ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ညအခါတွင် ကြောင်အိမ်ထဲ၌ ခွေခွေကလေး အိပ်နေရသည်ဆိုခြင်းမှာ ရုတ်တရက်ကြည့်လျှင် သမိုင်းကောလာဟလ တစ်ခုသာဖြစ်နိုင်သည်ဟု မှတ်ထင်စရာ ရှိသည်။
သို့သော် အလယ်ခေတ်မှသည် ၂၀ ရာစု အစောပိုင်းကာလများအထိ ရာစုနှစ်များစွာ ဥရောပသားတို့ ကြောင်အိမ်ထဲတွင် အိပ်ကြခြင်းမှာ သမားရိုးကျဖြစ်ရပ်တစ်ခုသာ ဖြစ်ခဲ့သည်။
အလုံပိတ်ထားသော ကြောင်အိမ် အိပ်ရာတို့တွင် အိပ်စက်ရခြင်း၌ အကြောင်းရင်းများ ရှိနေသည်။
ထိုအိပ်ရာတို့သည် ဥရောပ၏ ထိုခေတ်အခြေအနေများနှင့်ဆိုလျှင် လက်တွေ့ကျသော လုပ်ဆောင်မှုဟု ဆိုနိုင်သည်။
((အအေးဒဏ်ကို ပညာသားပါပါ အံတုခြင်း))
အဘယ်ကြောင့် ကြောင်အိမ်ထဲတွင် အိပ်ရသနည်းဆိုသည်ကို နားလည်နိုင်ရန်အတွက် အလယ်ခေတ် ဥရောပသားတို့၏ လူနေမှုဟန်ပန်များကို စေ့ငုကြည့်ရန် လိုအပ်သည်။
အလယ်ခေတ်က ဥရောပရှိ နေအိမ်အများစုမှာ သေးငယ်ကာ အပူအအေးဒဏ်ကို ကောင်းစွာ ကာကွယ်နိုင်စွမ်း မရှိချေ။
နေအိမ် အလယ်ဗဟိုရှိ မီးလင်းဖိုမှ အပူဓာတ်သာရှိရာ တစ်အိမ်လုံးသို့ အနွေးဓာတ် မဖြန့်ကျက်နိုင်။
ဥရောပ၏ ဆောင်းကာလများမှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းလှအောင် အရိုးကွဲမတတ် အေးခဲသည်။
ထူထဲသည့် အနွေးဝတ်ရုံများမရှိဘဲ အိမ်ပြင်ပတွင် အချိန်အတန်ကြာနေထိုင်ပါက သွေးခဲကာ သေဆုံးသွားနိုင်သည်။
ထို့ကြောင့် ကြောင်အိမ်ထဲတွင် အိပ်စက်ခြင်းမှာ ဉာဏ်ကောင်းကာ ပညာသားပါသော နေထိုင်မှု ဖြစ်သည်။
ကြောင်အိမ် အိပ်ရာလေးများသည် ကိုယ်ပိုင်ရာသီဥတုငယ်ကို ဖန်တီးထားကာ အနွေးဓာတ်ကို ထိန်းပေးထားသည်။
(မှတ်ချက်။ ဤနေရာတွင် သတိချပ်ရမည့်အချက်တစ်ခုမှာ သေတ္တာသဖွယ်၊ ကြောင်အိမ်သဖွယ် အိပ်ရာမျိုးကို အလယ်ခေတ်က ဥရောပတွင် လူတိုင်း အားလုံးအသုံးပြုခဲ့သည်ဟု ပြောဆို၍ကား မရချေ။ နေရာဒေသ၊ လူနေမှု အဆင့်အတန်းနှင့် အချိန်ကာလအလိုက် ကွာခြားမည် ဖြစ်သည်။)
Lit Clos ဟုခေါ်သော သေတ္တာသဖွယ် အိပ်ရာများကို အလယ်ခေတ်၊ မျက်မှောက်ခေတ်သစ် အစောပိုင်း ကာလများတွင် ဥရောပ၌ အသုံးပြုခဲ့ကြသည်။
အထူးသဖြင့် ကြောက်မက်ဖွယ် အေးစက်လှသည့် ဒေသများဖြစ်သော စကင်ဒီနေးဗီးယား၊ အဲလ်ပ်တောင်တန်း၊ စကော့တလန်နှင့် ပြင်သစ် ကျေးလက်ဒေသတို့တွင် ဖြစ်သည်။
ကြောင်အိမ် အိပ်ရာများကို ပြုလုပ်ပုံမှာ သစ်သားပုံးအသွင် ဖန်တီးကြပြီး တံခါးများနှင့် လိုက်ကာများ တပ်ဆင်ထားရှိကာ အနွေးဓာတ်ကို ထိန်းထားပေးသည်။
ကြောင်အိမ် အိပ်ရာတို့၏ အခြားအကျိုးကျေးဇူးတစ်ခုမှာ အိပ်ခန်း ၁ ခန်းတည်းသာရှိသော နေအိမ်မျိုးတွင် အခြားမိသားစုဝင်တို့နှင့် အဆက်ဖြတ်ထားနိုင်သည့် သီးခြား privacy ရှိမှု ရမည် ဖြစ်သည်။
ကျေးလက်တွင် နေထိုင်သူတို့ကမူ ကြောင်အိမ် အိပ်ရာကို အသုံးမပြုကြ။ ကောက်ရိုးထည့်ထားသည့် မွေ့ယာများဖြင့် မီးလင်းဖိုအနီးတွင် အိပ်စက်ကြသည်။ ကြောင်အိမ် အိပ်ရာကို အဓိက အသုံးပြုခဲ့သည့်ကာလမှာ ၁၆ ရာစုမှ ၁၉ ရာစုအထိ ဖြစ်သည်။
((သမိုင်း အထောက်အထားများ))
၁၅၀၀ ပြည့်လွန်ကာလများက ရေးဆွဲခဲ့သော ပန်းချီကားများတွင် ကြောင်အိမ် အိပ်ရာများကို ထည့်သွင်းရေးဆွဲခဲ့သည်များ ရှိသည်။
သို့သော် အလယ်ခေတ်အစောပိုင်းတွင် အသုံးပြုခဲ့သည့် သမိုင်းအထောက်အထားများ မတွေ့ရ။
ပြင်သစ်နိုင်ငံရှိ Muse Des Arts Populaires ကဲ့သို့ ပြတိုက်များတွင် ၁၈ ရာစုမှ ၁၉ ရာစုအကြား အသုံးပြုခဲ့သော်ကြောင်အိမ် အိပ်ရာများကို ပြသထားသည်။
ကြောင်အိမ် အိပ်ရာများမှာ အနွေးဓာတ်ကို ထိန်းပေးထားသည်ဆိုသော်လည်း ကျဉ်းကြုပ်လှခြင်း၊ လေဝင်လေထွက်အားနည်းခြင်းတို့ကြောင့် မျက်မှောက်ခေတ် စံနှုန်းအရ သဘောကျဖွယ် မရှိချေ။
ကြောင်အိမ် အိပ်ရာများအကြောင်းကို Geof Egan ရေးသားသော The Medieval Household စာအုပ်တွင် ဖော်ပြထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Why people in the Middle Ages used to sleep in wooden cupboards (glassalmanac)