မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ပိုင်ခွင့်ပြုထားပြီးဖြစ်သည့် စက်မှုဇုန်မြေနေရာများ၌ လုပ်ငန်းလုပ်ကိုင်
မှုမရှိသည့် မြေယာများကို လုပ်ငန်းပြသရန် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နိုင်ငံတော်အစိုးရက ကြေညာ
ခဲ့သော်လည်း လက်ရှိအချိန်ထိ ရန်ကုန်မြို့ရှိ စက်မှုဇုန်နေရာ များတွင် ဧက ၁,၀၀၀ ကျော်ခန့်မှာ
လုပ်ငန်း ပြသရန် ဆက်သွယ်မှုပြုလာခြင်း မရှိသေးသည့် အတွက် ယင်းမြေနေရာများကို အမှန်
တကယ် လုပ်ငန်း လုပ်ကိုင်သူများထံ လွှဲပြောင်းရောင်းချမည်ဖြစ်ကြောင်း စက်မှု ဇုန်များ
ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ် သင်းအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။
"စက်မှုဇုန်တွေထဲက လုပ်ငန်းမလုပ်ကိုင် ဘဲ ဒီအတိုင်းဝယ်ထားတဲ့မြေပိုင်ရှင်တွေကို လုပ်ငန်းပြသ
ရမယ်လို့ ၂၀၁၄ ဒီဇင်ဘာလ ထဲမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ရန်ကုန်မြို့မှာ စက်မှုဇုန်စုစုပေါင်း
၂၉ ဇုန်မှာ လုပ်ငန်းမရှိတဲ့မြေလွတ်ဧက ၂,၄၀၀ ခန့်ရှိပါတယ်။ အဲဒီထဲကမှ ဧက ၁,၀၉၀ လောက်က
မြေ ပိုင်ရှင်တွေက အခုချိန်ထိ ကျွန်တော်တို့ဆီ လုံးဝအကြောင်းမပြန်ပါဘူး။ အဲဒါကြောင့်
ဒီမြေတွေကို လေလံပြန်ပစ်ပြီး တကယ် လုပ်ငန်းလုပ်ချင်တဲ့သူတွေကို ပြန်ရောင်းပါမယ်" ဟု
၎င်းကပြောသည်။
စက်မှုဇုန်များကြီးကြပ်ရေးကော်မတီက လုပ်ငန်းတင်ပြလာခြင်းမရှိသည့် မြေဧက ၁,၀၀၀
ကျော်ခန့်ကို ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချပြီးသည့်နောက်ပိုင်း တွင်
မြေပိုင်ရှင်များက ဆက်သွယ်လာပါက အစိုးရထံက ၎င်းတို့ဝယ်ယူခဲ့သည့် ပေါက်ဈေး ဖြင့်
ပြန်လည်ပေးလျော်သွားမည်ဟု ၎င်းက ပြောသည်။ "ကျွန်တော်တို့ အဲဒီစက်မှုဇုန်မြေ ဧက
တစ်ထောင်ကျော်ကို လုပ်ငန်းလုပ်ချင်တဲ့သူ တွေကို လွှဲပြောင်းရောင်းချသွားပါမယ်။ အရင်
ဝယ်ထားတဲ့ပိုင်ရှင်တွေကတော့ အခုချိန်ထိ မဆက်သွယ်သေးပေမယ့် ရောင်းပြီးတဲ့နောက် ပိုင်း
ဆက်သွယ်လာတယ် ဆိုရင်တော့ အရင် အစိုးရဆီက ၀ယ်ခဲ့တဲ့ဈေးနဲ့ပဲ ပြန်လျော် ပေးသွားမှာပါ။
လက်ရှိ ပေါက်ဈေးတွေနဲ့ မဟုတ်ပါဘူး" ဟု ဦးမြတ်သင်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်မြို့ ၌ အိမ်ခြံမြေဈေးနှုန်းများ ကောင်းမွန်လာသည့်နောက်ပိုင်းတွင်
နိုင်ငံတော်အစိုးရက ဖော်ထုတ်ပေးသည့် စက်မှုဇုန်နေရာများရှိ မြေများ၏ဈေးကွက်လည်း
ကောင်းလာခဲ့ပြီး ဈေးနှုန်းများလည်း မြင့်တက်ခဲ့သည်။ ယင်းကဲ့သို့ စက်မှုဇုန်များရှိ မြေများကို
လည်ရောင်းချသည့်အခါ အစိုးရထံကရရှိသည့် ဈေးနှုန်းထက် ပြန်ဈေးမြင့်မြင့်ရရှိ သည့်အတွက်
စက်မှုဇုန်မြေများမှာ စီးပွားရေးလုပ်ငန်းရှင်အချို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုလည်း ဖြစ်လာခဲ့ကြောင်း
ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"စက်မှုဇုန်တွေ ဖော်ပြီဆိုရင် အစိုးရက လုပ်ငန်းလုပ်ချင်တဲ့သူတွေကို မြေတွေရောင်း တယ်။
အဲလိုရောင်းတဲ့အချိန် မြေတစ်ဧကကို ကျပ်သိန်းတစ်ထောင်တောင် မကျော်ဘူး။ တချို့နာမည်သိပ်မကြီးတဲ့
စက်မှုဇုန်တွေရဲ့ အကွက်သေးတဲ့မြေတွေဆို ကျပ်သိန်း ၈၀ ကနေ ၁၀၀ လောက်ပဲ ရှိတယ်။
ဒါပေမဲ့ စက်မှုဇုန်မြေတွေကို ပြန်ရောင်းရင် ဈေးက အဆမတန်ပြန်ရတယ်။ ဈေးကောင်းရတော့
ရင်းနှီးမြှုပ်နှံကြတယ်၊ ဈေးကစားကြတယ်။ အဲဒီလိုလုပ်ရင်းနဲ့ပဲ ဈေးတွေက ပိုပိုမြင့်မြင့်လာတယ်။
အခုဆိုရင် စက်မှုဇုန်မြေဈေးက ပျမ်းမျှ တစ်ဧကကို သိန်း၂,၀၀၀ လောက်ရှိတယ်" ဟု ဖီးနစ်အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းက ကိုထွန်းထွန်းကပြောသည်။
ယခုအခါတွင် နိုင်ငံတော်အစိုးရက စက်မှုဇုန်မြေယာဝယ်ယူထားသူတိုင်းအား လုပ်ငန်း ပြသရန်
ကြေညာခဲ့သည့်အတွက် မြေပိုင်ရှင် အချို့မှာ ၎င်းတို့မြေများကို လုပ်ငန်း လုပ်ကိုင်လိုသူများထံ
ဈေးလျှော့ကာ ပြန်လည် ငှားရမ်းသည့် ဈေးကွက်များရှိလာကြောင်း ၎င်းကပြောသည်။ "လုပ်ငန်း
မလုပ်ဘဲ ဒီအတိုင်းထားတဲ့ မြေပိုင်ရှင်တွေကို အစိုးရက လုပ်ငန်းပြရမယ်လို့ပြောတော့ လုပ်ငန်းတကယ်
လုပ်ဖို့မရှိတဲ့ သူတွေက သူတို့မြေတွေကို ဈေးပေါပေါနဲ့ ပြန်ငှားကြတယ်။ အရင်တုန်းက
ဈေးကွက်ထဲ မှာ စက်မှုဇုန်မြေငှားရမ်းခက ပျမ်းမျှ တစ်လ ကို သိန်း ၁၀၀ လောက်ရှိတာ။
အခု အဲဒီမြေ တွေက ၂၅ သိန်း၊ သိန်း ၃၀ လောက်နဲ့ ငှားကြ တာကိုတွေ့ရတယ်" ဟု ကိုထွန်းထွန်းက
ပြောသည်။
ထို့ပြင် လုပ်ငန်းမရှိသည့် စက်မှုဇုန်မြေ ပိုင်ရှင်များကို လုပ်ငန်းပြသရန် ညွှန်ကြား သည့်အခါတွင်
အချို့သောမြေပိုင်ရှင်များမှာ လုပ်ငန်းပြသသော်လည်း လုပ်ငန်းလုပ်ကိုင် သည့် အင်္ဂါရပ်များနှင့်
ကိုက်ညီမှုများမရှိ ကြောင်း စက်မှုဇုန်ကြီးကြပ်ရေးကော်မတီက တာဝန်ရှိသူများက ပြောသည်။
"တချို့က လုပ်ငန်းတော့လာပြကြတယ်။ ဒါပေမဲ့ လုပ်ငန်းလုပ်တယ်ဆိုတဲ့ အဖြစ်ပုံစံမျိုး နဲ့ ပြကြ
တာတွေရှိတယ်။ ဥပမာ ဪ မြေဧက အကျယ်ကြီးထဲမှာ ဂိုဒေါင်သေးသေးလေးပဲဆောက်ပြီး
လုပ်ငန်းလုပ်တယ်ဆိုပြီး တင်ပြတာမျိုးတွေပါ။ အဲဒီလို မကိုက်ညီတဲ့လုပ်ငန်းတင်ပြမှုမျိုးတွေကို
ပြန်စိစစ်နေပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် စက်မှုဇုန်ပေါင်း
၂၉ ဇုန် ရှိသည့်အနက် ယခုကဲ့သို့ လုပ်ငန်းလုပ်ကိုင်မှု မရှိဘဲ မြေရင်းနှီးမြှုပ်နှံမှုကို အများဆုံး
ဖြစ်ပေါ်သည့် စက်မှုဇုန်များမှာ မဖွံ့ဖြိုးသေး သည့် စက်မှုဇုန်များတွင် အများဆုံးဖြစ်ကြောင်း
ဦးမြတ်သင်းအောင်က ပြောသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များထဲတွင် လှိုင်သာယာစက်မှုဇုန်မှာ
လုပ်ငန်းလုပ်ကိုင်မှု အများဆုံးရှိသည့် စက်မှုဇုန်ဖြစ်ပြီး ယခုကဲ့သို့ လုပ်ငန်းမရှိဘဲ ၀ယ်ယူထားသည့်
မြေလွတ် များမှာ ဧက ၆၅၀ ခန့်သာရှိကြောင်း ၎င်းက ပြောသည်။
Credit: mmtimes