ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
တရုတ်ပြည်အရှေ့ပိုင်း ဖုံးလေမြစ် (Fengle River) တွင် တောက်တောက်ပြောင်ပြောင် အနက်ရောင် ရေငုပ်သင်္ဘောကြီးတစ်စင်း စက်ယန္တရားများ တုန်ဟည်လျက် ရေအောက်သို့ ငုပ်လျှိုးသွားပုံကို မြစ်ကမ်းနဖူးတွင် ရွာသူရွာသားတိို့ ကမ်းလုံးညွှတ်မျှ လာရောက်ကြည့်ရှုခဲ့ကြသည်။
စစ်ဘက်မှ ရေငုပ်သင်္ဘောစမ်းသပ်ခြင်း မဟုတ်။
ကျန်းရှန်ဝူ အမည်ရှိ အသက် ၆၀ အရွယ် လယ်သမားကြီးက အိမ်တွင် ကိုယ်တိုင်တီထွင်ခဲ့သော လက်ဖြစ် ရေငုပ်သင်္ဘောကြီး ဖြစ်သည်။
ကျန်းရှန်ဝူသည် ရှန်ဟိုင်းမြို့၏ အနောက်ဘက် မိုင် ၂၅၀ အကွာ၊ အန်းဟွေ့ပြည်နယ်၊ ဟန်ရှန်းခရိုင်တွင် နေထိုင်သူ ဖြစ်သည်။
ကျန်းရှန်ဝူက ရေငုပ်သင်္ဘောတီထွင်နိုင်ရန် ၁၀ နှစ်နီးပါး ကြံဆခဲ့ရသည်။
၎င်း၏ ရေငုပ်သင်္ဘောကြီးမှာ အလေးချိန် ၅ တန်ရှိပြီး ၂ ယောက်စီးနိုင်သည်။ ကျန်းရှန်ဝူက သူ၏ ရေငုပ်သင်္ဘောကြီးကို မဟာကာဠ မစ္ဆ (Big Black Fish) ဟု အမည်ပေးထားသည်။
(ကျန်းရှန်ဝူ၏ ရေငုပ်သင်္ဘော တည်ဆောက်မှုမှာ တရုတ်ပြည်တွင် နာမည်ကြီးနေသည်။ ဓာတ်ပုံ-Handout)
လယ်သမားကြီး ကျန်းရှန်ဝူသည် တရုတ်ပြည်အရှေ့ပိုင်း တောပိုင်းကျသည့် အန်းဟွေ့ပြည်နယ်၊ ယန်စီမြစ်ဝှမ်းတွင် ကြီးပြင်းခဲ့သူဖြစ်ကြောင်း China Daily က ဖော်ပြသည်။
ထိုဒေသသည် မြစ်ချောင်းအင်းအိုင်များ၊ လယ်ယာမြေများဖြင့် ဖွဲ့စည်းထားသော ဒေသဖြစ်သည်။
ကျန်းရှန်ဝူသည် ယခင်က လက်သမား၊ ဝရိန်သမားအဖြစ် လုပ်ကိုင်ဖူးသည့်အပြင် သင်္ဘောလုပ်ငန်းတွင်လည်း လုပ်ကိုင်ခဲ့ဖူးသည်။
“ကျွန်တော့်တစ်သက်လုံး လှေတွေ တွေ့ဖူးပါတယ်။ ဒါပေမယ့် တစ်ခုခု ပျောက်ဆုံးနေသလို အမြဲခံစားခဲ့ရတယ်” ဟု ကျန်းရှန်ဝူက Dawan News သတင်းဌာနသို့ ပြောသည်။
“သစ်သားလှေ၊ သံမဏိလှေတွေ ကျွန်တော်တွေ့ဖူးပါတယ်။ ဘယ်ဟာမှ ရေအောက်ကို မငုပ်နိုင်ကြပါဘူး” ဟု ကျန်းရှန်ဝူက ရေငုပ်သင်္ဘောကိုကြည့်ရင်း အံ့သြတကြီး ပြောသည်။
အဆိုပါ ရုပ်သံအစီအစဉ်ကို ကြည့်လိုက်ရပြီး ရက်ပိုင်းအကြာတွင် စုဆောင်းထားငွေ၊ ချေးငွေ ၂ ရပ်ပေါင်း ယွမ် ၅၀၀၀ (ဒေါ်လာ ၇၀၀) ခန့်ဖြင့် စွန့်ပစ် သံပြားကြီးတစ်ခု၊ အင်ဂျင်တစ်လုံးနှင့် ဘက်ထရီတို့ ဝယ်လိုက်ကာ ညအခါများတွင် ဝရိန်ဆော်မှုများ စတင်လုပ်ဆောင်ကာ ရေငုပ်သင်္ဘောအိပ်မက်ကို ပုံဖော်သည်။
ညအခါများတွင် ဇနီးဖြစ်သူက သူမ၏ မိခင်ကြီးအား ပြုစုပေးလျက်ရှိနေသည်။
(လယ်သမားကြီး ကျန်းရှန်ဝူ တီထွင်ခဲ့သော လက်လုပ် ရေငုပ်သင်္ဘောကြီး ဟန်ရှန်းခရိုင်ရှိ မြစ်တစ်ခုတွင် ဇူလိုင်လ ၂ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-AFP)
လပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် အလျား ၁၉ ပေ၊ အမြင့် ၃ ဒသမ ၉ ပေ၊ အလေးချိန် ၂ တန်ရှိသော ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်နိုင်ခဲ့သည်။
သူ၏ ပထမဆုံး ရေငုပ်သင်္ဘောမှာ တစ်ယောက်စီးဖြစ်ပြီး ရေအောက်သို့ အနက် ၁ မီတာမျှသာ ငုပ်နိုင်ခဲ့ပြီး ရေအလုံးအရင်း ယိုစိမ့်လာခဲ့သည်။
သို့သော် အသုံးချ ရေငုပ်သင်္ဘောမော်ဒယ်တစ်ခုအဖြစ် ၂၀၁၆ ခုနှစ်တွင် မူပိုင်ခွင့် ရရှိခဲ့ကြောင်း QQ.com က ဖော်ပြသည်။
ပထမ ရေငုပ်သင်္ဘောအပေါ် မကျေနပ်သေးသော ကျန်းရှန်ဝူက မိမိဘာသာ လေ့လာဆည်းပူးမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီးနောက် ယွမ်ငွေ ၄၀၀၀၀ (ကန်ဒေါ်လာ ၅၅၇၀) သုံးစွဲကာ ဒုတိယမြောက် ရေငုပ်သင်္ဘောတစ်စင်း ထပ်မံတည်ဆောက်ခဲ့ပြန်သည်။
မဟာကာဠမစ္ဆ (Big Black Fish) ဟု အမည်ပေးထားသော ဒုတိယ ရေငုပ်သင်္ဘောမှာ အလျား ၂၂ ပေ၊ အမြင့် ၅ ဒသမ ၉ ပေရှိသည်။ လူ ၂ ယောက်စီးနိုင်ပြီး ရေအနက် ၂၆ ပေအထိ ငုပ်လျှိုးနိုင်သော ရေငုပ်သင်္ဘောကို ယခုလထဲတွင် စတင်ရေချခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြသည်။
(ကျန်းရှန်ဝူ၏ ဒုတိယမြောက် ရေငုပ်သင်္ဘောကြီး ရေထဲသို့ ငုပ်လျှိုးစမ်းသပ်ခဲ့ပုံ။ ဓာတ်ပုံ-AFP)
ကျန်းရှန်ဝူသည် ရေငုပ်သင်္ဘော ရေအောက်တွင် တည်ငြိမ်မှုရှိစေရန်အတွက် အောက်ခြေ၌ ကွန်ကရစ် ၂ တန် လောင်းထည့်ခဲ့သည့်အပြင် အစွန်း ၂ ဘက်တွင် ရေစည်များ တပ်ဆင်ထားခဲ့သည်။
ရေစည်များတွင် ရေများဖြည့်သွင်းထားပြီး ရေပေါ်သို့ ပြန်တက်လိုချိန်တွင် ရေစည်ထဲမှ ရေများကို ပြန်လည်ဖောက်ထုတ်မည် ဖြစ်သည်။
ဝရိန်ဆော်ထားသည့် နေရာတိုင်းကို ဆီလီကွန်ဖြင့် ဖာထေးပေးထားသည်။
အမြန်နှုန်း ရေမိုင် ၄ မိုင် မောင်းနိုင်ပြီး ၅ မီတာရှည်သော တိုင်တစ်ခုတွင် ရေစိမ်ခံ ကင်မရာတပ်ဆင်ထားရာ ရေအောက်သို့ မငုပ်လျှိုးမီ ရေအောက်မြင်ကွင်းများကို စစ်ဆေးကြည့်ရှုနိုင်မည် ဖြစ်သည်။
ထိုကင်မရာဖြင့် ရေအောက်တွင် ငါးဖမ်းသမားတစ်ဦး ပျောက်ဆုံးနေသော ငါးဖမ်းပိုက် တစ်ခုကို တွေ့ရှိခဲ့ရာ ဆုငွေ ယွမ် ၃၀၀၀ (၄၁၇ ဒေါ်လာ) ရခဲ့သေးသည်။
ကျန်းရှန်ဝူ၏ ဒုတိယမြောက် ရေငုပ်သင်္ဘောကြီး ရေအောက်သိုု့ ငုပ်လျှိုးခဲ့ပုံ ဗွီဒီယိုဖိုင်ကို မကြာသေးမီးက Douyin လူမှုကွန်ရက်တွင် တင်ခဲ့ရာ ပြည်မကြီးလူမှုကွန်ရက်သုံးစွဲသူတို့ကြား ပျံ့နှံ့ခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Homemade submarine by 60-year-old Chinese farmer successfully dives in river (interestingengineering) Photo Credit-Handout, AFP