ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်သော ဘာ့ဂ်ျခါလီဖာထက် မီတာ ၁၀၀ (၃၂၈ ပေ) ပိုမိုမြင့်မားသည့် အဆောက်အအုံသစ်တစ်လုံး ထပ်မံဆောက်လုပ်တော့မည်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဒူဘိုင်းသည် ယခုအခါ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံတို့ စုဝေးရာအရပ် ဖြစ်လာလျက်ရှိပြီ ဖြစ်သည်။
ယင်းအဆောက်အအုံသစ်ကို ကန်ဒေါ်လာ ၁ ဘီလီယံအကုန်အကျခံကာတည်ဆောက်သွားမည်ဖြစ်ကြောင်း Emaar Properties PJSC မှ ဥက္ကဌ မိုဟာမက် အယ်လ်လက်ဘာက ထုတ်ဖော်ပြောကြားသည်။
လက်ရှိကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်သော ဘာ့ဂ်ျ ခါလီဖာသည် ၈၂၈ မီတာ (၂၇၁၆ ဒသမ ၅ ပေ) ရှိပြီး ယခုဆောက်လုပ်မည့် အဆောက်အအုံသစ်မှာ ၉၂၈ မီတာ (၃၀၄၄ ဒသမ ၆ ပေ) အမြင့်ရှိမည်ဖြစ်ရာ ကမ္ဘာပေါ်ရှိမည်သည့် ဆောက်လုပ်ပြီး အဆောက်အအုံထက်မဆို ပိုမိုမြင့်မားသည့် အဆောက်အအုံ ဖြစ်လာမည်ဖြစ်သည်။
ယခုစီမံကိန်းကို လာမည့်လအတွင်း စတင်သွားဖွယ်ရာရှိကြောင်းလည်း အယ်လ်လက်ဘာက ပြောကြားသည်။
အဆောက်အအုံဆောက်လုပ်မည့်နေရာမှာ ဒူဘိုင်းလေဆိပ်မှ ၁၀ မိနစ်ခရီးအကွာတွင်တည်ရှိပြီး လူနေခန်းစုစုပေါင်းအကျယ်အ၀န်း စတုရန်းမီတာ ၆ ဒသမ ၇၉ သန်း ပါဝင်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းတွင် လက်လီအရောင်းဆိုင်ခန်းနေရာ အကျယ်အ၀န်း စတုရန်းမီတာ ၁၁ ဒသမ ၁၆ သန်း ၊ ရုံးခန်းနေရာ အကျယ်အ၀န်း စတုရန်းမီတာ ၈၅၁၀၀၀ နှင့် အခန်းပေါင်း ၄၄၀၀ ပါဝင်မည့် ဟိုတယ်ပေါင်း ၂၂ လုံးလည်း ပါဝင်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် Dubai World Expo 2020 အမှီ ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်။
သို့ရာတွင် ဆော်ဒီအာရေးဘီးယားတွင် ဆောက်လုပ်ဆဲဖြစ်သည့် ဂျက်ဒါတာဝါကို ပြီးစီးအောင်မြင်အောင် ဆောက်လုပ်နိုင်မည်ဆိုပါက ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံမှာ ဂျက်ဒါတာဝါသာ ဖြစ်လာမည်ဖြစ်သည်။
မူလက ဂျက်ဒါတာဝါကို တစ်မိုင်အမြင့်အထိ ဆောက်လုပ်ရန် ရည်ရွယ်ခဲ့ပြီး အဆိုပါအရပ်၏ ဂေဟဗေဒအရ ဤမျှအမြင့်ရှိသည့် ဆောက်လုပ်ရန်မသင့်ကြောင်း သုံးသပ်ချက်များထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း အဆောက်အအုံအမြင့်ကို ၁၀၀၈ မီတာ (၃၃၀၇ ပေ) သို့ လျှော့ချခဲ့သည်။
အဆိုပါ အဆောက်အအုံ၏ အတွင်းဗိသုကာ ပြင်ဆင်ထားပုံ ဗွီဒီယိုဖိုင်များကို https://goo.gl/3R9d3m နှင့် https://goo.gl/bNfJpl အင်တာနက်လင့်ခ်များတွင် ကြည့်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)