ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းအချို့ လုပ်ငန်းများ နှောင့်နှေးနေရခြင်းမှာ ဆောက်လုပ်ခွင့် လိုင်စင်ကြန့်ကြာနေမှုကြောင့်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကန်ထရိုက် များထံမှ သိရသည်။
”ဆောက်လုပ်ခွင့်ကလည်း တိုင်းက ကျရင် မြို့နယ်မှာ ကြာတယ်။ အဲဒါက ကျွန်တော်တို့နဲ့ အိမ်ရှင်တွေနဲ့ကြားမှာ ပြဿနာကြီးတစ်ခုလို ဖြစ်နေတယ် ” ဟု တောင်ဥက္ကလာပမြို့နယ်မှ ဆောက်လုပ်ရေး ကန်ထရိုက် တာ ဦးမင်းမောင်က ပြောသည်။
ရန်ကုန်နယ်နိမိတ်ရှိမြို့နယ်များ၌ မြေရှင်နှင့်ကန်ထရိုက်ကြား အခန်း ပေး၊ အခန်းယူ စနစ်ဖြင့် ဆောက်လုပ်သည့် အလေ့အထရှိသော်လည်း ဆောက်လုပ်ရန် စာချုပ်ကို မြေရှင်နှင့် သဘောတူချုပ်ဆိုပြီး ကာလကြာ သည်အထိ ဆောက်လုပ်ရေးလုပ်ငန်းများ စတင် လုပ်ကိုင်နိုင်ခြင်း မရှိသေး သည့် ဆောက်လုပ်ရေး ကန်ထရိုက်များလည်း ရှိကြောင်း သိရသည်။
”အိမ်ကဆောက်လုပ်ဖို့ စာချုပ်ချုပ်ထားတာက ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလပိုင်းကတည်းက၊စာချုပ်ချုပ်ပြီးသုံးလကြာရင် ဆောက်လုပ်ခွင့် ရတဲ့ အတွက် ပြောင်းရွှေ့ပေးရမယ်ဆိုလို့ ငါးလပိုင်းလောက်ကတည်းက ပြောင်း ပေးထားတာ။ အခုဆိုရင် တစ်နှစ်နီးပါးရှိနေပြီ။ အပြင်မှာ ငှားနေရတာ။ အခုအချိန်အထိ မြေတောင်မတူးသေးဘူး”ဟု တောင်ဥက္ကလာပမြို့နယ်၊ သီရိဇေယျာလမ်းတွင် နေထိုင်သည့် မအေးအေးမြင့်က ပြောသည်။
၎င်းဖြစ်စဉ်မျိုးများအနက် အချို့မှာ တည်နေရာနှင့် မြေပုံ လွဲမှားခြင်း များ၊ နာမည်လွဲမှားခြင်းများ ကြုံတွေ့နေရကြောင်း၊ ကန်ထရိုက်တာများ အနေဖြင့် တိုက်ခန်းရောင်းအားကျဆင်းနေသဖြင့် ထပ်မံဆောက်လုပ်ရန် ငွေကြေးအခက်အခဲရှိလာ၍ အဆိုပါ ဖြစ်စဉ်မျိုး ကြုံတွေ့ရခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
Credit : Thetradetimesmedia