ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဒွိန်းဂျွန်ဆင်၏ အမည်ရင်းမှာ ဒွိန်း ဒေါက်ဂလပ် ဂျွန်ဆင်ဖြစ်သော်လည်း နပန်းသမားတစ်ဦးလည်းဖြစ်သော ဂျွန်ဆင်၏ ကြိုးဝိုင်းနာမည်ဖြစ်သည့် The Rock အမည်ဖြင့်သာ လူသိများသည်။
သူသည် ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ နပန်းသမားဘဝများဖြင့် ကျင်လည်ခဲ့သည်။
ချန်ပီယံဆုပေါင်းများစွာ ရရှိထားပြီး သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး နပန်းသမားများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ထားခြင်းခံရသူလည်း ဖြစ်သည်။
ဟောလိဝုဒ်ကြယ်ပွင့် ဒွိန်းဂျွန်ဆင်သည် မိခင်ကို နှစ်သစ်ကူးလက်ဆောင်အဖြစ် နေအိမ်သစ်တစ်လုံး ဝယ်ပေးခဲ့သည်။
အသက် ၄၆ နှစ်ရှိပြီဖြစ်သော သားဖြစ်သူ၏ လက်ဆောင်ကြောင့် မိခင်မှာ မျက်ရည်ကျခဲ့ရသည်ဟု ဆိုသည်။
ဒွိန်းက မိခင်နှင့်အတူ ခရစ္စမတ်ကဒ်အား ဖွင့်ကြည့်နေပုံကို ဗွီဒီယိုဖိုင်ရိုက်ကူးထားခဲ့သည်။
အသက် ၇၀ ရှိပြီဖြစ်သော မိခင်ဖြစ်သူ အေတာက ခရစ္စမတ်ကဒ်ကို ဖွင့်၍ ဖတ်ရှုကြည့်ခဲ့ပြီး မျက်ရည်များ ကျလာခဲ့သည်။ ခရစ္စမတ်ကဒ်တွင် ရေးသားထားသည်မှာ အမေ့ကို ကျွန်တော်တို့ချစ်တယ်။
ပျော်ရွှင်ဖွယ်ခရစ္စမတ်ဖြစ်ပါစေ။ ဒီလက်မှတ်ဟာ နေအိမ်အသစ်တစ်လုံးအတွက် လက်မှတ်ဖြစ်ပါတယ်ဟု ရေးသားထားသည်။ အေတာက ၃ နှစ်အရွယ်မြေးမကလေး ဂျက်စမင်းဘက်သို့လှည့်ကာ “ဘွားဘွား အိမ်သစ်တစ်လုံးရပြီ” ဟု ပြောလိုက်သည်။
ဒွိန်းဂျွန်ဆင်က သူ၏ အင်စတာဂရမ်စာမျက်နှာတွင်လည်း မိခင်ကြီးအားနေအိမ်သစ်ဝယ်ပေးခဲ့ပုံကို ရေးသားထားခဲ့သည်။
အင်စတာဂရမ်တွင် ဒွိန်းက ရေးသားထားရာ၌ မိခင်ကြီးအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် နေအိမ်သစ်ဝယ်ပေးခဲ့ကြောင်း၊ ယခင်က မိမိတို့မိသားစုသည် နိုင်ငံတဝန်းရှိ တိုက်ခန်းကျဉ်းကလေးများတွင် နေထိုင်ခဲ့ရကြောင်း၊ပြည်နယ်တစ်ခုမှ တစ်ခုသို့ ကူးသန်းကာ ဂျစ်ပစီများအလား နေထိုင်ခဲ့ရကြောင်း၊ မိဘများအတွက် ၁၉၉၉ ခုနှစ်တွင် ပထမဆုံးအကြိမ် နေအိမ်တစ်လုံးဝယ်ပေးခဲ့ကြောင်း၊ ယင်းနောက်ပိုင်းမှ စကာ မိဘများ လိုအပ်သမျှ အိမ်များ၊ ကားများကို ဝယ်ပေးခဲ့ကြောင်း၊ ယခုဝယ်ယူပေးလိုက်သောနေအိမ်မှာမူ အထူးကောင်းမွန်လှသည့် နေအိမ်ဖြစ်ကြောင်း ရေးသားထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)