ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
တရုတ်ပြည်အရှေ့ပိုင်းတွင် အမျိုးသားတစ်ဦးသည် တိုက်ခန်းတစ်ခန်းကို ငှားရမ်းလိုက်ရာတွင် တိုက်ခန်း အတွင်း၌ လွန်ခဲ့သော ၃၃ နှစ်က ကျောင်းတွင် ထိုင်ခဲ့ရသည့် ခုံစောင်းလေးကို ပြန်လည်တွေ့ရှိလိုက်ရသည့် အဖြစ်မှာ ပြည်မကြီးလူမှုကွန်ရက်သုံးစွဲသူတို့ကြား နာမည်ကြီးနေသည်။
မျိုးရိုးအမည် ရှန်းဟုခေါ်သော အမျိုးသားသည် ကျန်းဆုပြည်နယ်၊ ဟွေ့အန်းမြို့ရှိ အထက်တန်းကျောင်းအနီးမှ တိုက်ခန်းတစ်ခန်းကို ဇူလိုင်လ အစောပိုင်းက ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း Jiangnan Metropolis News သတင်းဌာနက ဖော်ပြသည်။
သားဖြစ်သူ ကျောင်းနှင့်နီးရန်အတွက် ထိုအခန်းသို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
ရှန်းနှင့် ဇနီးဖြစ်သူတို့သည် အိမ်ရှင်းချိန်တွင် ကျောင်းစာသင်ခုံဟောင်းတစ်လုံးကို တွေ့ရှိခဲ့သည်။
စားပွဲမျက်နှာပြင်တစ်ဖက်တွင် ချင် နှင့် ကျန်းဟူသော စာလုံးများအပြင် ၂၄၆ ဟူသော ဂဏန်းကို တွေ့ရသည်။
(မှတ်ချက်။ ချင်မှာ ချင်ကျန်းအလယ်တန်းကျောင်းမှ ရှေ့စာလုံးဖြစ်ပြီး ကျုံးမှာ အလယ်တန်းကျောင်းဟု အဓိပ္ပာယ်ရသည်။)
ထိုအမှတ်အသားများကြောင့် အဆိုပါစားပွဲမှာ ရှန်းတစ်ယောက် ချင်ကျန်းအလယ်တန်းကျောင်းတွင် ၁၉၉၂ ခုနှစ်က ၎င်းထိုင်ခဲ့သည့်ခုံဖြစ်ကြောင်း သိလိုက်ရသည်။
(စာသင်ခုံဟောင်းမှ အမှတ်အသားများကြောင့် ရှန်းက ချက်ချင်းမှတ်မိသွားသည်။ ဓာတ်ပုံ-Douyin)
“၂၄၆ ဆိုတဲ့ နံပါတ်ကို ကျွန်တော် သေသေချာချာ မှတ်မိပါတယ်။ ကျွန်တော့်သူငယ်ချင်းကောင်းတစ်ယောက် ထိုင်ခဲ့တဲ့ခုံက နံပါတ် ၁၃၅ ပါ” ဟု ရှန်းက ပြောသည်။
“ဒီခုံလေးကို ပြန်တွေ့ရတာ တော်တော်စိတ်လှုပ်ရှားမိပါတယ်။ အလယ်တန်းကျောင်းသားဘဝတုန်းက ပျော်ရွှင်စရာ အမှတ်တရတွေကို ချက်ချင်းသတိရလာခဲ့မိတယ်”
ရှန်း၏ အိမ်ရှင်ဖြစ်သူက ပြောသည်မှာ ချင်ကျန်းအလယ်တန်းကျောင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြလုပ်ခဲ့ကြောင်း၊ စာသင်ခုံဟောင်းများကို ရောင်းထုတ်ခဲ့ကြကြောင်း ပြောပြသည်။
ရှန်း၏ အိမ်ရှင်က ယခုစာသင်ခုံလေးကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ သူ၏ အိမ်ငှားများတွင် ကျောင်းနေအရွယ်များ ပါလာနိုင်သောကြောင့် ကလေးများအသုံးပြုနိုင်ရန် ထည့်သွင်းပေးထားခြင်း ဖြစ်သည်။
“ကျွန်တော်တက်ခဲ့တဲ့ကျောင်းဟာ အရင်က ထိပ်တန်းကျောင်းပါ။ အခုနောက်ပိုင်း အရင်တုန်းကလို မထွန်းတောက်တော့တာ ဝမ်းနည်းစရာပါ။ ကျွန်တော့်ကျောင်းလေး ကောင်းသည်ထက် ပိုကောင်းလာစေချင်ပါတယ်”
(ရှန်းက သူ၏ စာသင်ခုံဟောင်းလေးနှင့် ပြန်လည်ဆုံစည်းခဲ့ပုံသတင်းမှာ ပြည်မကြီးလူမှုကွန်ရက်တွင် ကြည့်ရှုသူ ၁၅ သန်းခန့်ရှိခဲ့သည်။ ဓာတ်ပုံ-Shutterstock)
အိမ်ငှားကာလပြီးဆုံးပါက အိမ်ရှင်က မိမိအား ယခု စားပွဲလေး အမှတ်တရပေးမည်ဟု မျှော်လင့်ကြောင်းလည်း ရှန်းက ပြောသည်။
သူ၏ ဖြစ်ရပ်မှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူ သန်းပေါင်းများစွာ၏ နှလုံးသားများအား လှုပ်ခတ်စေခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China tenant finds school desk he used 33 years ago in new flat, hopes to keep it as memento