မြန်မာနိုင်ငံ၏ အိမ်ရာဆောက်လုပ်မှုကဏ္ဍများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားသော်လည်း မြေဈေးအလွန်မြင့်တက်နေမှုနှင့် အိမ်ရာစီမံကိန်းများ တင်ဒါခေါ်ယူမှုတွင် ပြည်တွင်းလုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့်ရသွားလေ့ရှိသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်သူများအတွက် စိတ်ဓာတ်ကျစရာဖြစ်နေကြောင်း စက်တင်ဘာ ၁၇ ရက်က ဒုတိယမြောက်နေ့အဖြစ်ကျင်းပသည့် Myanmar Global Investment Forum ၏ Panel Discussion တွင် ဆွေးနွေးသုံးသပ်ချက်များအရ သိရသည်။
"မြန်မာနိုင်ငံမှာ ရုံးခန်းတွေ အိမ်ရာတွေ ဟိုတယ်တွေ services apartment တွေရဲ့လိုအပ်ချက်က တော်တော်မြင့်တက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အတွက် မြေအသုံးချမှုမြင့်တက်လာတာကတစ်ကြောင်းပါ။ ကျွန်တော့်အတွေ့အကြုံအရပြောရရင် လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်စပြီး အိမ်ရာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ ၀င်လာပေမယ့် ပြန်သွားတာတွေလည်းရှိပါတယ်။ သူတို့စိတ်မ၀င်စားလို့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြေဈေးနှုန်းတွေကြီးမြင့်နေလို့ဖြစ်ပါတယ်။ ဒီလိုမြေဈေးနှုန်းတွေကြီးမြင့်တယ်ဆိုတာကလည်း အဓိကအားဖြင့် ဈေးကစားလို့ဖြစ်နေတာပါ။ မြန်မာနိုင်ငံမှာဖြစ်နေတာက မြေဈေးနှုန်းကို ဈေးကစားဖို့ဝယ်တဲ့သူဆီက အခွန်မကောက်နိုင်တာပါ။ ဒါကမြေဈေးနှုန်းကြီးမြင့်ဖို့ အားပေးးသလိုဖြစ်သွားတယ်။
ကျွန်တော့်ရဲ့အတွေ့အကြုံအရရော မြေပိုင်ရှင်တွေ ပွဲစားတွေရဲ့ပြောပြချက်အရဆိုရင်တော့ မြေနဲ့ပတ်သက်ပြီး တင်ဒါတွေခေါ်တဲ့နေရာမှာ ပြဿနာတွေရှိပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေစိတ်ပျက်ရတဲ့အထဲမှာ တင်ဒါကိစ္စတွေပါပါတယ်။ ပြည်တွင်းကုမ္ပဏီတွေကပဲ project တွေကို ရသွားကြတဲ့အတွက်ပါ" ဟု YOMA Strategic Holdings rS Executive Director ဖြစ်သူ Cyrus Pun က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် မြေဈေးနှုန်းကြီးမြင့်မှုတွင်သော်လည်းကောင်း၊ ဟိုတယ်ဈေးနှုန်း၊ တိုက်ခန်းဈေးနှုန်းများကြီးမြင့်မှုတွင်သော်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများထက် ကျော်လွန်ကြောင်း၊ အလားတူအိမ်ရာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် သင့်တင့်လျောက်ပတ်သည့် Legal Framework များလည်း ချမှတ်ပေးရန်လိုအပ်နေကြောင်းနှင့် အလားတူပါမစ်ရရန် အချိန်ယူရခြင်းနှင့် ယင်းအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများက ဝေဖန်ကြကြောင်း သိရသည်။
ရန်ကုန်မြို့တွင် လက်ရှိအချိန်၌ အိမ်ရာလိုအပ်ချက် မြင့်တက်နေပြီး အဆိုပါလိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရန်အတွက် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ၊ Services Apartmen များလိုအပ်နေသကဲ့သို့ ခရီးသွားများဝင်ရောက်မှုမြင့်တက်လာသည့်အတွက် ဟိုတယ်များဆောက်လုပ်ရန် လိုအပ်နေကြောင်း သိရသည်။
ပြည်တွင်းတွင် လောလောဆယ်၌ အကောင်အထည်ဖော်နေသော အိမ်ရာစီမံကိန်းများရှိကြောင်း၊ အဆိုပါအိမ်ရာစီမံကိန်းများကို ရရှိသွားသူများသည် ပြည်တွင်းလုပ်ငန်းရှင်များနှင့် မြန်မာပြည်ပေါက် တရုတ်လုပ်ငန်းရှင်များသာဖြစ်နေကြောင်းနှင့် international ကုမ္ပဏီများရရှိမှု မရှိသလောက်နည်းပါးနေသေးကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်ရာလိုအပ်ချက် မြင့်တက်နေမှုနှင့်ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကမူ "မြန်မာနိုင်ငံအနေနဲ့ လူနေမှုအဆင့်အတန်းမြှင့်တင်မှုအပိုင်းကို ဦးစားပေးဆောင်ရွက်နေပါတယ်။ လုံလောက်တဲ့တန်ဖိုးမျှတအိမ်ရာစီမံကိန်းတွေ တည်ဆောက်ပေးနိုင်ဖို့ National Housing Policy ပေါ်ပေါက်လာရေးနဲ့ Housing Delivery Instituion တွေတည်ထောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်ခုက Housing Financing Mechanism တွေတိုးတက်လာဖို့လည်း လိုအပ်ပါတယ်။ ဒါမှလည်း အိမ်ရာထုတ်လုပ်မှုကို အထောက်အကူဖြစ်မှာပါ။ အလားတူဆောက်လုပ်ရေးကုမ္ပဏီတွေကိုလည်း promote လုပ်ပေးရမှာပါ။ အဲဒီရည်မှန်းချက်ကိုအောင်မြင်မယ်ဆိုရင် အမျိုးအစားမတူတဲ့ တန်ဖိုးမျှတအိမ်ရာစီမံကိန်းတွေကို income level မတူညီတဲ့သူတွေအတွက် ဖန်တီးပေးနိုင်ဖို့ စဉ်းစားထားပါတယ်" ဟု အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံပိုင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်ဆိုတဲ့အပိုင်းမှာ လျှပ်စစ်မီးရရှိမှုအပိုင်းကအရေးပါသလို ရေဆိုးရေညစ်သန့်စင်ရေး၊ သန့်ရှင်းတဲ့ရေရရှိရေးကလည်း အရေးပါပါတယ်။ ADB အနေနဲ့တော့ Key Policy အနေနဲ့ အကူအညီပေးနေတာရှိပါတယ်။ နောက်တစ်ခုက ရန်ကုန်အပြင် မန္တလေးလိုမြို့တွေကို ဖွံ့ဖြိုးလာဖို့လိုပါတယ်" ဟု New Star Light Co., Ltd ၏ အကြံပေးဖြစ်သူ Putu Kamayanau ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် ရန်ကုန်မြို့သည် အိမ်ရာလိုအပ်ချက်မြင့်တက်နေဆဲဖြစ်ကြောင်း၊ ဈေးကစားမှုများလည်းရှိနေဆဲဖြစ်ကြောင်း၊ အိမ်ရာကဏ္ဍတွင် ငွေမည်းများဝင်ရောက်လာခြင်းကလည်း ဈေးကစားလိုသူများအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်နေကြောင်း၊ ယင်းကဲ့သို့အနေအထားများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံလိုသူများအတွက် အခက်အခဲဖြစ်နေကြောင်းလည်း သိရသည်။
အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် တင်ဒါခေါ်ယူမှုတွင် ပြည်တွင်းလုပ်ငန်းရှင်များ မြန်မာနိုင်ငံသား တရုတ်လူမျိုးများ၊ ၎င်းတို့နှင့်ဆက်စပ်နေသော လုပ်ငန်းရှင်များသာ ရရှိသွားသည့်အတွက် ပွင့်လင်းမြင်သာမှုမရှိဘူးဆိုသော ပြောကြားချက်များနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုထက်ပို၍ ပွင့်လင်းမြင်သာသင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
Credit: Eleven Media