လက်တင် အမေရိက နိုင်ငံများ ထဲမှ နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အီကွေဒေါ နိုင်ငံသည် အငြိမ်းစားယူပြီး နေသင့်သည့် နေရာများတွင် နံပတ် တစ်နေရာ သတ်မှတ် ခံခဲ့ရကြောင်း သိရသည်။
အီကွေဒေါ နိုင်ငံသည် အိမ် ခြံ မြေ ဈေးနှုန်း သင့်တင့်ခြင်း၊ အငြိမ်းစား ပင်စင်စားများ၏ လစာ လုံလောက်ခြင်း၊ သင့်တင့်သော ကုန်ဈေးနှုန်း နှင့် နေရောင်ခြည် ကောင်းစွာ ရရှိသော နေရာများစွာ တို့ကြောင့် ယခုကဲ့သို့ သတ်မှတ် ခံရခြင်း ဖြစ်သည်။ နိုင်ငံ၏ ရာသီဥတု ကောင်းမွန်မျှတခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိခြင်းနှင့် နေထိုင်မှု စရိတ် သင့်တင့်ခြင်းတို့ကို ခွဲခြမ်း စိတ်ဖြာပြီးနောက် International Living Magazine မှ အဆင့် သတ်မှတ်ခဲ့ရာ အီကွေဒေါ နိုင်ငံက ထိပ်ဆုံး၌ ရပ်တည် နိုင်ခဲ့သည်။
အငြိမ်းစား ပင်စင်စားများ အတွက် သင့်တော်သော နိုင်ငံ (၂၅) နိုင်ငံကို စစ်တမ်း ပြုလုပ်ကာ ယခုကဲ့သို့ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အီကွေဒေါ နိုင်ငံတွင် လူနေမှု စရိတ်မှာ အမြဲပင် နည်းပါးပြီး အငြိမ်းစား ဇနီးမောင်နှံများ အနေဖြင့် တစ်လလျှင် ဒေါ်လာ (၁၄၀၀) ၀န်းကျင်ခန့်သာ ကုန်ကျမှုရှိကြောင်း သိရသည်။
ထို့ပြင် အငြိမ်းစားများ အနေဖြင့်၊ နိုင်ငံတွင် နေထိုင် ရသည်မှာ သက်သောင့် သက်သာ ရှိကြောင်း၊ ပြည်ပသို့ လေယာဉ် ခရီးစဉ်များ သွားလာရာတွင်လည်း ဈေးနှုန်း လျှော့ပေးသလို ရုပ်ရှင်ကြည့်ရာတွင်လည်း လက်မှတ်ခ တစ်ဝက်သာ ပေးရသည်။ ထို့ပြင် ပြည်တွင်း ခရီး သွားလာမှုများတွင်လည်း ပင်စင် စားများကို အမြဲ ဈေးလျှော့ ယူသည့် အပြင် အခြား အစိုးရနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ များတွင်လည်း ဈေးနှုန်း သက်သာစွာ သတ်မှတ် ထားကြောင်း သိရသည်။
တောင်အမေရိကတိုက်၏ အနောက်မြောက်နှင့် အနောက်ဘက် ကိုလံဘီယာနှင့် ပီရူးနိုင်ငံတို့ အကြားတွင် ရှိသည့် အီကွေဒေါ နိုင်ငံတွင် ပြည်ပမှ လာရောက် အခြေချ နေထိုင်သူ (၁၄၀၀၀) ကျော်ရှိပြီး အားလုံးကလည်း နိုင်ငံတွင် နေထိုင် ရသည်ကို နှစ်ခြိုက်ကြောင်း စစ်တမ်းများ အရ သိရသည်။
အီကွေဒေါ၏ နောက်တွင် တောင်အမေရိက နိုင်ငံဖြစ်သည့် ပနားမား နိုင်ငံသည်လည်း အငြိမ်းစားများ အတွက် သင့်တော်သော နိုင်ငံစာရင်းတွင် နံပါတ် နှစ်နေရာ တွင် ဖော်ပြခံရပြီး၊ နိုင်ငံတွင်လည်း ပင်စင်စားများ အတွက် သင့်တော်သော အစီအစဉ်များ ထားရှိ ထားကြောင်းသိရသည်။
ပနားမား နိုင်ငံတွင် အငြိမ်းစား တစ်ယောက် အနေဖြင့် တစ်လဒေါ်လာ တစ်ထောင်ခန့်သာ ကုန်ကျစရိတ်ရှိပြီး ဆေးကုသမှု၊ ဖျော်ဖြေရေး၊ စားသောက်ဆိုင်များတွင် စားသုံးမှု၊ လေယာဉ်စရိတ်၊ လျှပ်စစ်မီတာခနှင့် ဖုန်းဘီလ်များတွင် လျှော့ပေါ့မှုများစွာ ပေးထားကြောင်း သိရသည်။
အငြိမ်းစားများ အတွက် နေထိုင်ရန် သင့်တော်သည့် ဥရောပ နိုင်ငံများတွင် စပိန်၊ မော်လ်တာနှင့် ပေါ်တူဂီ နိုင်ငံများက ထိပ်ဆုံး နေရာတွင် ရပ်တည်နေပြီး အာရှတွင်မူ မလေးရှားနှင့် ထိုင်းတို့က ရပ်တည်လျက် ရှိသည်။
အငြိမ်းစား ပင်စင်စားများ အတွက် ကမ္ဘာ့ အကောင်းဆုံး (၁၀) နိုင်ငံ
(၁) အီကွေဒေါ
(၂) ပနားမား
(၃) မက်္ကဆီကို
(၄) မလေးရှား
(၅) ကော့စတာရီကာ
(၆) စပိန်
(၇) မော်လ်တာ
(၈) ကိုလံဘီယာ
(၉) ပေါ်တူဂီ
(၁၀) ထိုင်း
Credit: messenger