ၄ ဘီလီယံရှိပြီး အင်္ဂလန်မှာ ၄၂ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
((အမေဇုန်တောထဲက ဧက ၄၀၀,၀၀၀))
ယိုဟန်ဟာ အမေဇုန်တောမြေကို နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ပုံမှန်အတိုင်းဆို ဝယ်ခွင့်မရှိပါဘူး။
ဒါကြောင့် Gethal လို့အမည်ရတဲ့ ဘရာဇီးသစ်ကုမ္ပဏီတစ်ခုကို ဝယ်လိုက်ပါတယ်။ ပြီးတော့ အဲဒီသစ်ကုမ္ပဏီကနေတဆင့် ၂၀၀၅ ခုနှစ်ထဲမှာ အမေဇုန်မိုးသစ်တောကြီးထဲက မြေအကျယ်အဝန်း မြေတွေ အလုံးအရင်းဝယ်ခဲ့တာပါ။
ဒီနေရာမှာ သူဝယ်ခဲ့တဲ့ မြေပမာဏနဲ့ ပတ်သက်ပြီး အမျိုးမျိုး အဖုံဖုံ ဖော်ပြကြပါတယ်။ နယူးယောက်တိုင်းမ်သတင်းစာကြီးက ဖော်ပြတာမှာ စတုရန်းကီလိုမီတာ ၁၆၀၀ (၆၁၇ စတုရန်းမိုင်) လို့ ဖော်ပြပြီး တချို့သတင်းမီဒီယာတွေမှာတော့ ၁၂၁၂ စတုရန်းကီလိုမီတာ (၄၆၈ စတုရန်းမိုင်) လို့ ဖော်ပြပါတယ်။
သူ့ပိုင်နက် တောအုပ်ကြီးဟာ အရမ်းကျယ်ပြောလှပြီး နှစ်ချို့မြွေကြီးတွေ၊ အသားစားငါးတွေ ကျက်စားတဲ့နေရာဖြစ်ပါတယ်။
သူ့ပိုင်နက် တောအုပ်ကြီးကို နေရာစုံအောင်သွားချင်တယ်ဆိုရင် လပေါင်းများစွာ လမ်းလျှောက်သွားရဖို့ ရှိပါတယ်။
သူပြောတာကတော့ အမေဇုန်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့ ဝယ်ခဲ့တာလို့ ပြောတယ်။
ဒါပေမယ့် ဘရာဇီးမှာ ယိုဟန်တို့လို နိုင်ငံခြားသားတွေက မြေတွေ အလုံးအရင်းပိုင်ဆိုင်လာနေတဲ့အပေါ် ဘရာဇီးသားတွေ မခံမရပ်နိုင် ဖြစ်လာနေကြပါတယ်။
(Johan နှင့် သူ၏ဇနီး (ဟောင်း) Amanda တို့ကို ၂၀၁၅ ခုနှစ်က တွေ့ရပုံ)
ဘရာဇီးအစိုးရက ယိုဟန်ရဲ့ Gethal ကုမ္ပဏီ မြေဝယ်မှုအပြင် တခြားနိုင်ငံခြားသားတွေ မြေဝယ်နေတာတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
နိုင်ငံခြားက ငွေတွေအသုံးပြုပြီး မြေတွေဝယ်နေတဲ့ ဘရာဇီးကုမ္ပဏီတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ နည်းလမ်းရှာနေကြတယ်။
ဘရာဇီးအစိုးရ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (Ibama) က ယိုဟန်ရဲ့ Gethal ကုမ္ပဏီကို အမေဇုန်တောထဲက သစ်ပင်ပေါင်း ၂၃၀၀၀၀ တရားမဝင်ခုတ်လှဲတဲ့အမှုတွက် ဘရာဇီးငွေ သန်း ၄၅၀ (ကန်ဒေါ်လာ ၂၇၅ သန်း) ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ ယိုဟန်ရဲ့ ကိုယ်စားလှယ်ကတော့ တရားမဝင်လုပ်ဆောင်မှုတွေ မရှိဘူးလို့ ငြင်းပယ်ထားပါတယ်။
ဘရာဇီးက အမေဇုန်တောကြီးကို နိုင်ငံခြားသားတွေ မြေအလုံးအရင်းပိုင်ဆိုင်လာနေတာဟာ အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုဖြစ်လာနေတယ်လို့ ဘရာဇီးသတင်းစာ Globo က ရေးသားဖော်ပြပါတယ်။
အင်္ဂလန်မှာဆိုရင် နိုင်ငံခြားသားတစ်ဦးက မြို့ကြီး ၅ မြို့စာလောက် မြေအကျယ်အဝန်း ဝယ်ယူသွားတာမျိုး တွေ့ရနိုင်မှာ မဟုတ်ဘူးလို့ ဘရာဇီး မြေယာပြုပြင်ပြောင်းလဲရေးအဖွဲ့ အကြီးအကဲ Plinio Sampaio က ထောက်ပြပါတယ်။
(Johan နှင့် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း)
ဘရာဇီးမှာ နိုင်ငံခြားသားတွေ မြေယာဝယ်ယူရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြတာဟာ ၂၀၀၃ ကနေ၂၀၀၇ ခုနှစ်ကြား ၃၄၇ ရာခိုင်နှုန်း ထိုးတက်ခဲ့ပြီး ၂၀၀၆ ကနေ ၂၀၀၇ ခုနှစ်ကြား နိုင်ငံခြားသားတွေ ဝယ်ယူထားတဲ့ မြေတန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံဖိုးအထိ ရှိခဲ့ပါတယ်။
ဘရာဇီးမှာ နိုင်ငံခြားသားတွေ ဝယ်ယူထားတဲ့ မြေအကျယ်အဝန်း ဟက်တာ ၅ ဒသမ ၅ သန်းရှိတဲ့အနက် ၃ ဒသမ ၁ သန်း (စတုရန်းမိုင် ၁၂၀၀၀) ဟာ အမေဇုန်တောကြီးထဲက မြေတွေပါ။
ဘရာဇီးမှာ မြေဈေး အတော်လေးသက်သာတယ်။
မကြာသေးမီကလည်း အမေဇုန်တောကြီးထဲက မြေအကျယ်အဝန်း ၆၇၈၀၀၀ ဧကကို ဒေါ်လာ သန်း ၂၀ ထဲနဲ့ အရောင်းတင်လာသေးတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Brazil investigating land sales to foreigners