အမေရိကန်ပြည်ထောင်စုတွင် ပန်းသီးကြီး Big Apple ဟု တင်စားခေါ်ဝေါ်လေ့ရှိသော နယူးယောက်မြို့တော်ကြီးတွင် စိတ်ဝင်စားဖွယ်၊ လူသိနည်းသေးသောအချက်များရှိနေသည်။
လျှို့ဝှက်ဘားခန်းများမှသည် လူသူကင်းမဲ့နေပြီဖြစ်သော သမိုင်းဝင်အဆောက်အအုံကြီးများအထိ ။
(၁) (နာမည်ကျော် “I Love NY” လိုဂို၏ စိတ်ဝင်စားဖွယ် သမိုင်းကြောင်း)
“I <3 NY” ၏ သမိုင်းကြောင်းမှာ ၁၉၇၀ ပြည့်လွန်ကာလများအတွင်း နယူးယောက်မြို့ကြီး၏ စီးပွားရေးကျဆင်းနေမှုကို ခရီးသွား လုပ်ငန်း မြှင့်တင်ပေးခြင်းအားဖြင့် ပြန်လည်ကုစားပေးနိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟုဆိုလျှင် သင်များစွာအံ့အားသင့်မည် ဖြစ်သည်။
နယူးယောက်စီးပွားကျဆင်းမှု ပိုမိုအထိနာစေသည့်အကြောင်းရင်းမှာ ၁၉၇၅ ခုနှစ်တွင် သမ္မတဖို့ဒ်က နယူးယောက်မြို့ကြီး ဒေဝါလီခံ ရမည့်အရေးကို ပြည်ထောင်စုအစိုးရက ကူညီကယ်တင်ပေးရန် ငြင်းဆန်လိုက်ခြင်းကြောင့် ဖြစ်သည်။
ယင်းသို့သောကာလတွင် နယူးယောက်မြို့ကြီး၌ ရာဇဝတ်မှုများမှာလည်း သမိုင်းတစ်လျှောက် မကြုံဖူးလောက်အောင် မြင့်မားနေသည့် အပြင် မူးယစ်ဆေးသုံးသူများလည်း အလွန်များပြားလျက်ရှိ၏။
အဆိုပါအချက်များကြောင့် နယူးယောက်သို့ လာရောက်လည်ပတ်လိုသူ ကျဆင်းသွားရာ ခရီးသွားလုပ်ငန်း များစွာ အထိနာစေရာ နယူးယောက်၏ စီးပွားရေးကျဆင်းမှုကို ပိုမိုဆိုးရွားလာစေခဲ့သည်။
ထိုသို့ အကျပ်ဆိုက်နေချိန်တွင် နယူးယောက် ကူးသန်းရောင်းဝယ်ရေးဌာနလက်ထောက်မင်းကြီး ဝီလျံ အက်စ်- ဒွိုင်းနှင့် အုပ်ချုပ်ရေးမှူးရုံးမှ မာ့ခ် ဒွန်နယ်လီတို့က အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ရန်ကြိုးပမ်း၏။၎င်းတို့နှစ်ဦးက Wells Rich Greene အမည်ရှိ ကြော်ငြာအေဂျင်စီတစ်ခုကို ငှားရမ်းလိုက်ကြ၏။ထို့အပြင် မီလ်တန် ဂလေဇာအမည်ရှိ ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးကိုလည်း ငှားရမ်းကာ ၎င်းတို့၏ ကမ်ပိန်းအတွက် လိုဂိုဖန်တီးစေခဲ့သည်။Wells Rich Greene က “I Love New York” ဟူသော slogan ကို ဖော်ထုတ်ပေး၏။
Slogan ရသောအခါ ဂလေဇာက ကမ်ပိန်းအတွက် အစည်းအဝေးတက်ရန် အငှားယာဉ်ဖြင့် သွားစဉ် အငှားယာဉ်နောက်ခန်းတွင် လိုဂိုအတွက် တွေးတောနေစဉ် ရုတ်တရက်စိတ်ကူးပေါ်ကာ အသင့်ရှိနေသည့် စာအိတ်တစ်အိတ်၏ နောက်ကြောတွင် လိုဂိုပုံကို ပုံကြမ်းချဆွဲလိုက်၏။
မူလက သူရေးဆွဲခဲ့သည်မှာ I <3 NY ဟူသည့် စကားလုံး ၃ ခုကို တစ်တန်းတည်းရေးဆွဲခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင်မူ I နှင့် <3 ကို အပေါ်တန်းတွင် ထားပြီး NY ကို အောက်ဘက်တွင် ရေးရန် ဆုံးဖြတ်လိုက်၏။
ဂလေဇာက အငှားယာဉ်နောက်ခန်းထဲတွင် စာအိတ်နောက်ကျော၌ ရေးဆွဲခဲ့သည့် မူရင်းလိုဂိုဒီဇိုင်းကို ပုံတွင် ဖော်ပြထားပါသည်။
ဂလေဇာ၏ I Love NY သည် ချက်ချင်းနာမည်ကျော်ကြားသွားခဲ့သည်။
လူငယ်များအကြား I Love NY တံဆိပ်များ တရှိန်ထိုး ပျံ့နှံ့သွား၏။
အချိန်အတန်ကြာသည်အထိ အဆိုပါလိုဂိုကို မူပိုင်ခွင့်မထားရှိခဲ့ချေ။
မူပိုင်ခွင့် ချက်ချင်းမထားရခြင်း၏ အကြောင်းရင်းမှာ လူများအကြား အရှိန်အဟုန်ဖြင့် ပျံ့နှံ့စေရန် ရည်ရွယ်ရင်း ဖြစ်သည်။
ယင်းလိုဂိုမှာ ယနေ့တိုင်ပျံ့နှံ့လျက်ရှိသေးသည်ကို ရှုမြင်ရခြင်းအားဖြင့် (မြန်မာနိုင်ငံတွင်လည်း I Love NY လိုဂိုပါ တီရှပ်များ၊ ဦးထုပ်များ ကို တွေ့မြင်နိုင်ပါသည်) လိုဂို၏ အောင်မြင်မှု ယနေ့တိုင်ရှိနေသေးသည်ကို သိနိုင်သည်။
နယူးယောက်ရှိ ဝေါထရိတ်စင်တာကို အိုစမာဘင်လာဒင်၏ တိုက်ခိုက်မှုကြီးဖြစ်ပွားပြီးနောက်ပိုင်း စည်းလုံးခြင်းကို ပြသသည့်အနေဖြင့် ယင်းလိုဂို၏ ကျော်ကြားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
9/11 တိုက်ခိုက်မှုကြီးဖြစ်ပွားပြီးနောက် ကမ္ဘာလှည့်ခရီးသည်များစွာ နယူးယောက်သို့ ရောက်ရှိခဲ့ကြကာ I Love NY များ ဝယ်ယူဝတ်ဆင်ကြပြီး အကြမ်းဖက်မှုကို ဆန့်ကျင်သည့်စည်းလုံးမှုကို ပြသခဲ့ကြသည်။
9/11 နောက်ပိုင်း ဂလေဇာက I Love NY လိုဂိုဒီဇိုင်းသစ်တစ်ခုကိုပင် ထုတ်ဝေခဲ့သေးပြီး “I <3 NY More Than Ever” ဟူ၍ အသည်းပုံပေါ်တွင် အမည်းရောင်အစက်တစ်စက်ဖြင့် ပုံဖော်ခဲ့သည်။
အဆိုပါအမည်းရောင်အစက်မှာ ဝေါထရိတ်စင်တာကို ကိုယ်စားပြုသည်။
အငှားယာဉ်၏ နောက်ခန်းတွင် ရေးခြစ်ခဲ့သော လိုဂိုတစ်ခုမှာ ယနေ့အခါ တရားဝင်အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ကန်ဒေါ်လာ သန်း ၃၀ ကျော်ဖိုး ရောင်းအားရှိသော အမှတ်တံဆိပ်တစ်ခုဖြစ်လာနေပြီ ဖြစ်သည်။
ထို့ထက် မှတ်သားဖွယ်ရာအချက်တစ်ခုမှာ မူလဖန်တီးသူ ဂလေဇာသည် အဆိုပါအမြတ်အစွန်းများမှ ခြူးတစ်ပြားပင် ရရှိခဲ့ခြင်းမရှိ ဟူသော အချက်ပင်။
ဂလေဇာသည် တစ်ပြားတစ်ချပ်မျှ မရခဲ့သော်လည်း များစွာကျော်ကြားသွား၏။
၂၀၀၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားအနုပညာဆုရရှိခဲ့ရာ အဆိုပါဆုရရှိသည့် ပထမဆုံးဂရပ်ဖစ်ဒီဇိုင်နာတစ်ဦး ဖြစ်လာသည်။
နောက်ပိုင်းတွင် ဂလေဇာသည် နယူးယောက်မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့၏။
ဂလေဇာက နယူးယောက်ကို စကြာဝဠာ၏ မြို့တော်ဟု အမည်ပေးထား၏။
ကမ္ဘာတစ်ဝန်းတွင် နယူးယောက်၏ ကျော်ကြားမှုကို တင်စားခြင်းဖြစ်သည်ဟု ဂလေဇာက ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)