ကျွန်တော်တို့ ငယ်စဉ်တုံးက ကန်ထရိုက်လုပ်ငန်း လုပ်တဲ့ သူတွေကို မြင်တဲ့ အမြင်က ကားတစ်ဝီ၀ီ ၊ လက်ဖျားငွေသီးတဲ့ လူတွေ ၊ ဆွဲကြိုးအကြီးကြီးဆွဲပြီး စိန်လက်စွပ်ကြီး ကို ပြူးနေအောင် ၀တ်၊ စားသောက်ဆိုင်တွေ မှာ ငွေကိုရေလိုသုံးဖြုန်းနိုင်တဲ့ လူတန်းစား တစ်ရပ်လို့ ဘဲ မြင်ခဲ့ကြတာပါ ။
ကန်ထရိုက်တာလို့ ဆိုလိုက်တာနဲ့ လမ်းကန်ထရိုက် ၊ အဆောက်အအုံ ကန်ထရိုက် အပြင် လုပ်ငန်းတွေကို ပုတ်ပြတ်ဆွဲ အလုပ်သမားတွေ နဲ့ လုပ်ငန်းပြီးမြောက်အောင်လုပ် ပြီး ကိုယ့်အတွက် ကျန်အောင် လုပ်တဲ့ သူအားလုံးကိုလည်း ခေါ်ဆို သတ်မှတ်ခဲ့တာ ခေတ်အဆက်ဆက်ဖြစ်ပါတယ်။ ကန်ထရိုက်တာတွေ ထဲမှာ လူဦးရေ အများဆုံးက တော့ ပုဂလိက ပိုင်မြေတွေမှာ မြေရှင် နဲ့ အကျိုတူ ဆောက်လုပ်ပြီး အကျိုးအမြတ်ကို အချိုးကျ ခွဲဝေယူတဲ့ စနစ်နဲ့ လုပ်တက်တဲ့ တိုက်ခန်း ကန်ထရိုက်တွေက ပိုများပါတယ်။
အထူးသဖြင့် ရန်ကုန်လိုနေရာမျိုးမှာ ဒီမိုကရေစီ တစ်ပိုင်းတက်လာတဲ့ အစိုးရသစ်လက်ထက် ၂၀၁၀ နောက်ပိုင်းမှာ ကန်ထရိုက်တိုက် ဆောက်တဲ့ လုပ်ငန်းတွေ က ရန်ကုန်မြို့လယ်ခေါင်မှာသာ မက မြို့စွန်မြို့ဖျား မြို့နယ် တွေဖြစ်တဲ့ သင်္ဃန်းကျွန်းလို ၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ က လမ်းကြိုလမ်းကြား တွေ အထဲ ထိအောင် ကန်ထရိုက်တိုက် ဆောက်လုပ်ခဲ့ကြရတဲ့ အခြေအနေတွေ ကောင်းမွန်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ - ၂၀၁၃ မှာတော့ ကန်ထရိုက်တာတွေ လက်ဖျားငွေသီးတဲ့ နှစ်လို့ တောင် ပြောစမှတ် ပြုကြတာ ကြားနေရပါတယ် ။
နိုင်ငံခြားက စက်ရုံ အလုပ်ရုံ ဆောက်တဲု့လုပ်ငန်းတွေ ၊ ၀န်ဆောင်မှု လုပ်တဲ့ လုပ်ငန်းတွေ လုပ်ချင်တဲ့ နိုင်ငံခြားသူဌေးတွေ တော်တော်များများကလည်း အခြားသော မြန်မာနိုင်ငံထဲက မြို့ကြီး ပြကြီးတွေမှာထက် သွားလာရေး လွယ် ၊ ကူးသန်းရောင်းဝယ်ရေး ကအစ ပါမစ်လျှောက်တာ အဆုံး အကုန်ရပြီး အလုပ်ဖြစ်နိုင်တဲ့ ရန်ကုန် မြို့တွင်းမြို့ပြင်မှာဘဲ အလုပ်လုပ်လာကြတာ များပါတယ်၊ အကျိုးဆက်ကတော့ အလုပ်ရှားတဲ့ နယ်မြို့တွေက ပညာတက်လူတန်းစားတွေ ၊ အခြေခံလူတန်းစားတွေ ရန်ကုန်ကို တိုးဝင် အခြေချ လာတဲ့ အကျိုးဆက်ကြောင့် ရန်ကုန် လူဦးရေကလည်း သိသိသာသာ တိုးတက်လာပါတယ်။
ပြည်ပက လာပြီး အလုပ်လုပ်တဲ့ လူတွေ ၊ ရင်းနှီးမြုပ်နှံမယ့် သူဌေးတွေ အတွက် တန်ဖိုးကြီး လုံးချင်းအိမ်တွေ ၊ ကွန်ဒိုမီနီယမ် တိုက်ခန်းကြီးတွေ လိုလာသလို အနယ်နယ် အရပ်ရပ်က နေ လာရောက် အလုပ်လုပ်တဲ့ ပြည်သူတွေ အတွက်လည်း နေစရာ ကျောချစရာ လိုလာတဲ့ အတွက်ကြောင့် ကန်ထရိုက်တိုက်ဆောက်လုပ်တဲ့ ကန်ထရိုက်တာ တွေ အလုပ်နဲ့ လက်မပြတ်အောင် လုပ်ခဲ့ရတဲ့ အပြင် အကျိုးအမြတ်လည်း များ ပြားခဲ့တာ တွေ့ရပါလိမ့်မယ်။
ဈေးကွက်မှာ ၀ယ်လိုအား ရှိနေတဲ့ အချိန်ကောင်းဖြစ်တဲ့ ၂၀၁၂ ခုနှစ် ၀န်းကျင်လောက်မှာ ကန်ထရိုက်တိုက်တွေ ဆောက်လို့ အမြတ်အစွန်းရတာကို မြင်လာတဲ့ အခြားသော စီးပွားရေး လုပ်ငန်းတွေကို လုပ်နေတဲ့ သူတွေကလည်း မြန်မာစီးပွားရေး ထုံးစံနဲ့ အညီ ငါးပွက်ရာ ငါးစာချတဲ့ ပုံစံနဲ့ သူ့ထက်ငါ အလုံးအရင်းနဲ့ မကျွမ်းကျင်တဲ့ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းတွေထဲကို ၀င်ပြီးလုပ်လာတဲ့ အပြင် အမြတ်အစွန်း ရလိုဇောနဲ့ ဈေးကွက်ဝယ်လိုအား ကို မတွက်တော့ဘဲ အလုံးအရင်း နဲ့ ဆောက်ခဲ့တာ ကြောင့်လည်း ဆောက် လုပ်ရေး ဈေးကွက် ကျဆင်းလာတာ ဖြစ်တယ် လို့ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကျွမ်းကျင်သူ တွေကလည်း သုံးသပ်ထားကြပါတယ်။
ရွှေဆိုင်ဖွင့်တဲ့ လူတွေ ၊ ကားလိုင်းထောင်တဲ့ သူတွေ ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း လုပ်တဲ့ လူတွေက အစ ကန်ထရိုက်တိုက် ဆောက်တဲ့ လုပ်ငန်းတွေထဲကို ၀င်လာပြီး ပုံမှန် ဆောက်လုပ်ရေးသမားတွေ ပေးထက် ဈေးထက် မြေရှင်တွေကို မက်လုံးတွေ ပေးပြီး လုပ်ငန်းမကျွမ်းကျင်ဘဲနဲ့ ၀င်ရောက် ရင်းနှီးမြုပ်နှံ ပြီး တိုက်ခန်းတွေ ကိုဆောက်ခဲ့တဲ့ အတွက်ကြောင့် တိုက်တစ်တိုက် ဆောက်တဲ့ အခါမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ၊ ကျွမ်းကျင်တဲ့ ကန်ထရိုက်တာ တစ်ဦး ဆောက်တဲ့ ပိုတဲ့ ကုန်ကျစရိတ် နှုန်းထားတွေ ကို ပိုမိုကုန်ကျခဲ့ပါတယ်။ ဈေးကွက်ဝယ်လိုအား ရှိတဲ့ အချိန်မှာ ဒီလိုကုန်ကျစရိတ်တွေ အတွက် ပြန်ရောင်းမယ့် တိုက်ခန်းတွေမှာ အမြတ်မာဂျင်တစ်ခုကို တိုးပြီးတင်လိုက်တဲ့ ပုံစံ နဲ့ အလွယ်တကူ ဖြေရှင်းခဲ့ပါတယ်။ အကျိုးဆက်ကတော့ တိုက်ခန်းတွေရဲ့ ရောင်းဈေးတွေ ထိုးတက်ကုန်တာပါဘဲ။
ဈေးကွက်ရဲ့သဘောသဘာဝ အရ ပုံမှန်မဟုတ်ဘဲံ ဈေးနှုန်းကြီးမြင့်လာတဲ့ ကုန်ပစ္စည်းတစ်ခုကို ၀ယ်သူတွေရဲ့ ၀ယ်နိုင်စွမ်းအားက အတိုင်းအတာ တစ်ခု ထက်ထိကျဆင်းသွားလေ့ရှိတာ တွေ့ရပါတယ် ။ ဒါ့အပြင် ဈေးကွက်သဘောတ၇ား အရလည်း ရောင်းလိုအား နဲ့ ၀ယ်လိုအား အခြေအနေ ကို တွက်ချက်မှု မရှိဘဲ အပြိုင်အဆိုင် ဆောက်လုပ်ခဲ့ကြတဲ့ အပြင် ဆောက်လုပ်စရိတ်ကြီးတဲ့ အတွက်ကြောင့်လည်း ပြန်လည်ရောင်းချတဲ့ တိုက်ခန်းတွေရဲ့ တန်ဖိုးတွေက မြင့်လာတဲ့ အတွက် ၀ယ်သူတွေက ၀ယ်ဖို့ကို ပြန်စဉ်းစား လာရတဲ့ အထိ အခြေအနေတွေ ဖြစ်လာတဲ့ အတွက်ကြောင့် လည်း အခု ဆိုရင် ရန်ကုန်မြို့မှာ ဆောက်လုပ်ပြီး ၊ ဆောက်လုပ်ဆဲ ကွန်ဒို တိုက်ခန်း၊ ပုံမှန်လူနေ တိုက်ခန်း ၅၀၀၀၀ လောက်အထိ ကျန်နေသေးတာ ကို တွေ့မြင်နိုင်ရမှာ ဖြစ်ပါတယ်။
ငွေကြေးအင်အား တောင့်တင်းတဲ့ ကန်ထရိုက်တာတွေ ၊ ဆောက်လုပ်ရေး ကုမ္မဏီတွေ အတွက်ကတော့ အခုမရောင်းရလည်း နောင်ဈေးတက်မှ ရောင်းမယ် ဆိုပြီး အောင်းထားနိုင်ပေမယ့် ၊ အကျိုးတစ်ခု ကို မျှော်မှန်းပြီး ဟိုကပိုက်ဆံ အတိုးနဲ့ ချေးလို့ရတဲ့ ပိုက်ဆံဒီမှာဆွဲသုံး ၊ ရတဲ့ အခန်းကို ပြန်ရောင်းပြီးမှ တစ်ဖက်က ငွေကို ပြန်ဆပ်ရမယ့် ကန်ထရိုက်ငယ်တွေ ၊ တက်သစ်စ ဆောက်လုပ်ရေး ကုမ္မဏီတွေ အတွက်ကျတော့ ဒုက္ခပင်လယ်ဝေ စေတော့တာပါဘဲ ။
မြန်မာပြည်ရဲ့ဘဏ် စနစ်အခြေအနေအရလည်း ကန်ထရိုက်ငယ်လေးတွေ အတွက် ဘဏ်မှာ အပေါင်ထားပြီးငွေချေးဖို့ကလည်း အပေါင်ပစ္စည်း ထားဖို့ လိုအပ်သလို ၊ အင်မတန်ကံမတရားကောင်း လို့ ချေးခွင့်ရမယ် ဆိုရင်လည်း တိုက်တစ်တိုက်လုံး ရဲ့တန်ဖိုးပမာဏရဲ့ အများဆုံး ၄၀ ရာခိုင်နှုန်းကို သာ ချေးလို့ရတာဖြစ်ပြီး ကျန်တဲ့ ပိုက်ဆံကိုတော့ လုပ်ငန်းတူ ပါတနာတွေ ၊ မိသားစုတွေ အပြင် ပိုက်ဆံရနိုင်တဲ့ ငွေချေးတဲ့ နည်းလမ်းမျိုးစုံ နဲ့ လည်ပတ် ပြီး ရှင်သန်နေရတာ အားလုံး အသိဘဲ ဖြစ်ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းတွေ လည်ပတ်မှု အားနည်းပြီး တိုက်ခန်းတွေ ရောင်းမထွတ်တဲ့ အခုအချိန်မှာ မြေရှင်တွေနဲ့ အကျိုးတူ ဆောက်ဖို့ စာချုပ်ချုပ်ပြီးသား ကိစ္စတွေကို ကန်ထရိုက်တာတွေဘက်က မြေနေရာ အကွက်အကွင်း အကျိုးအမြတ်ကို ပြန်တွက်ချက်ပြီး ငြင်းဆန်သင့်တာ ငြင်းဆန် ၊ ဆောက်လုပ်ဆဲ တွေဆိုရင်လည်း ဆက်မဆောက်တော့တာတွေ လုပ်လာကြတဲ့ အပြင် ၊ ကန်ထရိုက်တာတွေ ခဏခဏ ပြောင်းပြီးဆောက်ရတဲ့ အခြေအနေ တွေ အပြင် တစ်ချို့ ကန်ထရိုက်တာတွေ ဆိုရင်မြေရှင် ၊ တိုက်ခန်းဝယ်ထားတဲ့ သူတွေနဲ့ ပြသနာ အရှုပ်အထွေးတွေ ဖြစ်ပြီး ထွတ်ပြေးကြရတဲ့ သတင်းတွေကလည်း အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေးလောကမှာ ထူးမခြားနား သတင်းတွေ ဖြစ်လာတဲ့ အထိ ဖြစ်လာပါပြီ။
ထင်ရှားတဲ့ အိမ်ခြံမြေ ကျွမ်းကျင်သူတွေ ၊ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေကတော့ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ အတွက် ဈေးကွက်ဝယ်လိုအား အတက်အကျ ၊ ကန်ထရိုက်တာတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှု တီထွင်ဆန်းသစ်နိုင်မှု နဲ့ ဘဏ္ဍာရေး အခြေအနေ တောင့်တင်းမှု ၊ နိုင်ငံတကာ ဆောက်လုပ်ရေး နည်းပညာများ၏ တိုးတက်ဆန်းသစ်မှု တွေကို မျက်ခြေမပြတ်လေ့လာနိုင်ပြီး ပြည်တွင်းမှာ ပြန်လည်အသုံးချနိုင်တဲ့ အထိ လေ့ကျင့်သင်ယူထားဖို့လိုပါတယ် တဲ့ ။
အရင်လိုမျိုး သူဌေးတစ်ယောက်က ဖြစ်ဖြစ် ၊ မိသားစု ကငွေထုတ်ပေးလို့ဘဲ ဖြစ်ဖြစ် ၊ မိမိကိုယ်တိုင်ငွေယား ကလေး ရှိလို့ ခပ်တည်တည်နဲ့ ကန်ထရိုက်အမည်ခံ ပြီး လုပ်မယ်ဆိုရင်လည်း အခြေအနေ ကောင်းမှာ မဟုတ်တော့တဲ့ ပြောင်းလဲလာတဲ့ ခေတ်စနစ်၊ ဈေးကွက်အနေအထားကြောင့်လည်း တကယ် ကန်ထရိုက်တာ ကောင်းတစ်ခုဖြစ်ဖို့ အတွက် အဖက်ဖက်ကနေ ပြင်ဆင်လေ့လာကြိုးစား ရမှာဖြစ်သလို ၊ ဈေးကွက်အခြေအနေ ၊ အမှန်တကယ် အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ကြိုတင်ကြံဆ တီထွင် လုပ်ကိုင်မှသာ ရပ်တည်လို့ ရတော့မှာဖြစ်ပါတယ် ။
နေရာစုံ ၊ ကဏ္ဍစုံမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်းနေတဲ့ ယနေ့ကမ္ဘာကြီးမှာ ခေတ်နဲ့အညီ မဖြစ်မနေ လိုက်ပါပြောင်းလဲနိုင်မှသာ ရေရှည်ကန်ထရိုက်တာ ကောင်းတစ်ယောက်အဖြစ် ရပ်တည်ဖို့ လွှယ်ကူ အဆင်ပြေမှာဖြစ်ပါတယ်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com