ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
၂၀၁၇ ခုနှစ်အတွင်း မလေးရှားသို့ တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးစီးဆင်းမှုသည် စံချိန်သစ်အဖြစ် မလေးရှားရင်းဂစ် ၉ ဒသမ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ) ရှိခဲ့ကြောင်း ရှန်ဟိုင်းအခြေစိုက် တရုတ်ထိပ်တန်းအိမ်ခြံမြေရောင်းဝယ်ငှါးဝက်ဆိုက်ဒ် Juwai.com ၏ အစီရင်ခံစာသစ်တစ်စောင်အရ သိရသည်။
တရုတ်ပြည်မကြီးဝယ်လက်များသည် ယမန်နှစ်က မလေးရှားအိမ်များကို မလေးရှားရင်းဂစ် ၈ ဒသမ ၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂ ဘီလျံ) ဖိုး ဝယ်ယူခဲ့ကြခြင်းဖြစ်ပြီး မလေးရှားရင်းဂစ် ၁ ဒသမ ၂ ဘီလျံဖိုးက မလေးရှားကုန်သွယ်ရေးအိမ်ခြံမြေများသို့ စီးဝင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း "တရုတ်၏ကမ္ဘာ့အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာ"ပါ အချက်အလက်များက ဖော်ပြခဲ့သည်။
အမေရိကန်၊ ဟောင်ကောင်နှင့် သြစတြေးလျတို့ပြီးလျှင် မလေးရှားက ပြည်မကြီးတရုတ်တို့၏ လူနေအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွင် ကမ္ဘာ့စတုတ္ထအများဆုံးရင်းနှီးမြှုပ်နှံခံရသည့်နိုင်ငံ ဖြစ်သည်။ တရုတ်တို့သည် အမေရိကန်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၄ ဘီလျံ၊ ဟောင်ကောင်၌ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂ ဘီလျံနှင့် သြစတြေးလျတွင် ၁၄ ဒသမ ၁ ဘီလျံဖိုးစီ ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းဖြစ်သည်။
၎င်းအရှေ့တောင်အာရှနိုင်ငံသည် ယင်းတရုတ်ပြည်မကြီးဝယ်လက်များ၏ အိမ်ခြံမြေ ဝယ်ယူရန် ၂၀၁၇ ခုနှစ်အတွင်း စုံစမ်းမေးမြန်းခံရဆုံး ကမ္ဘာ့ထိပ်တန်း ၁၀ နေရာတွင်လည်း စတုတ္ထအဖြစ် အပါအဝင်ဖြစ်သည်။ အမေရိကန်၊ သြစတြေးလျနှင့် ထိုင်းတို့က ပထမ၊ ဒုတိယနှင့် တတိယတို့ဖြစ်ကြောင်းလည်း သိရသည်။
မလေးရှားတွင် တရုတ်အချိတ်အဆက်များနှင့်ဆက်စပ်နေသော အိမ်ခြံမြေနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဝန်ကြီးချုပ်မဟာသီယာမိုဟာမက် ဦးဆောင်သော အစိုးရလက်ထက် စိစစ်စစ်ဆေးမှုများ မြင့်တက်လာမှုတို့ ထိပ်တိုက်တွေ့ကြစဉ် ၎င်းအစီရင်ခံစာ ထွက်ရှိလာခြင်း ဖြစ်သည်။
"မလေးရှားအစိုးရဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆက်လက်အားပေးထောက်ခံ သွားမလား၊ မသွားဘူးလားဆိုတဲ့ စိုးရိမ်ပူပန်ဖွယ်သို့လောသို့လောမေးခွန်းအချို့လည်း လူထုအကြား မကြာသေးခင်ကပဲ ဖြစ်ပေါ်လာပါတယ်" ဟု Juwai.com ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) နှင့် ဒါရိုက်တာ (ညွှန်ကြားရေးမှူး) ဖြစ်သူ ကယ်ရီလောက မှတ်ချက်ပြုပြောကြားခဲ့သည်။
"မလေးရှားအစိုးရအနေနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ကြည့်ပြီး သေချာလုပ်ဆောင်မယ်လို့ ယူဆရပါတယ်" ဟုလည်း သူက ပြောကြားခဲ့သည်။ကုန်သွယ်ရေးနှင့် လူနေအိမ်ခြံမြေနှစ်ရပ်စလုံး၌ ၂၀၁၇ ခုနှစ်အတွင်း တရုတ်၏ ကမ္ဘာတစ်ဝန်းရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၇ ဘီလျံ ရှိခဲ့ကြောင်း Juwai.com က ခန့်မှန်းတွက်ချက်ခဲ့သည်။ ၂၀၁၆ ခုနှစ်ကရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၄ ဘီလျံထက် ၁၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၁၈ ခုနှစ်တွင် ၂၀၁၇ ခုနှစ်ကထက် ၃ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအကြား မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၃ ဘီလျံမှ ၁၂၉ ဒသမ ၃ ဘီလျံအကြား ရှိလိမ့်မည်ဟုလည်း Juwai.com က ခန့်မှန်းခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com