အမေရိကန်ဂီတပညာရှင်ဖရန့်ဇက်ပါ၏ ဟောလိဝုဒ်ဟေးလ်နေအိမ်ကြီးကို ပေါ့ပ်နတ်ဖုရားမ လေဒီဂါဂါက ကန်ဒေါ်လာ ၅ ဒသမ၂၅သန်းဖြင့်ဝယ်ယူလိုက်ကြောင်းနယူးယောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လေဒီဂါဂါသည် မကြာသေးမီကပင် “Perfect Illusion” အမည်ရှိ ဆင်ဂယ်လ်တေးအယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့သည်။
ဝယ်လက်၏ အမည်မှာ အခြားအမည်ပေါက်ဖြစ်သော်လည်း အဆိုပါအရောင်းအ၀ယ်နောက်တွင် လေဒီဂါဂါရှိကြောင်း အခိုင်အမာယုံကြည်ရသည်ဟုနယူးယောက်အိမ်ခြံမြေသတင်းရပ်ကွက်က ဆိုသည်။အမည်ရင်း စတက်ဖနီ ဂါမာနိုတာဖြစ်သော လေဒီဂါဂါအတွက် ဖရန့်ခ်ဇက်ပါ၏နေအိမ်မှာ ပြီးပြည့်စုံသော အိမ်တစ်လုံးပင်ဖြစ်သည်။
တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အကျယ်အ၀န်း ၇၀၀၀ စတုရန်းပေရှိသည်။
အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၆ ခန်း ပါဝင်သည်။
နေအိမ်အတွင်းတွင် ဖရန့်ဇက်ပါဆောက်လုပ်ခဲ့သော စတူဒီယိုခန်းတစ်ခန်းပါပြီးအဆိုပါအခန်းတွင် တေးသီချင်းများစွာ အသံဖမ်းခဲ့ဖူးသည်။
ဖရန့်ခ်ဇက်ပါသည် Rolling Stone မဂ္ဂဇင်းကြီး၏ သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးအနုပညာရှင် ၁၀၀ စာရင်းတွင်နံပါတ်၂၂ နေရာတွင် ဖော်ပြခြင်းခံခဲ့ရသူ ဖြစ်သည်။
ဇက်ပါသည် ယင်းနေအိမ်ကို ၁၉၇၀ ပြည့်လွန် အလယ်ပိုင်းကာလများက ကန်ဒေါ်လာ ၇၅၀၀၀ ခန့်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ဇက်ပါသည် အဆိုပါနေအိမ်တွင် နေထိုင်၊ အလုပ်လုပ်ရင်း မိသားစုကို ကျွေးမွေးပြုစုခဲ့သည်မှာ သူကွယ်လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်တိုင် ဖြစ်လေသည်။
ယင်းနောက်ပိုင်းအဆိုပါနေအိမ်သည်သူ၏ဇနီးမုဆိုးမ ဂေးလ် ဇက်ပါက ဆက်လက်ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင်မူ ဂေးလ်ဇက်ပါကွယ်လွန်သွားခဲ့သည်။
ယခုနှစ်နွေရာသီတွင်အရောင်းဈေးကွက်သို့ ခေါ်ဈေးကန်ဒေါ်လာ ၅ ဒသမ ၄၉ သန်းဖြင့် အရောင်းတင်လာခဲ့သည်။
ယင်းသို့အရောင်းဈေးကွက်တင်ထားခဲ့ပြီး လအတန်ကြာရောင်းမထွက်ခဲ့ဘဲ ယခုတွင်မှ လေဒီဂါဂါက ၀ယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
ကန်ဒေါ်လာ၅ဒသမ၂၅သန်းဖြင့်အရောင်းအ၀ယ်ဖြစ်သွားကြောင်း အရောင်းဈေးကွက်တင်သည့် အိမ်ခြံမြေကုမ္ပဏီ Rayni Williams of Hilton & Hyland က အတည်ပြုခဲ့ပြီး ၀ယ်ယူသူကို ထုတ်ဖော်ပြောကြားရန်မူ ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
ခြံဝန်းအကျယ်အ၀န်းမှာ ဧက၀က်ကျယ်ဝန်းပြီး တင်းနစ်ကွင်း၊ ရေကူးကန်၊ ပန်းဥယျာဉ်နှင့် ဧည့်ဂေဟာဆောင် ၂ ခုတို့ ပါဝင်သည်။
လေဒီဂါဂါသည် ၂၀၁၄ ခုနှစ်အတွင်းကလည်း ၆ ဧကကျယ်ဝန်းသည့် ခြံဝန်းအတွင်း မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ ပင်လယ်ရှုမျှော်ခင်းကို အပေါ်စီးမှ တွေ့မြင်နိုင်သောမာလီဘူးရှိ နေအိမ်တစ်လုံးအား ကန်ဒေါ်လာ ၂၃ သန်းဖြင့် ၀ယ်ယူခဲ့သေးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)