မြန်မာတို့သည် သဘာဝတရားကို တန်ဖိုးထားမှီဝဲသုံးဆောင်တတ်သောသဘာဝရှိသူများဖြစ်၍ ကြည်လင်ချမ်းမြေ့မှုကိုပေးစွမ်းသည့် သဘာဝအလင်းရောင်လရောင်ခြည်ကို တိုက်ရိုက်ခံယူနိုင်ရန် ရှေးမြန်မာအိမ်များ၌လသာဆောင်များထည့်သွင်းတည်ဆောက်ထားလေ့ရှိကြောင်း တင်ပြခဲ့ဖူးသည်။
အထက်အညာအရပ်တို့တွင်တော့ လသာဆောင်နှင့်အတူ 2 in 1 တည်ဆောက်ထားသည့်
အခေါ်အဝေါ်ကတော့ ဆင်ဝင်ဟူ၏။ ဆင်ဝင်ဟူသော်လည်းဆင်ကြီးတစ်ကောင်လုံးဝင်ရောက်ခြင်းတော့မဟုတ်။ ဆင်ကိုအသုံးပြုလျက်
အလွယ်တကူဝင်ရောက်နိုင်သော အထပ်၊ အဆင့်ကို ခေါ်ဝေါ်သမုတ်ခြင်းသာဖြစ်ပေချိမ့်။
အထက်အညာဟူသည်မှာ မန္တလေး၊ ကျောက်ဆည်၊မင်းခြံ စသော အပူပိုင်းဒေသများကို
ဆိုလိုခြင်းမဟုတ်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစပ် ဗန်းမော်၊ နဘား၊
ကသာ စသောအရပ်ဒေသများကို ခေါ်ခြင်းဖြစ်သည်။
ထိုအရပ်များသည်တောတောင်ထူထပ်သည်ဖြစ်သည့်အလျောက် စီးတော်ယာဉ်အဖြစ် ဆင်ကို
အဓိကသုံးစွဲကြ၏။ တောတွေက နက်ရှိုင်းလှသည့်အတွက်လမ်းထွင်သွားလာရမြဲဖြစ်ရာ ဆင်သွားလျှင် လမ်းဖြစ်သည် ဟူသောစကားနှင့်
အလွန်လိုက်လျောညီထွေရှိလှစွာ ဆင်ကို ယာဉ်အဖြစ်သုံးစွဲခြင်းသည်သဘာဝအလွန်ကျလှပေ၏။ ထို့ပြင်တစ်ဝလည်း ဆိုခဲ့ပါဒေသများ၌
အဓိကဘိဇနက်အနေဖြင့် လုပ်ကိုင်သည်မှာ သစ်လုပ်ငန်းဖြစ်ရကားတောနက်ထဲမှသစ်လုံးများကိုမစ်နား၊ ချောင်းနားသို့ သယ်ယူပို့ဆောင်ရေးတွင်
အသုံးတည့်သော ဆက်သွယ်ရေးယန္တရားမှာ ဆင်မှတစ်ပါး အခြားမရှိလေ။
ဆိုခဲ့ပါအညာအရပ်ဒေသ၌ ဆင်သည် ကုန်ထုတ်ယန္တရားအဖြစ်လည်းကောင်း၊သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ်လည်းကောင်းအသုံးခံရသည်။ သို့သော်သစ်လုပ်ငန်းရှင်များကသာ ဆင်တို့ကိုပိုင်ဆိုင်ရလေ့ရှိသည်။
ကြေးရတတ်ဂုဏ်ကြီးရှင်တို့သာ ဆင်ကို ခရီးသွားယန္တရားအဖြစ်အသုံးပြုကြသည်။ထို့ကြောင့် သူတို့အိမ်များဆောက်ရာတွင် ခြေတံရှည်အိမ်မြင့်ကြီးများဆောက်ကာအိမ်ရှေ့ကပြင်ကို ဆင်တစ်ရပ်လွတ်အောင်မှင့်ထားသည်။
လုပ်ငန်းခွင်မှပြန်လာသည်ဖြစ်စေ၊ အလည်အပတ်မှပြန်လာသည်ဖြစ်စေ၊အလှူအတန်းပွဲလမ်းသဘင်များမှပန်လာသည်ဖြစ်စေ အိမ်ရှေ့ကပြင်နှင့်ယှဉ်၍ဆင်ကိုရပ်စေလိုက်ကာ ဆင်ကျောကုန်းပေါ်ရှိ ဖောင်းကားခေါ် ပုခက်ထဲမှခြေလှမ်းလိုက်ရုံဖြင့် ကပြင်ပေါ်တက်နိုင်မည်ဖြစ်သည်။
သာမန်အားဖြင့် ဆင်နှင့်ပြန်လာမည်ဆိုပါက ဆင်ကိုဒူးထောက်ခိုင်းကာ ဆင်ပေါ်မှမြေပေါ်ဆင်း၊ မြေပေါ်ရောက်တော့ အိမ်ထဲဝင်၊ အိမ်အပေါ်ထပ်သို့ လှေကားမှတက်။ထို process ကြီးတစ်ခုလုံးကို ဆင်ဝင်ဆောင်က အကျဉ်းချုံးပေးလိုက်သည်။
ဆင်ကျောကုန်းပေါ်ရှိ ဖောင်းကားပေါ်မှ အသာလှမ်းလိုက်ရုံဖြင့်အိမ်ပေါ်ထပ်သို့ရောက်သွားရသည့်အတွက် မြေပေါ်ဆင်းရခြင်း၊
အပေါ်ထပ်သို့တက်ရခြင်း ကရိကထများ ကင်းစင်သည်။ စတိုင်ကျသည်။ အိမ်မှဆင်စီးပြီးထွက်မည်ဆိုလျှင်လည်း ထိုနည်းလည်းကောင်း ကပြင်ပေါ်မှခါးထောက်စောင့်နေရုံသာရှိသည်။ ဆင်ဦးစီးက ဆင်ကို အိမ်ရှေ့ကပြင်ဘေးမောင်းလာလိုက်ရုံသာ။ ကပြင်နှင့် ဆင် ယှဉ်မိပြီဆိုမှ ဆင်ပေါ်ခြေလှမ်းတက်လိုက်လျှင်ဖောင်းကားပေါ်အစွင့်သားရောက်သွားတော့၏။ ဆင်ကို စီးစရာယာဉ်အဖြစ်အသုံးပြုနိုင်စွမ်းသော ကျေးလက်ကြေးရတတ်များ၏ဂုဏ်ဝင့်ထည်ဖွယ်အဆောင်အယောင်နှင့် နေထိုင်မှုဓလေ့။
ထိုအနေအထားက သစ်လုပ်ငန်းဇောက်ချလုပ်ကိုင်သော ချင်းတွင်းမြစ်ဖျားပိုင်းမှလုပ်ငန်းရှင်ကြေးရတတ်များ၏ဘ၀ တစ်စိတ်တစ်ဒေသ။
မန္တလေးရွှေမြို့တော်ကြီး၌လည်း ရတနာပုံခေတ်က အချို့သော စစ်မှူး၊ စစ်ကဲ၊၀န်မင်းများ ဆင်ကို အဆောင်အယောင်တစ်ရပ်အဖြစ်သုံးစွဲခွင့်ရှိကြောင်းရှေးစာဟောင်းများတွင် ဖတ်ဖူးမှတ်ဖူး၏။ ထိုသို့သောသူများ၏ စံအိမ်တော်များတွင်လည်း
ဆင်ပေါ်အလွယ်တကူတက်နိုင်ဆင်းနိုင်အောင် စီမံတည်ဆောက်ထားခြင်းများ ရှိသည်ဟု
သိရသည်။
ဆိုခဲ့ပါကပြင်မြင့်၏ အပေါ်ဆင့်ကို ညဘက်များတွင်လသာဆောင်အဖြစ်အသုံးပြုကာ သဘာဝတရား၏ထွေးပိုက်မှုခံစားရင်း
မိသားစုအပန်းဖြေရင်းနှီးနွေးထွေးကြသည်။ ထိုကပြင်၏အောက်ပိုင်းကတော့ အိမ်အောက်ထပ်မျက်နှားအတွက် နေလုံ၊ မိုးလုံ အရိပ်အာဝါသပေးစွမ်းရာအဖြစ်အသုံးတော်ခံနေသည်။ အိမ်ပေါ်ထပ်သို့ ဆင်နှင့်ဝင်၍ရအောင် တည်ဆောက်ထားသော
ကပြင်မြင့်ကြီး၏ အောက်ဘက်အမိုးအောက်တစ်ခွင်ကိုတော့ ဆင်ဝင်ဟုသမုတ်ခဲ့ကြသည်။
မြန်မာဘုရင်ခေတ်နှောင်းပိုင်းနှင့် ကိုလိုနီခေတ်တစ်လျှောက် ဆောက်လုပ်ခဲ့သော မြန်မာလူကုံထံအိမ်ကြီးအိမ်ကောင်းများတွင် ဆင်ဝင်ဆောင်ကို
တခမ်းတနားထည့်သွင်းတည်ဆောက်လာကြသည်။ဆင်နှင့်အလုပ်လုပ်သောလုပ်ငန်းရှင်များ မဟုတ်သဖြင့်
ဆင်ပေါ်မှအလွယ်တကူတက်နိုင်ဆင်းနိုင်ရန် ကပြင်အပြန့်လုပ်ထားခြင်းတော့မဟုတ်။ကပြင်နေရာကိုပါငုံ၍ အပေါ်ထပ်အိမ်ခန်းဧရိယာထဲ စာရင်းသွင်းတည်ဆောက်ကာအောက်ထပ်ကတော့ အ၀င်တံခါးပေါက်ကို ဗဟိုပြုလျက် ဆင်ဝင်ဆောင်ကြီးကိုထည်ဝါခံ့ညားစွာ စိတ်ကူးရှိသမျှ မွမ်းမံတည်ဆောက်တော့၏။ အပေါ်ဆောင်ကိုအထောက်အခံပြုထားရသော တိုင်များကို တိုင်သက်သက်ထားသော ဆင်ဝင်ဆောင်များကဖန်တီးဉာဏ်နုံ့နဲ့သော အဖြစ်သဘောဆင်ဝင်ဆောင်များသာဖြစ်ချေသည်။
နှစ်ထပ်အိမ်ခမ်းခမ်းနားနား ဆောက်လုပ်နေထိုင်သူ အများစုကမူ ဆင်ဝင်ဆောင်ကိုလည်းထည်ထည်ဝါ၀ါတည်ဆောက်ကြကုန်သည်။ ဆင်ဝင်ဆောင်အပေါ်ထပ် အိမ်ရှေ့ခန်းတစ်ခွင်တစ်ပြင်လုံးကို သစ်သားချောင်းရာဇမတ်ကွက်များစိပ်စိပ်စီထားခြင်းဖြင့် တန်ဆာဆင်သကဲ့သို့ ဆင်ဝင်ဆောင်အောက်ခြေတိုင်လုံးတို့ကိုလည်း တိုင်လုံးသက်သက်ငေါင်းစင်းစင်းမျှသာမထားမူ၍
အပြောက်အမွမ်းတို့ဖြင့် တင့်တယ်စေသည်။ အလှူမင်္ဂလာမဏ္ဍပ်များ၊
ဘုရားကျောင်းကန်တန်ဆောင်းများမှာကဲ့သို့ လင်းနို့တောင်များ တပ်ဆင်သည်။လင်းနို့တောင်ဟူသည် လင်းနို့အမည်ရှိ
ဇောက်ထိုးနားနေသော သတ္တ၀ါတစ်မျိုး၏အတောင်ပံတော့မဟုတ်။ သို့သော် လင်းနို့၏တွဲလျားကျနေသောတောင်ပံ၏ပုံပန်းသဏ္ဌာန်ကို
ပမာပြုနည်းမှီးကာတည်ဆောက်ထားသော မန်မာ့လက်မှုအနုပညာတစ်ရပ် ဖစ်ပေချိမ့်။တိုင်ဖုံးနှင့်မျက်နှာကြက်ကြား ထောင့်ချိုးနေရာတွင် ကနုတ်ပန်းခက်ပန်းနွယ်များ ထုလုပ်ဖြည့်ဆည်းတန်ဆာဆင်ခြင်းသည် မြန်မာ့သုခုမတစ်ရပ်ဖြစ်သည့်အားလျော်စွာ
ဆင်ဝင်ဆောင်အထက်ထောင့်စွန်းတို့တွင်လည်း လင်းနို့တောင်သုခုမကနေရာယူခဲ့တော့၏။ သို့ရာတွင် မဏ္ဍပ်၊ စောင်းတန်း၊ တန်ဆောင်းများမှာကဲ့သို့အနုစိတ်ထုလုပ်ခြယ်မှုန်းအပ်သော ပန်းပုလက်ရာများတော့မဟုတ်။ များသောအားဖြင့်ဆင်ဝင်တိုင်နှင့်အမိုးခင်းကြား ၉၀ ဒီဂရီတိတိကျကျထောင့်ချိုးနေခြင်းကို
ပြေလျော့ညွတ်ပျောင်းသွားစေရန် ဆိုခဲ့ပါထောင့်ချိုးအနားသတ်နှစ်ခုကို ၄၅ ဒီဂရီ
ထောင့်ဖြတ်ပြုထားသော ရာဇမတ်ကွက်များဖည့်စွက်ပေးလိုက်ခြင်းဖြစ်သည်။
ယင်းအဆောင်အယောင်များနှင့်ပြည့်စုံသောမန်မာ့ကြေးရတတ်အိမ်ရာများသည်
ကိုလိုနီခေတ်နိုင်ငံခြားသားများ၏အာရုံကို ကောင်းစွာဖမ်းစားနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် သစ်ဝါးပေါသောရေခံမြေခံကောင်းဖြစ်ရုံမျှမက သစ်ဝါးကိုင်နင်းစွာပုံဖော်ဆောက်လုပ်နိုင်သည့် လက်မှုပညာရပ်နှင့်လည်းပည့်စုံရကားသစ်ကိုအဓိကပစ္စည်းအဖြစ်ထားကာ ဆောက်လုပ်ထားသည့်မြန်မာနှစ်ထပ်အိမ်ကြီးများသည် အဟန့်အင်မတန်ကြီးလှသည်။ သစ်ပေါသောကြောင့်ဗုံးပေါလအောအသုံးပြုကာ ကြီးမားကျယ်ပြန့်ရုံသက်သက်မဟုတ်ဘုရားခန်းကိုအမှူးပြု၍ မိသားစုဝင်တို့အတွက် ၀ါစဉ်နှင့်လိုက်လျောညီထွေရှိသောအဆောင်ဆောင်အခန်းခန်းကို အဓိပ္ပါယ်ရှိရှိဖွဲ့စည်းဆောက်လုပ်သော လက်သမားအတတ်သည်သာမက အခန်းတိုင်း၏ အတွင်းအပြင် ရုပ်လုံးရုပ်ကြွများအပါအ၀င်အိမ်တစ်ဆောင်လုံး၏ခယ်မှုန်းမှုအသေးစိတ် ဖော်ဆောင်ရာ အနုလက်ရာများက
ယဉ်ကျေးပါသည်ဆိုသော နေမ၀င်အင်ပါယာမှလာသူ တစ်ပြည်သားများကိုမှင်တက်မိသွားစေခဲ့သည်။
ထိုအခါ ကိုလိုနီပြုသူတို့ကိုယ်တိုင် ကိုလိုနီနယ်မှဒေသခံတို့၏ အိမ်ရာအနုပညာကိုပန်လည်သုံးစွဲလာရသည်။မန်မာ့ရိုးရာမူရင်းတွင် အနောက်တိုင်းခေတ်ပေါ်ပစ္စည်းများပေါင်းစပ်ခြင်းဖြင့် ခံ့ထည်မှုအပေါ် ခေတ်မီဆန်းသစ်မှုထပ်ပိုးနိုင်ခဲ့သည်။
ရောင်စုံအီတာလျံမှန်ချပ်ကြီးများကို ကျွန်းသားပေါင်ကွပ်ထားသည့် ပြတင်းတံခါးကျယ်ကြီးများက ဆင်ဝင်ဆောင်အောက်
ပြင်မတံခါးပေါက်ကြီ၏တစ်ဖက်တစ်ချက်တွင် ၀င့်ထည်လျက်။
ဆင်ဝင်ဆောင်ပါသောမြန်မာနှစ်ထပ်အိမ်ကြီးများ ယနေ့ခေတ်တွင်ရှားပါးသွားသော်လည်း တွေ့နိုင်သမျှသော ဆိုခဲ့ပါအိမ်ကြီးများ၏နှောင်းခေတ်လက်ရာများက မြန်မာ့ဗိသူကာလက်ရာအတိမ်အနက်ကို တစ်စွန်းတစ်စလှစ်ဟပြလျက်သာတည်း။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com