ကြိုပွိုင့်စနစ်နဲ့ ဝယ်ယူတာတွေမှာ အလိမ်ခံရတာတွေ အခုနောက်ပိုင်းမှာ ပိုများနေတယ်လို့ သိရပါတယ် ။
‘ အခုနောက်ပိုင်းမှာတော့ ရောင်းချတဲ့ပုံစံတွေက ပေ ၄၀ ကျယ်တဲ့ ခြံမှာဆိုရင် ရင်ကွဲဆောက်တယ် ၊ ပြီးရင် အိမ်ပိုင်ရှင်က တစ်ခြမ်း ၊ကန်ထရိုက်တာတွေက တစ်ခြမ်း ယူကြတာ ၊ ခြံကျဉ်းတယ်ဆိုရင် အထပ်အလိုက်ယူကြတယ် ၊ မဆောက်ရသေးဘူး ၊ ဆောက်ဖို့လုပ်တုန်းကို ရောင်းကြတာ ၊ နောက်ပိုင်းကျရင် ငွေမတတ်နိုင်လို့ လိမ်သွားတာတွေလဲရှိတယ် ၊ တချို့တွေကျတော့ သက်သက်လိမ်ချင်လို့ လုပ်တာတွေလဲ ရှိတတ်တယ် ’ လို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုမင်းမင်းက ပြောပါတယ် ။
အခုနောက်ပိုင်း တိုက်ခန်းတွေ ၊ ကွန်ဒိုတွေကို ကြိုပွိုင့်စနစ်နဲ့ ရောင်းချလာတာတွေ ၊ အရစ်ကျစနစ်နဲ့ ရောင်းချလာတာတွေ ခေတ်စားလာပါတယ် ။ မြေပိုင်ရှင်တွေနဲ့ စာချုပ်တွေ ချုပ်ဆိုပြီး တိုက်ခန်းတွေ မဆောက်လုပ်ခင်က ကြိုပြီး စရန်သတ်စနစ်တွေနမဲ့ ရောင်းချလာကြပါတယ် ။ ရောင်းချတဲ့အခါမှာလည်း စရန်ငွေကို ကြိုတောင်းပြီး အိမ်တွေ ဆောက်လုပ်ပြီးတဲ့အချိန်ကျမှ တက်နေနိုင်တဲ့ပုံစံမျိုးတွေနဲ့ ရောင်းချလာတာဖြစ်ပါတယ် ။
‘ အခုနောက်ပိုင်းက အလိမ်ခံရရင်လဲ အမှုဖွင့်တယ်ဆိုတာ နည်းတယ် ၊ ဘာလို့လဲဆိုတော့ မြေပိုင်ရှင်တွေက ပိုက်ဆံရှိတဲ့ သူနည်းတယ် ၊ သူတို့မှာရှိနေတဲ့ မြေကွက်လေးမှာ ဆောက်ကြတယ် ၊ လိမ်လို့ ထွက်ပြေးသွားကို တိုင်ရင် သူတို့ထပ်ကုန်မှာကို အကုန်မခံနိုင်တာတွေကြောင့် မတိုင်တော့ဘဲနဲ့ နှစ်ထပ်ပြီးလဲ နှစ်ထပ် ၊ သုံးထပ်ပြီးလဲ သုံးထပ် အဆင်ပြေသလိုနေကြတာ ၊ အဲတော့ လိမ်တဲ့သူတွေကဒီနေရာပြီး နောက်တစ်နေရာ နောက်တစ်နေ့ထပ်ထပ်ပြီး လိမ်တာတွေ ပိုများလာတာပါ ’ လို့ ကိုမင်းမင်းက ဆက်ပြောပါတယ် ။
လိမ်လည်နေတဲ့သူတွေ အများစုက ကန်ထရိုက်တာတွေဖြစ်ပါတယ် ။ ကန်ထရိုက်တာတွေက စရန်တွေယူပြီး ဆောက်လုပ်နေဆဲတိုက်ခန်းတွေကို
ရောင်းချပြီး ဆောက်လုပ်မှုမပြီးခင်မှာ ဆက်မဆောက်တော့ဘဲ ထွက်ပြေးသွားကြတာ ဖြစ်ပါတယ် ။
မြေပိုင်ရှင်တွေကလည်း သူတို့တွေရမယ့် တိုက်ခန်းတွေကို ရောင်းချတာတွေ ရှိနေတာကြောင့် သည်လိုကန်ထရိုက်တာတွေ ထွက်ပြေးသွားရင် မြေပိုင်ရှင်တွေမှာ အခက်အခဲကြုံတွေ့ပြီး ဝယ်ယူသူတွေ ငှားရမ်းဖို့ ပြောထားသူတွေနဲ့ ပြသနာတွေ တက်နေရတာ ဖြစ်ပါတယ် ။
လိမ်လည်သွားတဲ့ ကန်ထရိုက်တာတွေကို ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်တာတွေကြောင့်လည်း အခုထိလိမ်လည်တာတွေ များပြားနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
Credit: The Modern