ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကင်ညာနိုင်ငံမြောက်ပိုင်း တာကာနာ ရေကန်ကြီး၏ ကမ်းရိုးတလျှောက်တွင် ဆန်းကျယ်သော ရှေးဟောင်းတိုင်းရင်းသား မျိုးနွှယ်စုတစ်ခု အခြေချ နေထိုင်ကြသည်။
၎င်းမျိုးနွှယ်စုမှာ မည်သည့်အခါမှ လူဦးရေ ၉၉ ဦးထက် ကျော်လွန်သည်ဟူ၍ မရှိချေ။
အဆိုပါ မျိုးနွှယ်စု၏ အမည်မှာ အယ်လ်မိုလိုဟုခေါ်ပြီး ရှေးဟောင်းရိုးရာဓလေ့ကို အရိုးစွဲကျင့်သုံးကြသည့် မျိုးနွှယ်စုဖြစ်သည်။
ကလေးတစ်ဦး မွေးဖွားလာလျှင် အသက်ကြီးသူတစ်ဦး သေဆုံးပေးခြင်းဖြင့် လူဦးရေကို ပြန်လည်မျှခြေညှိ ကြသည်။
အယ်လ်မိုလို မျိုးနွှယ်စုကို ဒဟိစ်၊ ဖူရာ ပါဝါ ၊ အယ်လ်ဒေ ဟူသောအမည်များဖြင့်လည်း ခေါ်ဝေါ်ကြသသည်။
ယင်းမျိုးနွှယ်စုသည် ကင်ညာ၏ လူဦးရေအနည်းဆုံးနှင့် ပြင်ပကမ္ဘာနှင့် အဆက်အပြတ်ဆုံး မျိုးနွှယ်စုများတွင် တစ်ခုအပါအဝင် ဖြစ်သည်။
အယ်လ်မိုလိုမျိုးနွှယ်စု၏ လူဦးရေကို မည်သည့်အချိန်တွင် ကြည့်လိုက်သည်ဖြစ်စေ ၉၉ ဦးသာရှိရာ ၎င်းတို့၏ ဓလေ့အပေါ် ကမ္ဘာက စိတ်ဝင်စားလာကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ ကျောချမ်းဖွယ် ယုံကြည်မှုကြောင့် ဖြစ်၏။
ကလေးတစ်ဦးမွေးဖွားတိုင်း လူတစ်ဦးမှာ သေဆုံးရမည်ဟု ဖြစ်သည်။
၎င်းတို့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော နှုတ်စကားအရ လူဦးရေ ၉၉ ဦးသာ ထိန်းသိမ်းထားခြင်းမှာ ရှင်သန်နေထိုင်မှုနှင့် ဘိုးဘေးတို့၏ ဝိဉာဉ်များအကြား သဟဇာတဖြစ်အောင် ထိန်းထားခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ အထွတ်အမြတ်ထားသည့် လူဦးရေပမာဏကို ချိုးဖောက်ရန် ကြံစည်ခြင်းသည် ရိုးရာဓလေ့ကို ချိုးဖောက်ခြင်းဖြစ်ရုံမျှမက ရှင်ခြင်းနှင့် သေခြင်း၏ မျှခြေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် ၎င်းတို့မျိုးနွှယ်စုတွင် ကလေးတစ်ဦး မွေးဖွားလာပြီဆိုသည်နှင့် မျိုးနွှယ်စုအကြီးအကဲတို့က ၎င်းတို့အထဲတွင် မည်သူက ဘဝကို ပြည့်ပြည့်ဝဝခံစားနေထိုင်ပြီးဖြစ်ကြောင်း၊ ကွယ်လွန်ရန် သင့်တော်ပြီဖြစ်ကြောင်း အဆုံးအဖြတ်ပေးကြသည်။
ယင်းနောက် ထိုသူကို ဝိဉာဉ်သစ်အတွက် သွားရာလမ်းအဖြစ် ရွေးချယ်လိုက်သည်။
ထိုသို့ ရွေးချယ်ခံရသောသူ သေဆုံးခြင်းမှာ သဘာဝအရလော (သို့တည်းမဟုတ်) မည်သို့သော ပုံစံဖြင့် သေဆုံးသည်ကိုမူ မသိရချေ။
သို့သော် ထိုသို့ ရွေးချယ်ခံရသူတို့ကလည်း ၎င်းတို့၏ ကံကြမ္မာကို တည်ငြိမ်စွာ လက်ခံကြပြီး ထိုလုပ်ဆောင်မှုမှာ ဂုဏ်ရှိကြောင်း၊ ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ခံယူကြသည်။
အာဖရိကရှိ မျိုးနွှယ်စုတို့၏ ထူးဆန်းသော ဓလေ့များအကြောင်း ဖော်ပြလျက်ရှိသည့် YouTube ချန်နယ်တစ်ခုဖြစ်သော Afrimax English တင်ဆက်သူများသည် မကြာသေးမီက အဆိုပါမျိုးနွှယ်စုရှိရာသို့ ရောက်ရှိခဲ့ရာ အယ်လ်မိုလို မျိုးနွှယ်စုတွင် ဖိအားများ၊ ဘဝ၏ မရေရာမှုများဖြင့် ဖြတ်သန်းကြရလျက်ရှိကြောင်း ဖော်ပြသည်။
ကလေးတစ်ဦး မွေးဖွားရန် အလားအလာရှိလာပြီဆိုသည်နှင့် အယ်လ်မိုလို မျိုးနွှယ်စုတို့တွင် တင်းမာမှုများ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။
ကောင်းစွာမကျန်းမာသူများ (သို့မဟုတ်) သက်ကြီးပိုင်းများမှာ စိတ်ဖိအားများလာသည်။ မိမိမှာ သေဆုံးရန်အတွက် ရွေးချယ်ခံရမည်လားဆိုသည့် အခြေအနေအပေါ် တုန်လှုပ်နေကြသည်။
အယ်လ်မိုလိုတို့သည် တာကာနာ ရေကန်ကြီးကို အမှီပြုကာ ငါးဖမ်းကြပြီး ရှင်သန်ရပ်တည်ကြသည်။
မြေနေရာ၊ သန့်ရှင်းသောရေနှင့် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုတို့ မရနိုင်သောကြောင့် အယ်လ်မိုလိုတို့မှာ လူဦးရေ များပြားလာပါကလည်း ကောင်းစွာရှင်သန်နိုင်ရန် မလွယ်ချေ။
ထိုသို့သော ဘဝရပ်တည်ရမှု အခက်အခဲများကြောင့် လူဦးရေကို ထိန်းထားခြင်းလော မဆိုနိုင်ချေ။
အယ်လ်မိုလို မျိုးနွှယ်စုက ဝက် (WAAK) ဟုခေါ်သော နတ်ကို ကိုးကွယ်သည်။
သမိုင်းကြောင်းအရ တခါတွင် လူဦးရေမှာ ၁၀၀ သို့ ခေတ္တ ရောက်ရှိသွားသည်ဟု ဆိုသည်။
သို့သော် ထိုအခြေအနေမှာ နာရီပိုင်းသာ ကြာမြင့်သည်။ ၎င်းတို့ မျိုးနွှယ်စုအတွက် အရေးပေါ် အခြေအနေအဖြစ် သုံးသပ်ပြီး လူဦးရေကို ပြန်လည်ချိန်ညှိခဲ့သည်ဟု ဆိုသည်။
သတ္တလောကသို့ ဝင်လာသည့် ငိုသံနှင့် လူ့လောကမှ ထွက်ခွာသွားသော နောက်ဆုံးထွက်သက်တို့ တပြိုင်တည်းဖြစ်ပေါ်ရာ ဒေသဟုလည်း ဆိုနိုင်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet the Tribe That Never Exceeds 99 Members: One Must Die When a Baby Is Born