ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်၊ ဝိုင်းဒေါ့မြို့ (Wyandotte) တွင် အိမ်ခြံမြေအကျိုးဆောင်လူငယ်တစ်ဦးသည် လမ်းလယ်၌ မှတ်ပုံတင်နှင့် ငွေအပြည့်ပါသော ပိုက်ဆံအိတ်တစ်လုံးကောက်ရခဲ့သည်။
အလွန်အလုပ်များသည့်ကြားမှ ထိုလူငယ်သည် ပိုက်ဆံအိတ်ကို ပိုင်ရှင်၏ အိမ်ရှေ့သို့ သွားကာ ချထားပေးခဲ့ကာ ပိုက်ဆံအိတ်ကျပျောက်ခဲ့သော မိသားစုက လူငယ်၏ ရိုးသားကြင်နာတတ်မှုကို များစွာ ကျေးဇူးတင်လျက်ရှိသည်။
ဝိုင်းဒေါ့မြို့နေ မီရှဲ ဂျွန်ဆင် (Michelle Johnson) အမည်ရှိ အမျိုးသမီးကြီးသည် နေအိမ်၏ စောင့်ကြည့် ကင်မရာမှ ဗွီဒီယိုမှတ်တမ်းတစ်ခုကို ကြည့်ရှုမိရာ လူစိမ်းတစ်ဦးသည် နေအိမ်ဆင်ဝင်ရှေ့သို့ ချဉ်းကပ်လာပုံကို တွေ့ရသည်။
ထိုလူငယ် မည်သူဖြစ်သည်ကို မီရှဲ မသိချေ။ မီရှဲလ်သည် မူလတန်းပြ ဆရာမတစ်ဦးဖြစ်သည်။
“ပြီးတော့ သူက စီစီတီဗွီကင်မရာရှေ့မှာ ပိုက်ဆံအိတ်တစ်လုံး ထောင်ပြပါတယ်” ဟု မီရှဲလ်က ပြောသည်။
(▲ အိမ်ခြံမြေအကျိုးဆောင် ဒွန်နီ ဟန်ဆန်က ပိုက်ဆံအိတ် လာပေးသွားပုံ။ ဓာတ်ပုံ-Michelle Johnson)
ဗွီဒီယိုကို ကြည့်ရှုပြီးနောက် မီရှဲလ်က ဆင်ဝင်ရှေ့သို့ ထွက်ကြည့်ရာ အလှဆင်ပစ္စည်းတချို့၏ နောက်ဘက်တွင် ပိုက်ဆံအိတ်ကို ဝှက်ကာ ထားခဲ့သည်ကို တွေ့ရသည်။
အသက် ၂၆ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင် ဒွန်နီ ဟန်ဆန် (Donnie Hanson) ပြန်လာပေးသွားသော ပိုက်ဆံအိတ်မှာ သားဖြစ်သူ ကျပျောက်သွားသော ပိုက်ဆံအိတ်ဖြစ်နေသည်ကို မီရှဲလ် တွေ့လိုက်ရသည်။
မီရှဲလ်၏ သားဖြစ်သူမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး ရုံးပိတ်ရက်များတွင် ရရှိထားသော tip money ငွေများကို အဆိုပါ ပိုက်ဆံအိတ်ထဲတွင် ထည့်ထားခြင်းဖြစ်ကာ ဒေါ်လာ ၁၀၀ နီးပါးအပြင် မှတ်ပုံတင်လည်း ပါဝင်သည်။
“သူက Detroit Symphony Orchestra မှာ တနင်္ဂနွေနေ့တွေ ဝိုင်းကူလုပ်ပေးပြီး tip money တွေ ရပါတယ်။ အဲဒီငွေတွေက သူရထားတဲ့ tip တွေ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်” ဟု မီရှဲလ်က ပြောသည်။
ဒွန်နီ ဟန်ဆန်သည် အလွန်အလုပ်များသည့် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်ပြီး တစ်ခုသော မွန်းလွဲပိုင်းတွင် လမ်းပေါ်၌ ပိုက်ဆံအိတ်ကို တွေ့ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် ၁၇ လမ်းပေါ်မှာ ရှိနေတုန်း လမ်းလယ်မှာ ပိုက်ဆံအိတ်ကို တွေ့ခဲ့တာပါ။ တစ်ယောက်ယောက် တော့ အပျော်လွန်၊ အမူးလွန်ပြီး ပိုက်ဆံအိတ် ကျကျန်ခဲ့ပြီ….လို့ တွေးခဲ့မိပါတယ်။ ပိုက်ဆံအိတ်ထဲမှာ မှတ်ပုံတင်လည်း တွေ့ပါတယ်။ ဒါကို ပြန်ပေးရမယ်လို့ တွေးမိပါတယ်” ဟု ဟန်ဆန်က တစ်ချက်မျှ ပြုံးလိုက်ရင်း ပြောပြသည်။
မိမိလည်း ယခင်က ပိုက်ဆံအိတ်ကျပျောက်ဖူးကြောင်း၊ မည်သူမှ မိမိကို ပြန်မပေးကြောင်း ဟန်ဆန်က ပြောသည်။
အခြားသူများ မိမိအပေါ် မလုပ်ဆောင်ခဲ့သည့်လုပ်ရပ်ကို မိမိက လုပ်ဆောင်ရန် ဟန်ဆန်ဆုံးဖြတ်ခဲ့သည်။
မီရှဲလ်က ဝမ်းနည်းကာ ငိုချမိမတတ်ခံစားရကြောင်း၊ ဟန်ဆန်၏ ရိုးသားမှုနှင့် အကြင်နာတရားကို လက်ဆင့်ကမ်းသယ်ဆောင်ပေးသွားရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။
(▲ ပိုက်ဆံအိတ်ကျပျောက်သော လူငယ်၏ မိခင်ဖြစ်သူ မီရှဲလ်။ ဓာတ်ပုံ-WXYZ)
မီရှဲလ်က ပြောသည်မှာ သားဖြစ်သူမှာ မီချီဂန်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ပြီး ထိုနေ့က သူ၏ကားကို ဆီဖြည့်ကာ သူငယ်ချင်းတစ်ဦး၏ နေအိမ်သို့ သွားခဲ့ကြောင်း၊ လမ်းတွင် ပိုက်ဆံအိတ်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
အနိဌာရုံ သတင်းများသာ ကြီးစိုးနေသော မျက်မှောက်ခေတ်ကြီးတွင် လူကောင်းများ ရှိနေသေးကြောင်း ပြသလိုက်သည့် ဖြစ်ရပ်တစ်ခုပင်တည်း။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: (Donnie Hanson returning the wallet. Michelle Johnson) WXYZ DETROIT