ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဆော်ဒီအာရေးဘီးယားအခြေစိုက် Al Hokair Entertainment ကုမ္ပဏီသည် နိုင်ငံအရှေ့ပိုင်း အယ်လ် ခိုဘာအရပ်တွင် မိန်းကလေးများသာ ဝင်ခွင့်ပြုသည့် ပန်းခြံတစ်ခုကို တည်ဆောက်နေရာ ယခုအခါပြီးစီးသွားပြီဖြစ်သောကြောင့် အများပြည်သူသို့ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
AlHokair Time AlAzizyah သည် ဆော်ဒီတွင် ပထမဆုံးသော အမျိုးသမီးသီးသန့် ပန်းခြံဖြစ်ပြီး ပန်းခြံစီမံကွပ်ကဲသူများမှာလည်း အမျိုးသမီးသာဖြစ်သည်ဟု ဆိုသည်။
အယ်လ်ကိုဘာမြို့တွင် တည်ရှိပြီး အသက် ၅ နှစ်နှင့်အထက် မိန်းကလေးများကို ဝင်ခွင့်ပြုမည် ဖြစ်သည်။
ပန်းခြံကြီးအတွင်း ဆောင်းဥတုအရသာကို ခံစားနိုင်မည့် Snow Forest ဇုန်လည်း ပါဝင်ပြီး နှင်းလျှောစီးခြင်း၊ နှင်းခဲပစ်ခြင်း၊ စခန်းချခြင်းများ ပြုလုပ်နိုင်သည့်အပြင် ကြီးမားသည့် ဝင်္ကပါကြီးလည်း ပါဝင်သည်။
“AlHokair Time ဟာ တမူထူးခြားတဲ့ ပျော်ရွှင်စရာတွေ တွေ့ကြုံရမယ့်နေရာတစ်ခုဖြစ်ပြီး ဒေသတွင်းမှာ အကြီးမားဆုံးပန်းခြံကြီး ဖြစ်ပါတယ်” ဟု Al Hokair Group ၏ ဖျော်ဖြေရေးဆိုင်ရာ မန်နေဂျာ၊ လက်ထောက်အမှုဆောင်ဥက္ကဌဖြစ်သူ မီရှယ် အယ်လ်-ဟိုကာက ပြောကြားသည်။
Al Hokair Group သည် ကမ္ဘာတစ်ဝန်းတွင် ဧည့်ဝန်ဆောင်မှုနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်နေခဲ့ကြသည့် ကုမ္ပဏီကြီးဖြစ်သည်။ Al Hokair Group ကို ၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရှိတ်ခ် အဗ္ဗဒူလ်မိုစင် အယ်လ် ဟိုကာ၏ ဦးဆောင်မှုအောက်တွင် ဖျော်ဖြေရေးနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီသက်တမ်း ဆယ်စုနှစ် ၅ ခုအတွင်း ဝန်ထမ်းပေါင်း ၄၁၀၀ ကျော်ရှိလာခဲ့ကာ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့တွင် ဖျော်ဖြေရေးစင်တာပေါင်း ၉၁ ခုနှင့် ဟိုတယ်ပေါင်း ၃၅ ခုတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)