ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော အိန္ဒိယအမျိုးသားတစ်ဦးက အိန္ဒိယမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲခဲ့မိသည်။
အဆိုပါ လုပ်ငန်းရှင်က မှားယွင်းငွေလွှဲလိုက်သူ၏ မိသားစုထံ သွားရောက်ကာ ငွေများ ပြန်ပေးခဲ့ရာမှတဆင့် မိန်းကလေးငယ်တစ်ဦး၏ ဘဝကို ပြောင်းလဲပေးနိုင်ခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့သည်။
အိန္ဒိယနိုင်ငံ၊ ဘင်္ဂလူရူ (ဘင်္ဂလိုဟုလည်းခေါ်ကြ) မြို့ အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ချင်းမေး ဟက်ဂျ် (Chinmay Hedge ) သည် ၎င်းကြုံတွေ့ခဲ့သည့် ထူးခြားသော အဖြစ်အပျက်တစ်ခုကို လူမှုကွန်ရက် တွင် မျှဝေ ပြောပြလာသည်။
ထိုဖြစ်ရပ်ကြောင့် မိန်းကလေးငယ်တစ်ဦး၏ ဘဝကို ပြောင်းလဲပေးနိုင်ခဲ့သည်။
X လူမှုကွန်ရက်တွင် လုပ်ငန်းရှင် ချင်းမေး၏ ပြောပြချက်အရ လွန်ခဲ့သော ၂ နှစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ု ဆိုသည်။
တစ်ရက်တွင် မိမိ၏ ဘဏ်စာရင်းသို့ ပြည်ပမှ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲ ဝင်ရောက်လာကြောင်း ချင်းမေးက ပြောသည်။
ချင်းမေးက အချောင်ရလိုစိတ်မရှိသောကြောင့် ဘဏ်သို့ အကြောင်းကြားခဲ့ရာ မှားယွင်းငွေလွှဲမှုဖြစ်ကြောင်း ပေါ်ပေါက်လာသည်။
(ချင်းမေးနှင့် သူ၏ ဖခင်ကြီးတို့နှစ်ဦး မှားယွင်းငွေလွှဲသူ၏ အိမ်သို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဓာတ်ပုံမှာ သရုပ်ဖော်သည့်အနေဖြင့် အသုံးပြုထားခြင်းသာ ဖြစ်သည်။)
မှားယွင်းငွေလွှဲသူမှာ ဆော်ဒီအာရေးဗီးယားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော အိန္ဒိယနိုင်ငံသား ရစ်ဇ်ဝမ် (Rizwan) အမည်ရှိ အမျိုးသား ဖြစ်သည်။
ချင်းမေးက ရစ်ဇ်ဝမ်ထံ ဆက်သွယ်ပြီး မိမိထံ မှားယွင်းငွေဝင်လာကြောင်း ပြောပြခဲ့သည်။
ထိုအခါ ရစ်ဇ်ဝမ်က ငိုကြွေးကာ ငွေပြန်ပေးရန် တောင်းပန်ခဲ့ပြီး အိန္ဒိယတွင်ရှိသော မိမိ၏ မိသားစုထံ ပို့ပေးခြင်း ဖြစ်ကြောင်း ပြောပြသည်။
“ကျွန်တော် ပြန်ပေးပါမယ်လို့ သူ့ကို အသေအချာပြောခဲ့ပါတယ်” ဟု ချင်းမေးက X လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။
ထို့နောက် ချင်းမေးသည် ရစ်ဇ်ဝမ်၏ မိသားစု နေအိမ်သို့ သွားခဲ့သည်။
ရစ်ဇ်ဝမ်တို့ မိသားစုမှာ ဆင်းရဲနွမ်းပါးလှသည်ကို ချင်းမေး တွေ့လိုက်ရသည်။
“သူတို့အိမ်က ပျက်စီးခြင်းငါးပါးတိုင်နေပါတယ်။ တချိန်မဟုတ်တချိန် ပြိုကျတော့မယ့် ပုံစံပါပဲ။ သူ့အဖေကလည်း ဝှီးချဲပေါ်မှာ နေရတာ။ သူ့အဖေ ပြောပြတာက တချိန်က ဆောက်လုပ်ရေးလုပ်သားဖြစ်ပြီး ၃ လွှာကနေ ပြုတ်ကျပြီးကတည်းက လမ်းမလျှောက်နိုင်တော့ဘူးတဲ့။”
ဖခင်ဖြစ်သူ လမ်းမလျှောက်နိုင်တော့သည့်နောက်ပိုင်း မိသားစုတာဝန်မှာ ရစ်ဇ်ဝမ်၏ ပုခုံးပေါ်သို့ ကျလာသည်။
B.com ဘွဲ့ရတစ်ဦးဖြစ်သူ ရစ်ဇ်ဝမ်သည် မိသားစုအတွက် ငွေရှာရန် ဆော်ဒီအာရေးဗီးယားသို့ သွားရောက်အလုပ်လုပ်ခဲ့သည်။
ချင်းမေးက ပြောပြသည်မှာ ရစ်ဇ်ဝမ်၏ ညီမငယ်လေးသည် မိသားစု စီးပွားရေးအဆင်မပြေတော့သောကြောင့် ပုဂ္ဂလိက စာသင်ကျောင်းမှ ကျောင်းထွက်လိုက်ရပြီး အစိုးရကျောင်းသို့ ပြောင်းခဲ့ရသည်ဟု ဆိုသည်။
“မှားယွင်း ငွေလွှဲလာတဲ့ ရူပီး ၅၀,၀၀၀ အပြင် ကျွန်တော့်ငွေ ရူပီး ၅၀၀၀ လည်း ထောက်ပံ့ပေးခဲ့ပါတယ်” ဟု ချင်းမေးက ပြောသည်။
ချင်းမေးက အထက်ပါဖြစ်ရပ်များကို သူ၏ ဖခင်ကြီးအား ပြောပြခဲ့သည်။
နောက်တစ်နေ့တွင် ချင်းမေးတို့ သားအဖက ရစ်ဇ်ဝမ်တို့ နေအိမ်သို့ ထပ်မံသွားရောက်ခဲ့ပြန်သည်။
ချင်းမေး၏ ဖခင်က ပြောသည်မှာ “ကျွန်တော်တို့ ဒီ..သမီးလေးရဲ့ ပညာရေးကို ဆုံးခန်းတိုင်တဲ့အထိ တာဝန်ယူပါမယ်။ သူကို စာပဲသင်ပါစေ” ဟု ပြောခဲ့သည်။
ထို့နောက် မိန်းကလေးငယ်၏ တစ်နှစ်လုံးစာ ကျောင်းစရိတ်များ ထောက်ပံ့ပေးခဲ့ပြီး အဆက်အသွယ်မပျက် နေထိုင်ခဲ့ကြသည်။
ယခုနှစ်တွင် မိန်းကလေးသည် grade 10 စာမေးပွဲ၌ အမှတ်ပေါင်း ၆၂၅ မှတ်ပေးသည့်အနက် ၆၀၆ မှတ်ရသည်အထိ ထူးချွန်စွာ အောင်မြင်ခဲ့သည်။
“ကျွန်မရဲ့ အစ်ကိုအရင်းလိုပါပဲ” ဟု ထိုမိန်းကလေးက ချင်းမေးကို ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Bengaluru Entrepreneur Sponsors Girl’s Education After Accidental Fund Transfer