ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဟောင်ကောင် ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်များနှင့် ၎င်းတို့၏ တန်ဖိုးကြီး စံအိမ်ကြီးများအကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ဖူးသည်။
ယင်းတို့အနက် တုန်းဖန်းပုပိုက်ဟု နာမည်ကြီးသူ လင်ချင်းရှာ၏ ဒေါ်လာ သန်း ၁၉၀ တန်စံအိမ်၊ ဖက်တီးမင်းသား ဆန်မိုဟန်၏ ဟောင်ကောင်မှ စံအိမ်၊ ရုပ်ရှင်မင်းသမီး ရှုကြည်၏ ဒေါ်လာ ၂၂ သန်းတန် လူနေခန်း၊ ချောင်ယွန်ဖတ်၏ ဟောင်ကောင်စံအိမ် အစရှိသည်တို့ အပါအဝင် ဖြစ်သည်။
ယခုဖော်ပြမည့် ဂျက်လီ၏ ရှန်ဟိုင်းစံအိမ်အကြောင်းမှာလည်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ဖူးပါသည်။
ဂျက်လီ၏ ရှန်ဟိုင်း စံအိမ်ကြီးမှာ ကြီးကျယ်ခမ်းနားသည်။
တရုတ်ပြည်ရှိ အကျော်အမော်တို့၏ စံအိမ်များအနက် နံပါတ် ၁ ဖြစ်သည်ဟုပင် တချိန်က ပြောခဲ့ကြဖူးသည်။
သို့သော် ယွမ် သန်း ၂၀၀ (စင်္ကာပူဒေါ်လာ သန်း ၄၀) တန်ကြေးရှိ စံအိမ်ကြီး၏ လက်ရှိအခြေအနေမှာ တမျိုးတဖုံ ပြောင်းလဲနေသည်။
(ဂျက်လီ၏ စံအိမ်ကြီးကို အပြင်ဘက်မှ တွေ့မြင်ရပုံ)
ရှန်ဟိုင်းမြို့၊ Pudong အရပ်မှ အချက်အခြာကျသော နေရာတွင် တည်ရှိသည့် ယခုစံအိမ်ကြီးကို ဂျက်လီက ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
Pudong အရပ်သည် ရှန်ဟိုင်း၏ စီးပွားရေးအချက်အခြာဒေသဖြစ်ပြီး မိုးမျှော်တိုက်ကြီးများ၊ luxury ဟိုတယ်ကြီးများနှင့် ဘဏ်များစွာ တည်ရှိသည့်နေရာဖြစ်သည်။
ဂျက်လီက အဆိုပါစံအိမ်ကြီးကို ဝယ်ယူခဲ့သော်လည်း လုံးဝနေထိုင်ခဲ့ခြင်း မရှိချေ။
သတင်းများအရ သမီးများအနက် တစ်ဦးအတွက် လက်ဖွဲ့ပေးရန် ရည်ရွယ်ကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဝယ်ယူပြီး ၁၇ နှစ်အကြာ ယနေ့အခါတွင် စံအိမ်ကြီးမှာ ယိုယွင်းလာနေပြီဖြစ်ပြီး ကာလကြာမြင့်သည်နှင့်အမျှ ရာသီဥတု၏ တိုက်စားမှုကြောင့် အပြင်နံရံများမှာ အစွန်းအကွက်များ ထလာသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ထွက်ပေါ်လာသော သတင်းများအရ လုံခြုံရေးအစောင့်တို့ နေထိုင်လျက်ရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။
သို့သော် အိမ်ခြံမြေစီမံခန့်ခွဲရေးကုမ္ပဏီက ငှားရမ်းထားသော အစောင့်တို့ နေထိုင်လျက်ရှိခြင်းလား (သို့မဟုတ်) ဂျက်လီပင် မသိဘဲ ကျူးကျော်နေထိုင်ခြင်းလားဟူသည်ကိုမူ မသိရချေ။
ပြည်မကြီး သတင်းမီဒီယာတို့က ဖော်ပြလာသော ဓာတ်ပုံများအရ ဂျက်လီ၏ စံအိမ်ဝန်းအတွင်း ဟင်းသီး ဟင်းရွက် စိုက်ခင်းများ၊ အဝတ်လှန်းသည့် ဝါးလုံးတန်းများကို တွေ့ရသည်။
(စံအိမ်အပြင်ဘက်တွင် အဝတ်တန်းများနှင့် ကြမ်းတိုက်တံအဟောင်းများ အနှံ့အပြား တွေ့ရသည်။)
အဆိုပါသတင်းများအပေါ် လူမှုကွန်ရက်သုံးစွဲသူတို့ များစွာအံ့အားသင့်ခဲ့ကြပြီး ဂျက်လီအနေဖြင့် ယခုစံအိမ်ကြီးကို အငှားချထားသင့်ကြောင်း အကြံပြုမှတ်ချက်ပေးကြသည်။
“ဒီလူတွေ နေနေတာ သူက သိတောင်သိရဲ့လား မသိဘူး။ အိပ်ရာက နိုးလာပြီး သတင်းတွေဖတ်လိုက်တဲ့အခါ ကိုယ့်အိမ်မှာ သူစိမ်းတွေ ဝင်နေနေတာ ဖတ်ရရင် ဘယ်လိုများ ဖြစ်သွားမလဲ” ဟု လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြုသည်။
“သူမသိဘဲ လုပ်နေတာဆိုရင်တော့ ဒီလူတွေက အရေထူနေတဲ့သူတွေပဲ။ ဒါက သာမန်အိမ်တစ်လုံး မဟုတ်ပါဘူး။ သာမန်လူတွေ တစ်သက်လုံး ရှာဖွေရင်တောင် မဝယ်နိုင်မယ့် အိမ်မျိုးပါ။ ဘာတွေဖြစ်နေတာလဲ သိချင်မိတယ်” ဟု အခြားတစ်ဦးက မှတ်ချက်ပေးသည်။
(ဂျက်လီ၏ ခြံတွင် နေထိုင်နေသူတို့ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် စင်တစ်ခု)
ဂျက်လီက ယခုသတင်းများနှင့် စပ်လျဉ်းပြီး မှတ်ချက်ပေးခြင်း မရှိချေ။
သို့သော် သူ၏ ပရိသတ်များက ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန် စံအိမ်ကြီးအကြောင်း အမြဲနားစွင့်လျက်ရှိကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jet Li’s S$40mil Shanghai Mansion Reportedly Turned Into A Dorm For Security Guards