ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ကြောင်များ တကိုယ်ကောင်းဆန်သည်ဟု မည်သူပြောသနည်း။
ဗြိတိန်တွင် အမျိုးသမီးတစ်ဦးသည် အိပ်ပျော်နေရင်း နှလုံးဖောက်နေချိန်တွင် သူ၏ ကြောင်ကလေးက အသက်ကယ်ဆယ်ပေးပုံဖြစ်ရပ်မှာ နာမည်ကြီးနေသည်။
ဆမ် ဖဲလ်စတက်ဒ်အမည်ရှိ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးအိပ်ပျော်နေချိန်တွင် သူ၏ ၇ နှစ်သားအရွယ် ဘီလီအမည်ရှိကြောင်လေးက မနက် ၄း၃၀ ခန့်တွင် အိပ်ရာမှ နှိုးခဲ့သည်။
“ကျွန်မ မနက်အစောကြီး နိုးလာပြီး ချွေးစီးတွေပြန်နေတယ်။ လှုပ်လို့လည်း မရဘူး” ဟု ဖဲလ်စတက်ဒ်က South West News Service (SWNS) သတင်းဌာနသို့ ပြောသည်။
ဖဲလ်စတက်ဒ်သည် အိပ်ပျော်ရင်း နှလုံးဖောက်နေခြင်း ဖြစ်သည်။
ကြောင်လေးဘီလီက ရင်ဘတ်ပေါ် တက်ခုန်ခြင်းကြောင့် အိပ်ရာနိုးလာချိန်တွင် မိမိနှလုံးဖောက်နေသည်ကို သိလိုက်ပြီး ညာဘက်ရင်ဘတ်မှ အလွန်စူးရှစွာ နာကျင်ကြောင်းလည်း ၎င်းက ပြောသည်။
“ဘီလီက ရင်ဘတ်ပေါ် ခုန်တက်လာပြီး ကျွန်မရဲ့ နားဝမှာ တညောင်ညောင်နဲ့ အကျယ်ကြီး အော်ပါတယ်”
ကြောင်လေး ဘီလီမှ သခင်အနားမှ တဖဝါးမခွာ ရှိနေခဲ့ပြီး တညောင်ညောင် အဆက်မပြတ်အော်နေခဲ့သည်။
ဘီလီသည် အေးဆေးငြိမ်သက်စွာ နေတတ်သည့် ကြောင်လေးဖြစ်ပြီး ထိုသို့ တစ်ကြိမ်မှ မအော်ဖူးချေ။
ယင်းနောက် ဖဲလ်စတက်ဒ်မှာ မိခင်ကြီး Karen ကို ဖုန်းဆက် အကူအညီတောင်းခဲ့ရသည်။
(▲ ဆမ် ဖဲလ်စတက်ဒ် အိပ်နေချိန်တွင် ကြောင်ကလေး ဘီလီမှာ အနီးတွင်သာ ရှိနေခဲ့သည်။ ဓာတ်ပုံ-Tom Maddick SWNS)
“ကျွန်မ လှုပ်လို့လည်း မရအောင်ဖြစ်နေခဲ့တယ်။ မတ်တပ်လည်း ကောင်းကောင်းမရပ်နိုင်ဘူး။ ရပ်လိုက်တဲ့အချိန်မှာ ချာချာလည်မူးနေတယ်”
မိခင်ကြီးက လူနာတင်ကားကို ဖုန်းဆက်ခေါ်ယူခဲ့သော်လည်း ၂ နာရီစောင့်ရမည်ဖြစ်ကြောင်း ပြောရာ ဆေးရုံသို့ မိမိဘာသာ ပို့ဆောင်ပေးခဲ့သည်။
ဆရာဝန်တို့က ပြောသည်မှာ အပျော့စား နှလုံးဖောက်ခြင်းဖြစ်ကြောင်း၊ နှလုံးသွေးကြောတစ်ခု ပိတ်နေကြောင်း ပြောခဲ့သည်။
ဖဲလ်စတက်ဒ်မှာ ၃ ရက်အကြာတွင် ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့သည်။
ဆေးရုံမှ ပြန်ရောက်ချိန်တွင် ကြောင်လေး ဘီလီမှာ မသိချင်ယောင်ဆောင်နေကြောင်း ဖဲလ်စတက်ဒ်က ပြောသည်။
“သူက ကျွန်မကို မသိကျိုးကျွံပြုနေပါတယ်”
ဆရာဝန်တို့က ပြောသည်မှာ ဆေးရုံသို့ အချိန်မီရောက်လာသည်မှာ ကံကောင်းကြောင်း ပြောသည်။
“နှလုံးသွေးကြောပြန်ပွင့်ဖို့ ပြွန်တစ်ခု ထည့်ခဲ့ရပါတယ်”
(▲ ဘီလီမှာ ကိုယ်ပေါ်တက်ကာ ခုန်လေ့ခုန်ထ မရှိကြောင်း ဖဲလ်စတက်ဒ်က ပြောသည်။ ဓာတ်ပုံ-Tom Maddick/ SWNS)
(▲ ဘီလီသည် ယခုအခါ ၎င်းနေထိုင်သည့်နေရာဟောင်း စင်နေရာတွင် ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း ဖဲလ်စတက်ဒ်က ပြောသည်။ ဓာတ်ပုံ-Tom Maddick SWNS)
ဘီလီက မိမိအပေါ် နွေးထွေးမှုမရှိသော်လည်း ညအချိန်မတော် အသက်ကယ်ပေးခဲ့မှုအတွက် ကျေးဇူးအလွန်တင်ကြောင်း ဖဲလ်စတက်ဒ်က ပြောသည်။
ကြောင်ကလေး ဘီလီသာ ရင်ဘတ်ပေါ် တက်မခုန်ပါက မိမိမှာ အိပ်ပျော်နေရင်း နှလုံးဖောက်ကာ သေဆုံးသွားမည်ဖြစ်ကြောင်း၊ နာရီ alarm ပေးထားသော်လည်း နောက်ထပ် ၂ နာရီခန့်ကြာမှ alarm မြည်လိမ့်မည်ဖြစ်ရာ ထိုအချိန်တွင် အလွန်နောက်ကျသွားမည်ဖြစ်ကြောင်း၊ ကြောင်လေး ဘီလီသာ ရင်ဘတ်ပေါ် တက်မခုန်ပါက မိမိ၏ အသက်ရှင်ရေးမှာ မသေချာကြောင်း ဖဲလ်စတက်ဒ်က ပြောပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hero cat saves owner’s life by jumping on her chest during heart attack Photo Credit- Tom Maddick SWNS