တရုတ်နိုင်ငံ၊ ပေကျင်းမြို့ တော်၏ ပျားပန်း ခတ်မျှ ၊ ကြက်ပျံမကျ သွားလာလှုပ်ရှား နေကြသည့် လူသူထူထပ်သောလမ်းမများ အောက်ဘက် မြေအောက်တွင် အခြားကမ္ဘာသစ်ကြီးတစ်ခုတည်ရှိနေသည်ကို သိရှိသူ အလွန်နည်းပါးလှသည်။
ပေကျင်းတွင် အခြေချနေထိုင်သည့်လူဦးရေမှာ ၂၁ ဒသမ ၅ သန်းဝန်းကျင်ရှိသည်။
ယင်းသို့ ကြီးမားလှသည့် မြို့ တော်ကြီးအောက်တွင် မြို့ကြီးတစ်မြို့စာမျှ ကျယ်ဝန်းသည့် မြေအောက်ဥမင်မြို့တော် ကြီးတစ်ခု တည်ရှိနေလိမ့်မည်ဟု မည်သူကမျှ တွေးထင်ထားကြ လိမ့်မည် မဟုတ်ချေ။
အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား စစ်ရေးနည်းပညာပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခဲ့သည့် စစ်အေး ခေတ်ကာလအတွင်း အဏုမြူစစ်ပွဲကြီး ပေါ်ပေါက်လာပါက တရုတ်ပြည်သူများ ပုန်းအောင်းနိုင်စေရန် ရည်ရွယ်ကာ ပေကျင်း မြို့၏ မြေအောက်တွင် ဧကပေါင်း ၂၀၀၀၀ ကျော် ကျယ်ဝန်းသည့် မြေအောက်ဥမင်မြို့ကြီးကို လူပေါင်း ၃၀၀၀၀၀ ခန့်က လက်ချည်း သက်သက်ဖြင့် တူးဖော်တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
မြို့ တော်ကြီး၏ အကျယ်အ၀န်းအတိအကျအားဖြင့် မည်မျှရှိသည်။ ဥမင်လှိုဏ်ခေါင်းများ မည်သည့်နေရာတွင် တည်ရှိသည်ဟူသည့် အချက်များကိုမူ တရုတ်အစိုးရက တရား ၀င်ထုတ်ပြန်ကြေညာထားခြင်းမျိုး မရှိချေ။
သို့ရာတွင် မြေအောက်မြို့တော်ကြီးသည် ဧကပေါင်း ၂၀၀၀၀ ကျော် ကျယ်ဝန်းကာ ပေကျင်းမြို့ တော်ရှိ အရေးပါ သည့် အစိုးရအဆောက်အအုံများ အားလုံးကို မြေအောက်မှ တစ်ဆင့် ဆက်သွယ်ပေးထားသည်ဟု ခန့်မှန်းကြသည်။
မြေအောက်မြို့တော်ကြီးသို့ ၀င်ရောက်သည့် အ၀င် ပေါက်နေရာပေါင်း ၉၀၀ ခန့်ရှိနိုင်သည်ဟုလည်း ခန့်မှန်းကြသည်။
အဆိုပါ မြေအောက်မြို့ တော်ကြီးကို ဒီရှီးယားချင်ဟု အမည်ပေးထားပြီး တရုတ်ဘာသာတွင် မြေအောက်အကျဉ်းခန်း ဟု အဓိပ္ပာယ်ရသည်။
စက်ယန်္တရားများမပါဘဲ လက်ချည်းသက်သက်ဖြင့် တူးဖော်ခဲ့ခြင်းဖြစ်ကာ ဂေါ်ပြားများဖြင့်သာ တူးခဲ့ကြပြီး သယ် ဆောင်ရန်ရှိသည့် အရာအားလုံးကို ၀ါးခြင်းတောင်းများဖြင့်သာ သယ်ယူခဲ့ကြသည်။
၁၉၆၉ ခုနှစ်တွင် စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မြေအောက်မြို့တော်ကြီးကို ဆက်တိုက်ချဲ့ ထွင်နေ ခဲ့သည်။
စစ်အေးခေတ်အတွင်း တရုတ်-ရုရှား တင်းမာမှုမှာ ၁၉၆၉ ခုနှစ်တွင် နှစ်နိုင်ငံ နယ်စပ်ပဋိပက္ခ ဖြစ်ပွားချိန်တွင် တင်းမာမှုမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။
နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲငယ်များ များစွာ ဖြစ်ပွားခဲ့ကာ တရုတ်နိုင်ငံဘက်တွင် အလုံးစုံစစ်ပွဲကြီး ပေါ်ပေါက်လာ နိုင်သည့် အခြေအနေအဖြစ် အမြင့်ဆုံးအဆင့် တပ်လှန့်ထား ခဲ့သည်။
ယင်းသို့သောအချိန်တွင် တရုတ်နိုင်ငံသမ္မတ၊ ကွန် မြူနစ်ပါတီ ဥက္ကဋ္ဌကြီး မော်စီတုန်းက ' Shenwadongç cheng jiliang, buchengba' ဟု ပြည်သူများကို ညွှန်ကြားချက်ပေး ခဲ့သည်။
အဓိပ္ပာယ်မှာ လိုဏ်ခေါင်းနက်နက်တူး၊ အစားအစာ တွေစု၊ စစ်ပွဲအတွက် ပြင်ဆင်ထားဟူ၍ ဖြစ်လေသည်။
သို့ဖြင့် ပေကျင်းတွင် ပြည်သူပေါင်း ၃၀၀၀၀၀ ခန့် သည် မြေတူးခြင်းလုပ်ငန်းများဆောင်ရွက်ကာ ဥက္ကဋ္ဌကြီးမော် ၏ဆန္ဒများကို လိုက်နာဖြည့်ဆည်းကြရလေသည်။
စစ်အင်ဂျင်နီယာတို့ လမ်းညွှန်ချက်များအောက်တွင် ကြီးမားရှုပ်ထွေးသည့် မြေအောက်ဥမင်ကွန်ရက်ကို တူးဖော်ခဲ့ ကြရသည်။
မြေအောက်ဥမင်များစွာသည် အဏုမြူဗုံးခိုကျင်း ပေါင်း ၁၀၀၀၀ ၀န်းကျင်နှင့် ဆက်သွယ်ထားပြီး အဏုမြူစစ်ပွဲ ကြီး ဖြစ်ပွားလာပါက အသက်ရှင်သန်နိုင်ကြရန်အတွက် မြေ အောက် မြို့တော်ကြီးတွင် စားသောက်ဆိုင်များ၊ ကဇာတ်ရုံများ၊ ဂိုဒေါင် များ၊ စက်ရုံများ၊ မှိုစိုက်ခင်း၊ အားကစားကွင်းများ အပါအ၀င် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် လိုအပ်နိုင်သည့်အရာ အားလုံးကို ထည့်သွင်းဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။
လေ၀င်လေထွက်စနစ်ကိုပင်လျှင် ပြင်ပကမ္ဘာနှင့် ထိတွေ့ခြင်းမရှိစေဘဲ ပြုလုပ်ဖန်တီးခဲ့သည်။
၁၉၆၉ ခုနှစ်က ပေကျင်းတွင် လူဦးရေ ၆ သန်းခန့် ရှိရာ အဆိုပါ လူဦးရေအားလုံးကို မြေအောက်တွင် ထားရှိနိုင်ရန် လုံလောက်သည့် အကျယ်အ၀န်းရှိသည်ဟု ဆိုသည်။လက်တွေ့ တွင်ကား မော်စီတုန်းတွက်ဆခဲ့သကဲ့သို့ မြေအောက်မြို့ တော် ကြီးကို လိုအပ်ခဲ့ခြင်း မရှိချေ။
၁၉၈၀ ပြည့်လွန်ကာလများတွင် မြေအောက်ဥမင် အစိတ်အပိုင်းများစွာကို သက်ဆိုင်ရာဒေသတွင်း အာဏာပိုင် များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဒေသတွင်းအာဏာပိုင်တို့က အဆိုပါ ဥမင်များကို ရုံးခန်းများ၊ ဈေးဆိုင်များအဖြစ် ပြောင်းလဲ ခဲ့ကြ၏။
သို့စေကာမူ မြေအောက်ဥမင်၏ ဧရိယာအများစုမှာ မူ အသုံးမပြုဘဲ စွန့်ပစ်ခံနေရာများအဖြစ် လူသူကင်းမဲ့လျက်ရှိ နေသည်။
အချို့သော ဈေးဆိုင်များ၊ လူနေတိုက်ခန်းများ၏ မြေတိုက်ခန်းများမှတဆင့် မြေအောက်ဥမင်သို့ ၀အင်သည့်တံခါး ပေါက်များ ယနေ့တိုင် တည်ရှိနေဆဲ ဖြစ်သည်။
ယနေ့ခေတ်တွင် ကျေးလက်ဒေသများမှ ပေကျင်း သို့ အလုပ်ရှာရန် ပြောင်းရွှေ့ လာကြသူ ပမာဏ အလွန်မြင့်တက် လာလျက်ရှိသည်နှင့်အမျှ အိမ်ငှားဈေးနှုန်းများမှာလည်း ခေါင် ခိုက်လာသည်။
မြေအောက်မြို့ တော်မှ အချို့ သော ဥမင်အစိတ်အပိုင်း များကို ပုဂလိကပိုင်ရှင်များက တစ်ဦးချင်း ပိုင်ဆိုင်ထားကြရာ မြေအောက်ဥမင်နေရာများကို လူနေခန်းငယ်များအဖြစ် ပြောင်း လဲဖွဲ့စည်းကာ ပေကျင်းမြို့  ပုံမှန်အိမ်ငှားပေါက်ဈေး၏ သုံးပုံ တစ်ပုံခန့်ဖြင့် အငှားချထား လာလျက်ရှိကာ လူနေထူထပ်လာ မှုကြောင့် ပေါ်ပေါက်လာသည့် အခွင့်အရေးကို အမိအရဖမ်းယူ လျက်ရှိကြသည်။
အချို့ သူများဆိုလျှင် အဆိုပါ မြေအောက်ဥမင်ခန်း များတွင် နေထိုင်လာခဲ့ကြသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့် ခဲ့ကြပြီဖြစ်ပြီး ၎င်းင်းတို့ကို ကြွက်မျိုးနွှယ်စုများဟု အမည်ပြောင် ပင် ပေးထားကြသည်။
ကျေးလက်မှ ပေကျင်းသို့ လာရောက်အလုပ်လုပ် ကိုင်သူများသည်လည်း မြေပေါ်တိုက်ခန်းများတွင် နေထိုင် နိုင်သည့် အခြေအနေ မရှိသေးသမျှ အဆိုပါ မြေအောက်ဥမင် များတွင်သာ ဘ၀ကို ဖြတ်သန်းနေကြရသည်။
မြေအောက်တွင် နေထိုင်ရသည်ကား မြေပေါ်နှင့်မတူ။ ကျဉ်းကျပ်မှောင်မည်းကာ စိုထိုင်းနေသည့် ပတ်ဝန်းကျင် ဖြစ်၏မြေအောက်ဥမင်တွင် နေထိုင်ရသူတို့မှာ ဘေးအန်္တရာယ်ကင်းရေး အတွက် မည်သည့်အာမခံချက်မျှ မရှိသည့်အပြင် ပိုင်ရှင်များ ကလည်း လျစ်လျူရှုထားကြရာ ပေကျင်းအာဏာပိုင်တို့က အဏုမြူဗုံးခိုကျင်းများနှင့် မြေအောက်ဥမင်နေရာများသည် လူနေရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုရန် မသင့်လျော်တော့ ကြောင်း စည်းမျဉ်းထုတ်ပြန်ခဲ့ရသည်။
သို့စေကာမူ မြေအောက်ဥမင်များတွင် နေထိုင်ကြရသူ များအဖို့ သွားရန်အခြားနေရာလည်း မရှိ။ ထို့ကြောင့် ၎င်းင်းတို့ကို ဆက်လက်နေထိုင်ခွင့် ပေးထားရသော်လည်း အနာဂတ်မှာမူ မရေရာလှချေ။
၂၀၁၆ ခုနှစ်အတွင်းတွင်မူ ပေကျင်းမြို့ကြီး၏ မြေအောက်လူနေမှုဘ၀အကြောင်းကို သတင်းမီဒီယာများက ရေးသားဖော်ပြမှု မြင့်တက်လာပြီးနောက်ပိုင်း မြေအောက်ဥမင် တွင် နေထိုင်ကြသူအုပ်စုတစ်ခုမှာ ကြိုတင်သတိပေးချက်မရဘဲ နှင်ထုတ်ခြင်း ခံခဲ့ကြရသည်။
ဆက်လက်နေထိုင်လျက်ရှိကြသည့် ကျန်ရှိသူများမှာ လည်း မည်သည့်အချိန်တွင် မောင်းထုတ်ခံရမည်ကို မသိရသေး ချေ။ ယင်းသို့ ကသောင်းကနင်းဖြစ်နေသည့် ကြွက်မျိုးနွယ်စု ၏ဘ၀ကို ပြောင်းလဲပေးမည့်သူတစ်ဦးပေါ်လာသည်။
ကျောက်ကျိရှု အမည်ရှိ တရုတ်နိုင်ငံသားတစ်ဦးက ဒေသတွင်း ဒီဇိုင်နာများ၊ အနုပညာရှင်များ၊ ဒေသခံများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းကာ လူသူကင်းမဲ့သည့် မြေအောက်ဥမင်များကို သစ်လွင်တောက်ပသည့်နေရာများ အဖြစ် မကြာသေးမီက ပြောင်းလဲပေးလိုက်လေသည်။
ယင်းသို့ ပြောင်းလဲမွမ်းမံဆောက်လုပ်ပေးခဲ့သည် များတွင် စာကြည့်တိုက်၊ စာဖတ်ခန်းများ၊ ကော်ဖီဆိုင်များ၊ ကလေးကစားကွင်း၊ အလှပြင်ဆိုင်၊ ဈေးဆိုင်များ၊ အားကစား လေ့ကျင့်ရေးခန်းမနှင့် အခြားအဆောက်အအုံများစွာ ပါဝင်သည်။
ယခုကဲ့သို့ ပြန်လည်ဆန်းသစ်မွမ်းမံလိုက်သည့်နေရာ ကို ကျောက်ကျိရှုက “ဒီကွာ့ရှေ့ခေါ” ဟု အမည်ပေးခဲ့ရာ တရုတ် ဘာသာအားဖြင့် ကန်စွန်းဥအသိုက်အ၀န်းဟု အဓိပ္ပာယ်ရလေ သည်။
မြေအောက်တွင် အခြေတည်ကာ ဖွံ့ဖြိုးလာသည့် သဘာဝကို ရည်ညွှန်းလိုသောကြောင့် ဖြစ်သည့်အပြင် ပေကျင်း သို့ စတင်ခြေချချိန်တွင် ကျောက်ကျိရှု ပထမဆုံးစားသောက်ခဲ့ ရသည့်အစားအစာမှာ ကန်စွန်းဥဖြစ်သည်ကို အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ အမည်ပေးခဲ့ခြင်းလည်း ဖြစ် သည်။
သူ၏ မိတ်ဆွေသူငယ်ချင်းများက ပေကျင်းလေဆိပ် တွင် လာရောက်ကြိုဆိုကြရာတွင် ကျောက်ကျိရှု စားရန် ကန်စွန်းဥများ ယူလာခဲ့ကြသည်ဟု ဆိုသည်။
ကျောက်ကျိရှုက ဆွေးနွေးပွဲများပြုလုပ်ခြင်းမှတစ်ဆင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်နိုင်ကြရန် လမ်းဖွင့်ပေးထားခဲ့သည်။
“ဒီကွာ့ရှေ့ခေါ” သည် မြေပေါ်နှင့် မြေအောက်အသိုက် အ၀န်းနှစ်ခုကို အောင်မြင်စွာ ပေါင်းစည်းပေးနိုင်ခဲ့ပြီး ၎င်းင်းတို့ အကြားတွင်ရှိနေသည့် မယုံကြည်မှုကို ဖယ်ရှားပေးနိုင်ခဲ့သည် ဟု ဆိုနိုင်သည်။
ယခုအခါ ကျောက်ကျိရှုသည် အဆိုပါ စီမံကိန်းမျိုး ၁၀ ခု ဆက်လက်အကောင်အထည်ဖော်ရန် တရားဝင်ခွင့်ပြု ချက် ရရှိထားပြီးဖြစ်ရာ လာမည့်နှစ်ကာလများတွင်လည်း ပေကျင်း ၏ မြေအောက်လူနေမှုဘ၀ ဆက်လက်တည်ရှိသွားတော့မည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
သို့အတွက် အမှောင်ကျနေသည့် ကြွက်မျိုးနွှယ်စုတို့၏ အနာဂတ်မှာ ရှေ့တွင်လင်းလက်လာနေပြီဟု ဆိုရမည် ဖြစ်လေ သည်။
အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com