အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရပြီးနောက်ပိုင်း ဇိမ်ခံကွန်ဒိုခန်း ဈေးနှုန်းများ မြင့်တက်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဓိကအားဖြင့် ဒေါ်နယ်ထရမ့်ဟု အမည်ပေးထားသော အဆောက်အအုံများ၏ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး အခြား ဇိမ်ခံကွန်ဒိုခန်း ဈေးနှုန်းများတွင်လည်း မြင့်တက်မှုများ တွေ့ရသည်။
အမှတ် ၂၂၀၊ riverside Boulevard ရှိ Trump Place ဟု အမည်ပေးထားသော အဆောက်အအုံရှိ penthouse အခန်းတစ်ခန်းဆိုလျှင် ယခုနှစ်သြဂုတ်လကတည်းက အရောင်းဈေးကွက်သို့ တင်ထားခဲ့သော်လည်း ရောင်းမထွက်ခဲ့ချေ။
ထို့နောက် ရွေးကောက်ပွဲမတိုင်မီတစ်ရက်တွင် ဒေါ်နယ်ထရမ့်အနိုင်ရမည်ဟူသော ခန့်မှန်းချက်၊ ဟောကိန်းအချို့ထွက်ပေါ်လာပြီးနောက် ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထွက်သွားခဲ့သည်။
ယခုအခါ ဒေါ်နယ်ထရမ့်မှာ အိမ်ဖြူတော်သို့ ရောက်ရှိတော့မည်ဖြစ်ရာ ထရမ့်အမည်ပေးထားသည့် အဆောက်အအုံများ ဈေးတက်လာလျက်ရှိသည်ဟု ဆိုသည်။
စစ်တမ်းတစ်ရပ်တွင် ဖော်ပြချက်အရ ထရမ့်အမည်ပေးထားသည့် အဆောက်အအုံ ၁၆ လုံးရှိ လူနေခန်းများသည် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၅ ဒသမ ၂ ရာခိုင်နှုန်း ဈေးတက်လာသည်ဟု ဖော်ပြထားသည်။
အခြားဖြစ်ရပ်တစ်ခုမှာ ထရမ့်ငယ်စဉ်က နေထိုင်ခဲ့သော နေအိမ်အား လက်ရှိပိုင်ရှင်တို့သည် ခေါ်ဈေးအမျိုးမျိုးဖြင့် ဈေးကွက်တင်ထားရာမှ ရွေးကောက်ပွဲတွင် ထရမ့်နိုင်ချေများလာချိန်၌ အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။
(မှတ်ချက်။ ဒေါ်နယ်ထရမ့် ငယ်စဉ်က နေထိုင်ခဲ့သော နေအိမ်အား အရောင်းဈေးကွက်တင်ခဲ့သည့်သတင်းကို iMyanmarHouse.com တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/518788 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ )
ဒေါ်နယ်ထရမ့်အနိုင်ရပြီးနောက်ပိုင်း နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် အိမ်ခြံမြေအရောင်းအ၀ယ် ၂၂ ခု ဖြစ်မြောက်ခဲ့ရာ အားလုံးမှာ ကန်ဒေါ်လာ ၄ သန်းနှင့် အထက်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)