ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
တရုတ်ပြည်အလယ်ပိုင်းရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးအိုသည် အသက် ၈၅ နှစ်အရွယ် အဘွားတစ်ဦးနှင့် သံယောဇဉ်ဖြစ်နေပြီး ၎င်း၏ အနုပညာ အစွမ်းအစများဖြင့် အဘွားအား နှစ်သက်ကြည်နူးမှု ဖြစ်စေပုံမှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့၏ နှလုံးသားများကို လှုပ်ခတ်စေလျက် ရှိသည်။
အသက် ၁၀၀ ကျော်ပြီဖြစ်သော ချန်ဝေဒီအမည်ရှိ အဘိုးသည် ဝူဟန်မြို့ရှိ Enjoy Ages အမည်ရှိ ဘိုးဘွားရိပ်သာတွင်ရောက်နေသည်မှာ ၃ နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း Hubei Daily သတင်းဌာနက ဖော်ပြသည်။
သူ့အခန်းထဲတွင် စာအုပ်များ၊ လက်ရေးလှဖြင့် ရေးသားထားသောစာရွက်များ၊ ပန်းချီကားများဖြင့် ပြည့်နှက်နေသည်။
ချန်အဘိုးသည် တရုတ်ရိုးရာ ဟူလူစီ ပလွေကို မှုတ်နေလေ့ရှိသည်ကိုလည်း တွေ့ရတတ်သည်။
ထို့အပြင် ချန်အဘိုးက ပီယာနိုကို မိမိဘာသာ လေ့လာသင်ယူသည်။
(▲ အဘွားကျန်းနှင့် ချန်အဘိုးတို့သည် ဘိုးဘွားရိပ်သာတွင် အတူနေထိုင်ရင်း မိမိတို့ ဝါသနာပါသည်များကို လုပ်ဆောင်လျက်ရှိကြသည်။ ဓာတ်ပုံ-163.com)
ဘိုးဘွားရိပ်သာမှ အမှုထမ်းတို့က ပြောသည်မှာ ချန်အဘိုးသည် အမြဲတက်တက်ကြွကြွရှိပြီး ကလေးတစ်ဦး သဖွယ် သိလိုစိတ်များပြားသူဖြစ်ကြောင်း ပြောသည်။
ချန်အဘိုးသည် ပြီးခဲ့သောနှစ် ဧပြီလအတွင်းက ဘိုးဘွားရိပ်သာက ရိုက်ကူးခဲ့သော ဗွီဒီယိုဖိုင်တစ်ခုတွင် စစ်ခရာကိုမှုတ်ကာ ပါဝင်သရုပ်ဆောင်ခဲ့သည်။
ထိုဗွီဒီယိုဖိုင်မှာ ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးဂယက်ရိုက်ခဲ့ပြီး ကြည့်ရှုမှုအကြိမ်ရေ ၁၆ သန်းကျော် ရှိခဲ့သည်။
ချန်အဘိုးက Jiupai News သတင်းဌာနသို့ မိမိအသက်ရှည်ကျန်းမာစွာ နေရခြင်း၏ လျှို့ဝှက်ချက်ကို ပြောပြခဲ့ရာတွင် အပြုသဘောစိတ်ထား ထားရှိခြင်း၊ ဆေးလိပ် ၊ အရက်သေစာ မသုံးခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောသည်။
(▲ ကျန်းအဘွားက လက်မှုအတတ်ကျွမ်းကျင်ပြီး အထူးသဖြင့် ပိုးထည်ဖြင့် ပန်းများ ပြုလုပ်ခြင်း အလွန်တော် သည်။ ဓာတ်ပုံ- 163.com)
ချန်အဘိုး၏ အခန်းတွင် နေ့စဉ်ပြုလုပ်မည့် အချိန်ဇယားတစ်ခု ချိတ်ဆွဲထားရာ နေ့စဉ် လုပ်ဆောင်မှု ၁၃ ခု ဖော်ပြထားပြီး လေ့ကျင့်ခန်းလုပ်ခြင်း၊ မွန်းလွဲပိုင်း လဘက်ရည်သောက်ခြင်းနှင့် ဂီတ လေ့ကျင့်ခြင်းတို့ ပါဝင်သည်။
ယခုနှစ်အစောပိုင်းတွင် ဘိုးဘွားရိပ်သာ၌ နေ့စဉ်လုပ်ဆောင်ဖွယ်များ လုပ်ဆောင်နေရင်း ချန်အဘိုးနှင့် အသက် ၈၅ နှစ်အရွယ် ကျန်းအဘွားတို့ ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ကိုယ်စီ၏ ကျွမ်းကျင်မှု ဝါသနာများနှင့် စပ်လျဉ်းပြီး ပေါင်းသင်း၍ ရသွားပြီး နောက်ဆုံးတွင် ၎င်းတို့ချင်း မေတ္တာမျှခဲ့ကြသည်။
ချန်အဘိုးက ကျန်းအဘွား၏ နွေးထွေးမှုနှင့် ကြင်နာတတ်မှုတို့ကို သဘောကျပြီး ကျန်းအဘွားကလည်း အဘိုး၏ နူးညံ့သိမ်မွေ့မှုနှင့် နုပျိုသောစိတ်ဓာတ်တို့အပေါ် နှစ်သက်သည်။
နှစ်ဘက်မိသားစုတို့ကလည်း ၎င်းတို့ကြားက အချစ်ရေးကို အားပေးကြသည်။
“ကျန်းနဲ့ တွေ့ရတာ ကံတရားအရပါပဲ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဖေးမကြတယ်။ အထီးမကျန်ရတော့ပါဘူး” ဟု ကျန်းအဘိုးက ပြောသည်။
ကျန်းအဘွား၏ သားဖြစ်သူကလည်း ချန်အဘိုးကို လေးစားကြောင်း၊ ၎င်းတို့နှစ်ဦးအတွက် ပျော်ရွှင်မိကြောင်း ပြောသည်။
“ကျွန်တော်တို့ မိဘတွေ ပျော်ရွှင်နိုင်ဖို့က အရေးအကြီးဆုံးပါ” ဟု သားဖြစ်သူက ပြောသည်။
ဘိုးဘွားဂေဟာ၏ activity များတွင် ချန်နှင့် ကျန်းတို့ စုံတွဲမှာ လက်ချင်းတွဲထားလေ့ရှိသည်။
ကျန်းအဘွားက အဘိုး၏ အဝတ်အစားများ သပ်သပ်ရပ်ရပ်ရှိစေရန် ကူညီပေးပြီး ကျန်းအဘိုးကလည်း အဘွား၏ လက်မှုပစ္စည်းလေးများတွင် နာမည်ထိုးခြင်းများ ပြုလုပ်ပေးသည်။
ချန်တို့စုံတွဲသည် ရံဖန်ရံခါတွင် ဟွမ်မေ အော်ပရာဟုခေါ်သော လဘက်ခူးတေးသွားနှင့် အကဖျော်ဖြေမှုလုပ်ကာ ဂေဟာမှ ဘိုးဘွားတို့ကို ပျော်ရွှင်စေသည်။
(▲ ချန်အဘိုးသည် ဝါသနာအမျိုးမျိုးဖြင့် စိတ်ပျိုကိုယ်နု နေထိုင်လျက်ရှိရာ လက်ရေးလှ စာရေးခြင်းလည်း အပါအဝင် ဖြစ်သည်။ ဓာတ်ပုံ-163.com)
ကျန်းအဘွားနှင့် အချိန်ကုန်လွန်ဖြတ်သန်းခွင့်ရသည့်နောက်ပိုင်း ချန်အဘိုးမှာ စိတ်အားတက်ကြွလျက် ရှိကြောင်း ဂေဟာမှ စောင့်ရှောက်သူတို့က ပြောသည်။
၎င်းတို့၏ အချစ်ဇာတ်လမ်းမှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားနေပြီး ၎င်းတို့၏ ဗွီဒီယိုဖိုင်များမှာလည်း Like သိန်းနှင့်ချီကာ ရရှိနေသည်။
“သူတို့ အတူနေခွင့် အချိန်က အများကြီးမရှိနိုင်တော့ဘူး။ ဒါပေမယ့် သူတို့အချစ်က ရိုးသား စစ်မှန်ပါတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Chinese man, 102, known for musical talent, creates sweet bond with grandma in nursing home Photo Credit-163.com