ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရီးရဲမက်ဒရစ်၏ သမိုင်းတွင် အအောင်မြင်ဆုံးနည်းပြများ၌ တစ်ဦးအပါအဝင်ဖြစ်သူ အီတလီနည်းပြကြီး ကာလို အန်ဆယ်လော့တီသည် စပိန်နိုင်ငံ၏မြို့တော် မက်ဒရစ်တွင် နေထိုင်ခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ် ချန်ပီယံလိဂ်တွင် အန်ဆယ်လော့တီက ရီးရဲမက်ဒရစ်ကို ဖလားရယူပေးနိုင်ခဲ့သည်။
အန်ဆယ်လော့တီသည် ရီးရဲအပြင် အခြားအသင်းများနှင့်လည်း ချန်ပီယံလိဂ်ဖလားများ ရယူနိုင်ခဲ့သူ ဖြစ်သည်။
သူသည် ဘောလုံးသမားဘဝနှင့် နည်းပြဘဝ ၂ ခုလုံးတွင် အောင်မြင်မှုများ ရရှိခဲ့သူ ဖြစ်သည်။
((အန်ဆယ်လော့တီ ဘယ်မှာနေလဲ))
ကာလို အန်ဆယ်လော့တီသည် မက်ဒရစ်မြို့တော်၊ La Moraleja အရပ်တွင် နေထိုင်သည်။
La Moraleja သည် လူကုံထံရပ်ကွက်တစ်ခုဖြစ်ပြီး ရုပ်ရှင်မင်းသား Richard Gere၊ နာမည်ကြီး ရုပ်သံတင်ဆက်သူ Iker Jiménez အပြင် ရီးရဲမက်ဒရစ် ကစားသမားများဖြစ်သော လူကာ မိုဒရစ်နှင့် ဗင်နီစီးယပ်စ် ဂျူနီယာတို့ အပါအဝင် အကျော်အမော်များစွာ နေထိုင်ကြသည်။
အန်ဆယ်လော့တီ၏ စံအိမ်တွင် ကျယ်ပြောသော ပန်းဥယျာဉ်၊ ရေကူးကန်တို့ ပါဝင်ပြီး အတွင်းပိုင်းတွင် သက်သောင့်သက်သာရှိစေရန် အကောင်းဆုံး ဒီဇိုင်းဆွဲ ဆောက်လုပ်ထားသည်။
(▲ La Moraleja ၏ ဝင်ပေါက်။ ဓာတ်ပုံ- Zarateman, CC0 Wikimedia commons)
(( La Moraleja တွင် နေထိုင်ရမှုဘဝ))
La Moraleja သည် မက်ဒရစ်၏ လူကုံထံရပ်ကွက်များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ဆိတ်ငြိမ်အေးချမ်းမှုနှင့် သဘာဝ ပတ်ဝန်းကျင်ရှုခင်းအလှများဖြင့် နာမည်ကြီးသည့် ဒေသဖြစ်သည်။
သစ်ကြီးဝါးကြီးများ စီရရီရှိသော ကျယ်ပြောသည့်လမ်းများ၊ ခမ်းနားထည်ဝါသော စံအိမ်ကြီးများရှိပြီး privacy ရှိမှုနှင့် luxury ဖြစ်မှုတို့ ပေါင်းစပ်ထားသည်။
La Moraleja တွင်နေထိုင်သော အခြား အကျော်အမော်များနည်းတူ အန်ဆယ်လော့တီသည်လည်း အလုပ်နှင့် ပုဂ္ဂလိကဘဝတို့အကြား အကောင်းဆုံးမျှချေရနိုင်မည့် နေရာတစ်ခု ဖြစ်သည်။
ရီးရဲမက်ဒရစ်၏ အားကစား facility များနှင့် နီးနီးနားနားရှိခြင်း၊ ဆိတ်ငြိမ်သော ဝန်းကျင်ရှိခြင်းတို့ကြောင့် အန်ဆယ်လော့တီအတွက် အကောင်းဆုံးရွေးချယ်မှုလည်း ဖြစ်သည်။
(( အန်ဆယ်လော့တီ နေထိုင်သော စံအိမ်))
အန်ဆယ်လော့တီသည် ရီးရဲမက်ဒရစ်သို့ ရောက်ရှိပြီးနောက် La Moraleja တွင် မနေထိုင်မီက မက်ဒရစ်မြို့လယ် Plaza de la Independencia ပလာဇာတွင်ရှိသော penthouse ခန်းတစ်ခုတွင် နေထိုင်ခဲ့သည်။
အဆိုပါ penthouse ခန်းမှတဆင့် အထင်ကရ Retiro ပန်းဥယျာဉ်ကြီး၏ အလှကို စီးမိုးတွေ့မြင်ရပြီး မက်ဒရစ်၏ အထင်ကရနေရာများသို့ အလွယ်တကူ သွားရောက်နိုင်သည်။
သို့သော် အန်ဆယ်လော့တီအတွက် ပိုမိုဆိတ်ငြိမ်ပြီး privacy ရှိသော နေရာတစ်ခု လိုအပ်သောကြောင့် La Moraleja သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
(▲ ဓာတ်ပုံ-CC BY 2.0 Wikimedia commons)
((အန်ဆယ်လော့တီ ဦးဆောင်ခဲ့သော ကလပ်အသင်းများ))
အန်ဆယ်လော့တီသည် ကမ္ဘာပေါ်တွင် လေးစားမှုအခံရဆုံးနှင့် အတွေ့အကြုံအရင့်ဆုံး နည်းပြများတွင် တစ်ဦး အပါအဝင် ဖြစ်သည်။
ဒေးဗစ်ဘက်ခမ်းက အန်ဆယ်လော့တီနှင့် ပတ်သက်ပြီး ပြောပြခဲ့ဖူးသည်မှာ “အန်ဆယ်လော့တီက ရီးရဲမက်ဒရစ်အတွက် တကယ်ကောင်းမွန်တဲ့သူလားလို့ မေးရင် ကျွန်တော့်အတွက်ကတော့ Yes ပါ။ သူက ကစားသမားတွေဆီကနေ လေးစားမှု ဘယ်လိုရယူရမလဲဆိုတာ သိပါတယ်။ အကောင်းဆုံးကစားသမား ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိတယ်။ ကစားသမားတွေကလည်း သူ့ကိုလေးစားတယ်။ ဘောလုံးလောကမှာ လူတိုင်းကလည်း သူ့ကိုလေးစားပါတယ်” ဟု ဆိုသည်။
(▲ ရီးရဲမက်ဒရစ်တွင် ဒေးဗစ်ဘက်ခမ်း ကစားခဲ့ချိန်ကာလက နည်းပြအန်ဆယ်လော့တီနှင့်အတူ တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Getty Images)
၎င်းသည် အထင်ကရကလပ်အသင်းများဖြစ်သော အေစီမီလန် (၂၀၀၁-၂၀၀၉။ ချန်ပီယံလိဂ် ဖလား ၂ ကြိမ်)၊ ချယ်လ်ဆီး (၂၀၀၉-၂၀၁၁။ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား)၊ PSG (၂၀၁၁-၂၀၁၃၊ Ligue 1 ဖလား)၊ ဘိုင်ယန်မြူးနစ် (၂၀၁၆-၂၀၁၇။ ဘွန်ဒက်စ်လီဂါဖလား)၊ ရီးရဲမက်ဒရစ် (၂၀၁၃-၂၀၁၅/ ၂၀၂၁-လက်ရှိ။ ပထမသက်တမ်းက ကိုပါဒယ်ရေးဖလားနှင့် ဖီဖာ Club World Cup တို့ရရှိခဲ့ပြီး လက်ရှိ ဒုတိယသက်တမ်းတွင် လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား၂ ကြိမ် တို့ ရယူပေးထားသည်) တို့ကို ဦးဆောင်မှု ပေးခဲ့သည်။
ထို့အပြင် ဂျူဗင်တပ်၊ နာပိုလီ၊ အဲဗာတန်နှင့် ပါးမားအသင်းများတွင်လည်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ အန်ဆယ်လော့တီသည် ဥရောပ၏ အထင်ကရ လိဂ် ၅ ခု တွင် ဖလားရအောင် စွမ်းဆောင်နိုင်ခဲ့သည့် တစ်ဦးတည်းသော နည်းပြဖြစ်နေခြင်းပင်။
၁။ စီးရီးအေ (အီတလီ)၊ အေစီမီလန် (၂၀၀၃-၂၀၀၄) ၂။ ပရီးမီးယားလိဂ် (အင်္ဂလန်)၊ ချယ်လ်ဆီး (၂၀၀၉-၂၀၁၀) ၃။ Ligue 1 (ပြင်သစ်)၊ ပီအက်စ်ဂျီ (၂၀၁၂-၂၀၁၃) ၄။ ဘွန်ဒက်စ်လီဂါ (ဂျာမနီ)၊ ဘိုင်ယန်မြူးနစ် (၂၀၁၆-၂၀၁၇) ၅။ လာလီဂါ (စပိန်)၊ ရီးရဲမက်ဒရစ် (၂၀၂၁-၂၀၂၂/ ၂၀၂၃-၂၀၂၄)
ကမ္ဘာပေါ်တွင် အခြားမည်သည့်နည်းပြမှ အဆိုပါ လိဂ် ၅ ခုလုံးတွင် ဖလားရအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးချေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Where does Carlo Ancelotti live? The central location where he lived Photo Credit- CC BY 2.0 Wikimedia commons, Zarateman, CC0 Wikimedia commons, Getty Images