ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတွင် ပါဝင်သည့် လယ်မြေများအတွက် လျော်ကြေးအဖြစ် ဂရန်မြေကွက်များအား စီမံကိန်းဧရိယာ အနီးဝန်းကျင်ရှိ ဒေသခံလယ်သမားများ၏ မူလလက်ငုတ်နေရာများ၌သာ ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီသုံးခုထဲမှ တစ်ခုဖြစ်သော ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီမှ ဒါရိုက်တာဦးခင်မောင်သန့်က ပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအား လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများပါဝင်ပြီး စုစုပေါင်းမြေဧက ၃၀၀၀၀ ခန့်တွင် အကောင်အထည်ဖော်ရန် လျာထားခြင်းဖြစ်သည်။ သို့ ဖြစ်ရာ စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် လယ်မြေများအတွက် လျော်ကြေးအဖြစ် လယ်မြေတစ်ဧကလျှင် ၄၄ ပေ × ၁၀၀ ပေရှိသည့် ဂရန်မြေကွက်နှစ်ကွက်နှင့် တိုက်ခန်းတစ်ခန်းကို ပြန်ပေးမည်ဖြစ်ကြောင်း၊ မူလလက်ငုတ်ဒေသခံ တောင်သူများကိုသာ ယင်းသို့လျော်ကြေး ပေးမည်ဖြစ်ပြီး ယခုနောက်ပိုင်း စီမံကိန်းစတင်မည်ဆိုမှ ၀ယ်ယူခဲ့သည့် သူများအတွက်မူ ဂရန်ရှိ မြေကွက်နှစ်သာ လျော်ကြေးအဖြစ်ပေးမည်ဖြစ်ပြီး တိုက်ခန်းတစ်ခန်းမှ မပါဝင်ကြောင်း၊ လျော်ကြေးအဖြစ် ပြန်ပေးမည့် မြေကွက်များကို ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာ အနီးတစ်ဝိုက်နှင့် လက်ရှိဒေသခံများ နေထိုင်သည့် နေရာအနီးတစ်ဝိုက်သာ ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။
“ဒေသခံ တောင်သူလယ်သမားတွေအတွက် မြေယာလျော်ကြေးအဖြစ် မြေကွက်နှစ်ကွက်နဲ့ တိုက်ခန်းတစ်ခန်းပေါ့။ အပြင်က လာဝယ်တဲ့သူတွေအတွက်တော့ တိုက်ခန်းမပါဘူး။ မြို့မြေဂရန်မြေ ပြန်ပေးမှာပေါ့။ လျော်ကြေးနဲ့လည်း လယ်ယာမြေကို တန်ဖိုးဖြတ်တာတော့ မဟုတ်ပါဘူး။ ပြန်ပေးရင်လည်း ဟိုအပိုင်း ဒီအပိုင်းခွဲပြီးလည်း ပေးမှာမဟုတ်ဘူး။ အကြမ်းဖျင်းတော့ ဘယ်လိုရမယ်ဆိုတာတော့ ဒေသခံတွေကို ပြောထားပြီးသား။ ဒီရွာပါတဲ့အပိုင်းက ဒီရွာနေရာမှာပဲ ရမယ်။ ဒေသခံတွေအားလုံးလည်း ကျေနပ်ပါတယ်။ အဲဒီ ပတ်ဝန်းကျင်မှာပဲ မြေကွက်တွေ ပြန်ရမှာ။ မူလ လက်ငုတ်နေရာမှာပဲ ပြန်ရမှာ”ဟု ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအား ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလိမိတက်တို့က ပူးပေါင်း အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။
Credit: eleven media group