ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့ ဇနီးမောင်နှံသည် ယခုနှစ်သစ်ကူးကာလအတွင်း မီယာမီကမ်းခြေရှိ အိပ်ခန်း ၄ ခန်းပါ ကမ်းခြေကွန်ဒိုခန်းတစ်ခန်းကို အပြီးသတ်ဝယ်ယူနိုင်ရန် စီစဉ်လျက်ရှိသည်။
အဆိုပါအခန်းသည် ကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်းဈေးခေါ်ထားသည့်အခန်းဖြစ်ပြီး ပရစ်ဇ်ကာဆုရ ဗိသုကာအဖွဲ့ Foster+Partners မှ ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့သည့် ကမ်းခြေကွန်ဒိုတစ်ခုဖြစ်သော Faena House တွင် တည်ရှိသည်။
ယခုဇန်နဝါရီလအတွင်း အပြီးအသတ်အရောင်းအဝယ်ဖြစ်မည်ဖြစ်ပြီး နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းကိုမူ မသိရချေ။ ကွန်ဒိုခန်း၏ အကျယ်အဝန်းမှာ စတုရန်းပေ ၄၇၀၀ အထိ ကျယ်ဝန်းပြီး အခန်းပတ်လည်တွင် လသာဆောင်ဖြင့် ဝန်းပတ်ထားကြောင်း ဈေးကွက်တင်ခဲ့သည့် Douglas Elliman ကုမ္ပဏီမှ အိုရန် အလက်ဇန္ဒားက ပြောကြားသည်။
ကွန်ဒိုခန်းသို့ စတင်ဝင်ရောက်သွားလျှင် ကျယ်ဝန်းလှသည့် အခန်းကြီးတစ်ခုသို့ စတင်ရောက်ရှိမည်ဖြစ်ပြီး အဆိုပါအခန်းကို ဧည့်ခန်းနှင့် ညစာစားခန်းများအဖြစ် ပြန်လည်ပိုင်းခြားထားသည်။
အဆိုပါအခန်းများ၏ ပတ်လည်တွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းပေါက်များ ဝန်းပတ်ထားပြီး ပင်လယ်ကို စီးမိုးတွေ့မြင်နေရသည်။
ဖလော်ရီဒါတောင်ပိုင်းတွင် နာမည်ကျော် ဒီဇိုင်နာဖြစ်သူ ဖန်နီဟိမ်းက ခေတ်ပေါ် မော်ဒန်မီးများ အသုံးပြုသည့် pared-down interiors အလှဆင်ပစ္စည်းများကို အရောင်ဖျော့ သစ်မာသားကြမ်းခင်းများ၊ အရောင်ရင့်သစ်များဖြင့် ရောယှက်မွမ်းမံပေးထားသည်။
အီတလီပရိဘောဂကုမ္ပဏီ မော်လ်တီနီလုပ် အဖြူရောင်လိုက်ကာအုပ် တောက်ပသော မီးဖိုဆောင်ကိုလည်း တွေ့ရသည်။
အသက် ၄၁ နှစ်ရှိပြီဖြစ်သော ကင်ညေးဝက်စ်သည် အဝတ်အထည်လုပ်ငန်းသို့ ၂၀၁၅ ခုနှစ်တွင် ခြေချထားပြီး ကင်မ်ကာဒါရှီယန်ကလည်း D-A-S-H အဝတ်အထည်ကုမ္ပဏီကို ညီမများနှင့်အတူ ပူးတွဲပိုင်ဆိုင်ထားသည်။
Master bedroom အတွင်းတွင် အဝတ်အစားထားသိုခန်းတစ်ခု ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)