ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးသည် ခေါက်ဆွဲခြောက်ထုပ်ကို မပြုတ်ဘဲ စားခဲ့ပြီးနောက် သေဆုံးသွားခဲ့ရာ ၎င်း၏ မိသားစုမှာ ရင်ထုမနာဖြစ်နေပြီး အစားအသောက်များ၏ ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် စပ်လျဉ်းကာ ရတက်မအေးဖြစ်မှုများ မြင့်တက်လာနေသည်။
ဟမ်ဇာ (Hamza) အမည်ရှိ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးသည် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ညနေခင်း ဘုရားဝတ်ပြုအပြီး အိမ်ပြန်လာချိန်၌ ခေါက်ဆွဲခြောက်ထုပ် ၃ ထုပ်ကို စားသောက်ခဲ့သည်။
၎င်းစားခဲ့သည်မှာ နာမည်ကြီး အင်ဒိုနီးရှား ခေါက်ဆွဲခြောက်ထုပ်ဖြစ်သော Indomie အမှတ်တံဆိပ်ဖြစ်သည်ဟု ဆိုသည်။
ခေါက်ဆွဲခြောက်များ စားပြီး မိနစ် ၃၀ အတွင်း အလွန်ဗိုက်အောင့်လာကာ အော့အန်ပြီး ချွေးဒီးဒီး ကျလာခဲ့သည်။
ဟမ်ဇာကို ဆေးရုံသို့ အဆောတလျင် ပို့ဆောင်ခဲ့ရာ ဆရာဝန်တို့က အဆိပ်မိသည်ဟု ယူဆပြီး အဆိပ်ကုသရေးဌာနသို့ သွားခိုင်းခဲ့သည်။
ဝမ်းနည်းစရာပင်။ ကလေးမှာ ထိုဌာနသို့ မရောက်မီတွင်ပင် သေဆုံးသွားခဲ့သည်။
လူနာတင်ကားပေါ်တွင် ဟမ်ဇာကို သတိပြန်လည်လာစေရန် ကုသမှုများ ပြုလုပ်နေစဉ်တွင်ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ဖခင်က ပြောသည်။
ဆေးစစ် စမ်းသပ်ချက်များအရ ဟမ်ဇာ၏ ခန္ဓာကိုယ်အတွင်း အဆိပ်သင့်စေမည့်ဓာတ်များ မတွေ့ရှိခဲ့ချေ။
အီဂျစ်အာဏာပိုင်တို့က ခေါက်ဆွဲခြောက်ရောင်းလိုက်သည့် ဆိုင်ရှင်ကို ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ထားပြီး အဆိုပါ ထုတ်ကုန်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Ynet သတင်းဌာနက ဖော်ပြသည်။
ဟမ်ဇာ စားခဲ့သည့် ခေါက်ဆွဲခြောက်ထုပ် အမျိုးအစားကို စမ်းသပ်စစ်ဆေးလျက်ရှိသည်။ ၎င်းသေဆုံးရသည့် အကြောင်းရင်းကို သိရန်အတွက် ရင်ခွဲစစ်ဆေးရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။
လူအများ စားသောက်လေ့ရှိသည့် ယခုစားသောက်ကုန်မျိုးကြောင့် ဟမ်ဇာသေဆုံးရခြင်းမှာ မိမိတို့အတွက်လည်း အထူးသတိပြုဖွယ်ရာဖြစ်ကြောင်း လူမှုကွန်ရက် သုံးစွဲသူတို့က မှတ်ချက်ပေးကြသည်။
“တချို့နေရာတွေမှာဆို ခေါက်ဆွဲခြောက်ထုပ်တွေကို ချိုးခြေပြီး အထဲမှာ ပါတဲ့ အမှုန့်ထုပ်တွေထဲက အမှုန့်တွေနဲ့ ရောစပ်ပြီး မပြုတ်ဘဲ ဒီတိုင်းစားကြပါတယ်။ ကျွန်မက အရှေ့တောင်အာရှမှာ နေတာပါ။ လူတွေက အဲ့လိုမျိုး နေ့တိုင်း စားနေကြတယ်။ သေတာ တခါမှ မကြားဖူးပါဘူး” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
“ခေါက်ဆွဲခြောက်တွေကို မပြုတ်ဘဲ စားနေသူတွေ သတိပြုစရာပါ။ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်” ဟု အခြားတစ်ဦးက မှတ်ချက်ပေးသည်။
အီဂျစ်တွင် ၂၀၂၂ ခုနှစ်အတွင်းကလည်း Indomie ထုတ်ကုန်များနှင့် စပ်လျဉ်းပြီး ရတက်မအေးဖြစ်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။
ထိုစဉ်က အီဂျစ် အစားအသောက်ဘေးကင်းရေး အာဏာပိုင်အဖွဲ့ (FSA) က Indomie ထုတ်ကုန် သေတ္တာပေါင်း ၇၃၃၃၄၀ ကို ဈေးကွက်ထဲမှ သိမ်းဆည်းခဲ့ဖူးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hamza: Boy, 13, dies after eating raw Indomie instant noodles in Cairo, Egpyt (thenightly)