ဟစ်ပ်ဟော့ နတ်ဖုရားမဟု တင်စားခေါ်ဝေါ်ခြင်းခံရသူ လီကင်မ်၏ အမေရိကန်ရှိ နေအိမ်ကို ကြမ်းခင်းဈေး ဒေါ်လာ ၁၀၀ ဖြင့် လေလံတင်ရန် စီစဉ်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရောင်းချမည့် နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ အယ်လ်ဖိုင်းမြို့တွင် တည်ရှိသည်။
မကြာသေးမီက ခန့်မှန်းချက်များအရ အဆိုပါနေအိမ်၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၃ သန်းခန့်ရှိသည်ဟုဆိုရာ ယခုအခါ ဒေါ်လာ ၁၀၀ မျှဖြင့် လေလံတင်လာခြင်းလည်း ဖြစ်သည်။
အယ်လ်ဖိုင်းမြို့သည် စည်ကားသောမြို့ကလေးတစ်မြို့ဖြစ်ပြီး နယူးယောက်မြို့၏ နာမည်ကျော် မန်ဟက်တန်အရပ်နှင့် ၁၅ မိုင်ခန့်သာ ဝေးကွာပြီး အမေရိက၏ အကြွယ်ဝအချမ်းသာဆုံးပုဂ္ဂိုလ်များ နေထိုင်ကြရာ နေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။
လီကင်မ်၏ တရားဝင်အမည်မှာ ကင်ဘာလေ ဂျုန်းစ်ဖြစ်ပြီး ယခုနေအိမ်ကို ၂၀၀၂ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ခြံဝန်းအကျယ်မှာ ၂ ဧကခန့်ရှိပြီး နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၆၀၀၀ ခန့်ရှိသည်။
လီကင်မ်သည် ယခုနေအိမ်ကို ၂၀၀၂ ခုနှစ်၊ မေလအတွင်း ကန်ဒေါ်လာ ၂၂၇၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဘဏ်၏ချေးငွေကို လစဉ်ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခဲ့ရာ ၂၀၁၀ ပြည့်နှစ်တွင် HBC ဘဏ်က လီကင်မ်ကို တရားစွဲခဲ့သည်။
ယင်းနောက်ပိုင်းတွင် တစ်လလျှင် ဘဏ်ချေးငွေအတွက် ကန်ဒေါ်လာ ၉၉၃၅ ပြန်လည်ပေးဆပ်ခဲ့ရပြီး ယခုအခါတွင် ပေးသွင်းရန် ပျက်ကွက်မှုကြောင့် တရားရုံးက လေလံတင်ရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။
လီကင်မ်သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း အဆိုပါနေအိမ်တွင် သမီးဖြစ်သူ ရွိုင်ယယ် ရိန်း စက်ဘီးစီးသင်နေပုံ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သေးသည်။
လီကင်မ်ကို ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် မွေးဖွားခဲ့ပြီး အမေရိကန် ရက်ပါ၊ တေးရေး၊ တေးထုတ်လုပ်သူ ၊ မိုဒယ်၊ သရုပ်ဆောင်မင်းသမီးအဖြစ် ဘဝဖြတ်သန်းခဲ့သည်။
သူ၏ အနုပညာခရီးတစ်လျှောက် တေးစီးရီး ချပ်ရေ ၁၅ သန်းနှင့် ဆင်ဂယ်ဓာတ်ပြားပေါင်း သန်း ၃၀ ရောင်းချခဲ့ရပြီးဖြစ်သည်။
သူ၏ သီချင်းများဖြစ်သော "No Time", "Big Momma Thang", နှင့် "Ladies Night" သီချင်းများကို Complex မဂ္ဂဇင်းက အမျိုးသမီးများ သီဆိုသည့် အကောင်းဆုံး ရက်ပ်သီချင်း ၅၀ စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။
လီကင်မ်သည် လူ့သမိုင်းတစ်လျှောက် သြဇာအလွှမ်းဆုံး ရက်ပ်အဆိုတော်များတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခြင်းခံရပြီး “ရက်ပ် ဘုရင်မ” “ဟစ်ပ်ဟော့ နတ်ဖုရားမ” ဟု မကြာခဏတင်စားခြင်း ခံခဲ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)