ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
သမီးတစ်ယောက်အတွက် ပထမဆုံးသူရဲကောင်းမှာ ဖခင်ဖြစ်သည်ဟု လူတို့က ဆိုကြသည်။
ထိုစကားမှာ ဖန်တရာတေ အပ်ကြောင်းထပ်နေပြီဖြစ်သော စကားမျိုးဖြစ်သော်လည်း စင်္ကာပူမှ ဂီတကျောင်းတစ်ခုဖြစ်သော The Music Scientist ကို တည်ထောင်သူ ဂျလင်း အန်း (Jeline Ang) ၏ ဖခင်မေတ္တာမှာ အမှန်ပင် အံ့ဖွယ်ကောင်းသည်။
သူ၏ ဖခင် အန်းပိုးသောင်းမှာ ယခုအခါ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သည်။
အန်းပိုးသောင်းသည် ယခင်က စက်ယန္တရားကြီးများ ငှားရမ်းသည့် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုရှိခဲ့သည်။
အန်းပိုးသောင်းသည် ထိုကုမ္ပဏီကို အဝတ်တစ်ထည်ကိုယ်တစ်ခုဘဝမှ ဆုံးဖြတ်ချက်ခိုင်မာမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်တန်ခိုးအားကောင်းမှုတို့ကို အရင်းတည်ကာ တည်ထောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ဂျလင်းနှင့် မောင်နှမတသိုက်အတွက် ဘဝလမ်းဖြောင့်ဖြူးစေခဲ့သည်။
အန်းပိုးသောင်းသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်ကတည်းက လုပ်ငန်းများမှ အနားယူသွားခဲ့ပြီ ဖြစ်သည်။
အသက် ၆၀ အရွယ်တွင် အန်းပိုးသောင်းမှာ ကျန်းမာရေးချူခြာလာပြီးနောက်ပိုင်း ကုမ္ပဏီကို ရောင်းချခဲ့သည်။
ယင်းနောက်တွင် ကလေးငယ်များ၊ မူကြိုကလေးများအတွက် ဂီတကျောင်းတစ်ခု တည်ထောင်ရန် စိတ်ကူးအိပ်မက်နေသော သမီးဖြစ်သူကို ယုံကြည်စွာဖြင့် စင်္ကာပူဒေါ်လာ ၁ သန်း ထုတ်ပေးခဲ့သည်။
“အဖေ့ပိုက်ဆံမရှိဘဲ ကျွန်မရဲ့ကုမ္ပဏီ ဖြစ်မလာပါဘူး” ဟု ဂျလင်းက ဝန်ခံသည်။
အလုပ်မှ အနားယူလိုက်ပြီဖြစ်သောကြောင့် အန်းပိုးသောင်းအတွက် လွတ်လပ်ပေါ့ပါးသွားပြီဟု မှတ်ထင်စရာရှိသည်။ သို့သော် ယင်းသို့မဟုတ်ချေ။
အန်းပိုးသောင်းသည် နှလုံးခွဲစိတ်ကုသမှု ခံယူထားရသည့်အပြင် ကာလတာရှည်ခံစားနေရသော ဆီးချိုရောဂါရှိနေသည့်ကြားမှ သမီး၏ The Music Scientist တွင် လက်သမားအလုပ်များ ကူညီလုပ်ကိုင်ပေးခဲ့သည်။
ထို့အပြင် ဂျလင်း၏ ကလေးများကိုလည်း ပြုစုစောင့်ရှောက်ပေး၏။
သို့ကြောင့်သာ ဂျလင်းမှာ လုပ်ငန်းကိစ္စများကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ချိန်ရခဲ့ခြင်း ဖြစ်သည်။
“အဖေက အလုပ်တွေမှာ ပါဝင်ကူညီခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဖို့ မဟုတ်ပါဘူး။ ကျွန်မ နင်းဖြတ်မယ့် မြေပြင် ညီညာဖို့အတွက်ပါ” ဟု ဂျလင်းက The Independent Singapore နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
(အန်းပိုးသောင်း၊ သမီးဖြစ်သူ ဂျလင်းနှင့် မြေး ၃ ဦး)
အန်းပိုးသောင်းမှာ နုပျိုသွက်လက်နေဆဲ ထင်ရသည်။
မိမိမှာ အချိန်မှန်၊ နေရာမှန်တွင် မွေးဖွားလာသည်ဟု ခံစားရကြောင်း၊ စင်္ကာပူသို့ မိမိဘာသာ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သူမဆို အပြင်းအထန်ကြိုးစားအားထုတ်လျှင် ရည်မှန်းရာပန်းတိုင်သို့ ရောက်လိမ့်မည်သာဖြစ်ကြောင်း အန်းပိုးသောင်းက ပြောသည်။
ကုမ္ပဏီကို ရောင်းချရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသလားဟု မေးရာတွင် အန်းပိုးသောင်းက ပြောသည်မှာ “လူတစ်ယောက်အနေနဲ့ ဘယ်လိုအချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာ သိဖို့လိုပါတယ်” ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A Father’s love: Dad sells his own firm, then invests S$1 million to allow his daughter to follow her dreams