ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ထိုင်းနိုင်ငံမှာ မိခင်ရဲ့ အနီးကပ်အုပ်ထိန်းမှုမရတဲ့ ကလေးငယ်တစ်ဦးဟာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်ခဲ့ပြီး အခုချိန်မှာ ၈ နှစ်သားအရွယ်ရှိနေပါပြီ။ ဒီကလေးဟာ လူစကားမပြောတတ်ဘဲ ခွေးလိုပဲ ဟောင်တတ်ရှာပါတယ်။
ကလေးငယ်ကို တွေ့ခဲ့တဲ့ ကျောင်းအုပ်ဆရာတစ်ဦးရဲ့ သတင်းပို့တင်ပြမှုအရ ထိုင်းအာဏာပိုင်တွေက ဒီကလေးကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။ဒီကလေးမှာ အမေရှိပါတယ်။ သူတို့နေတာက ထိုင်းနိုင်ငံမြောက်ပိုင်း ဥတ္တရာဒစ်ပြည်နယ်မှာဖြစ်ပြီး အိမ်ကတော့ တစ်ထပ်ပျဉ်ထောင်အိမ်လေးပါ။
အိမ်နီးချင်းတွေ ပြောတာကတော့ ကလေးအမေက ရွာနီးချုပ်စပ်နဲ့ ဘုန်းကြီးကျောင်းတွေကိုသွားပြီး တောင်းရမ်းစားသောက်သူဖြစ်တယ်လို့ ပြောပါတယ်။
အမေက အိမ်မှာ ရှိချိန်နည်းပြီး သားလေးကို ခွေးတွေနဲ့ပဲ ထားခဲ့တာကြောင့် ကလေးအတွက် အဖော်ဆိုလို့ ခွေး ၆ ကောင်ပဲ ရှိပါတယ်။
အိမ်နီးချင်းတွေကလည်း သူတို့သားသမီးတွေကို ဒီကလေးနဲ့ အပေါင်းအဖော် မလုပ်ခိုင်းကြပါဘူး။ဒီတော့ ကလေးငယ်ဟာ သင်းကွဲအထီးကျန်နေပြီး သူ့မှာ အဖော်ဆိုလို့ ခွေးတွေပဲ ရှိပါတော့တယ်။
ကလေးငယ်ရဲ့ အခြေအနေကို သိရတဲ့ ထိုင်းအာဏာပိုင်တွေက ကလေးကျောင်းတက်ဖို့ အစိုးရထောက်ပံ့ကြေး ဘတ် ၄၀၀ (၁၂ ဒေါ်လာ) ပေးခဲ့ပေမယ့် ကလေးကတော့ ၂ နှစ်လောက်ကြာတဲ့အထိ ကျောင်းမတက်နိုင်ခဲ့ဘူးလို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod English က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ထိုင်းအာဏာပိုင်တွေဟာ ခနော်နီ ခနော်နဲ့ အိမ်လေးရှိရာကို ရောက်လာပါတယ်။
ရွာလေးက ကျောင်းအုပ်ဆရာမ Paveena Hongsakul က ကလေးအတွက် ရင်လေးမိတယ်လို့ ပြောဆိုခဲ့တာကြောင့် အခုလို ထိုင်းအာဏာပိုင်တွေ ရောက်လာတာပါ။
အာဏာပိုင်တွေ ရောက်သွားတဲ့အခါမှာ ဒီကလေးအပြင် သူ့အမေနဲ့ အသက် ၂၃ နှစ်အရွယ် သူ့အစ်ကိုကို တွေ့ပါတယ်။
သူတို့နှစ်ယောက်လုံး မူးယစ်ဆေးဝါးတွေ သုံးထားတာ တွေ့ရတယ်လို့ ပြောပါတယ်။ “သူက စကားမပြောတတ်ပါဘူး။ ဟောင်ပဲဟောင်တတ်တယ်။ ဒီလိုမြင်ရတာ ကျွန်မ သိပ်ကို သနားမိပါတယ်ရှင်” လို့ ကျောင်းအုပ်ဆရာမ Paveena က ပြောပါတယ်။
ကလေးငယ်နေတဲ့ ရွာက မူးယစ်ဆေးသမားတွေ ကျက်စားတဲ့နေရာဖြစ်ပြီး ကလေးမိခင်နဲ့ အစ်ကို ၂ ယောက်လုံးက ဆေးသမားတွေပါ။ ရဲတပ်ဖွဲ့က သူတို့ ၂ ယောက်ကို ဆေးမှုနဲ့ ဖမ်းလိုက်ပါတယ်။
Paveena ဟာ ကလေးငယ်နဲ့ မိခင်တွေကို စောင့်ရှောက်ပေးတဲ့ Paveena Hongsakul ဖောင်ဒေးရှင်းရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။
Paveena က ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဒီကလေးကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပါ။
(ကလေးငယ်၏ မိသားစုနေထိုင်သော ခနော်နီ ခနော်နဲ့ ခြေတံရှည် ပျဉ်ထောင်အိမ်လေး။ ဓာတ်ပုံ-Handout)
ကလေးငယ်ဟာ မူကြိုကျောင်း တစ်ခါမှ မတက်ခဲ့ဖူးပါဘူး။
၁ တန်းကျောင်းသားအရွယ်လောက်ကတော့ ကျောင်းသွားခဲ့ဖူးပါတယ်။
ဒါပေမယ့် သူ့အမေက နောက်နေ့မှာ ကျောင်းမသွားခိုင်းပါဘူး။
“ကလေးအတွက် ပညာရေးထောက်ပံ့ငွေ ယူပြီးနောက်ပိုင်း သူ့အမေက သူ့ကို ကျောင်းသွားခွင့် မပေးခဲ့ဘူး။ မိခင်လုပ်တဲ့သူက ထောက်ပံ့ငွေယူထားပြီး ကလေးကို အိမ်မှာပဲ ထားထားပါတယ်”
စကားတောင် မပြောတတ်အောင် လစ်လျူရှုခံထားရတဲ့ ကလေးငယ်အကြောင်းဟာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ အံ့အားသင့်တုန်လှုပ်နေကြပါတယ်။
အခုချိန်မှာတော့ ဒီကလေးဟာ ခိုလှုံရာစခန်းတစ်ခုမှာ ရောက်နေပြီး ဘေးကင်းလုံခြုံနေပါပြီ။
ကလေးစောင့်ရှောက်ရေးဖောင်ဒေးရှင်းတစ်ခုကလည်း သူ့ရဲ့ပညာရေးအတွက် ထောက်ပံ့ကူညီသွားမယ်လို့ ကတိပြုထားပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Neglected boy, 8, raised by dogs in Thailand ‘didn’t speak, just barked’ (scmp)