ရန်ကုန်မြို့ရှိ လူနေတိုက်ခန်းများအား ကြိုပွိုင့်ဖြင့် အရစ်ကျ ၀ယ်ယူသည့် စနစ်ကို ၀ယ်ယူသူများက ယုံကြည်မှု ပျက်ပြားလာသဖြင့် ရောင်းဝယ်မှု ဈေးကွက် အေးနေကြောင်း SMT ဆောက်လုပ်ရေး ကုမ္ပဏီမှ MD ဦးဝင်းသီဟက ပြောသည်။
“တိုက်ခန်း ၀ယ်ယူမှုတွေကတော့ ပုံမှန်ပါပဲ၊ ကြိုပွိုင့်နဲ့ အရစ်ကျ ရောင်းတဲ့စနစ်ကတော့ အရောင်းအ၀ယ် တော်တော်လေးကို အေးနေပါတယ်။ အရင်က ကြိုပွိုင့်နဲ့ အရစ်ကျဝယ်တဲ့ စနစ်က အရောင်းအ၀ယ် သွက်သလောက် အခုဆို အလုပ်လုံးဝ မဖြစ်သလောက်ပါပဲ၊ အဲဒီလို ဖြစ်သွားတာကလည်း ရောင်းသူနဲ့ ၀ယ်ယူကြားမှာ ယုံကြည်မှု မရှိတော့တာက အဓိက အကြောင်းအရင်း ဖြစ်မှာပါ”ဟု ဦးဝင်းသီဟက ပြောသည်။
ဆောက်လုပ်ရေး ကုမ္ပဏီများက သတ်မှတ်သည့် ရက်အတွင်း မပြီးခြင်း၊ သဘောတူထားသည့် အချက်များနှင့် ဆောက်လုပ်သည့်အခါ ကွဲလွဲနေခြင်းများကြောင့် ယုံကြည်မှု ပျက်ပြားစေကြောင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့်လည်း ကုန်ကြမ်းစရိတ် မြင့်တက်လာခြင်း၊ အခွန်များ တိုးမြှင့် ကောက်ခံလာခြင်းကြောင့် အရှုံးများလာကြောင်း၊ တတ်နိုင်သမျှ အရှုံးခံပြီး ဆောက်နေသော်လည်း အရှုံးများလာသည့် အတွက် မဆောက်နိုင်တော့ဘဲ ရပ်ထားခြင်းများလည်း ရှိကြောင်း၊ ယင်းအခြေအနေများကြောင့် ကြိုပွိုင့်စနစ်မှာ တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု လျော့နည်းလာကြောင်း ၎င်းက ပြောကြားသည်။
“ငွေသွင်းစဉ်က ပုံမှန် ပေးသွင်းခဲ့ပေမယ့် နေရမယ့်အချိန်မှာ မပြီးဘဲ ကြန့်ကြာမှုတွေ ရှိနေတယ်။ အဲဒီလို ကြန့်ကြာနေမယ်ဆို သွင်းထားတဲ့ ငွေတွေပြန်ပေးဖို့ ပြောလည်း မရဘူး။ ဆောက်လုပ်ရေး ကုမ္ပဏီတွေက ၀ယ်ယူသူတွေ ယုံကြည်မှု နည်းစေတယ်။ ဒါတွေကြောင့် ၀ယ်ယူမယ့်သူတွေက မ၀ယ်ရဲတော့တာပါ”ဟု အရစ်ကျစနစ်နှင့် တိုက်ခန်းဝယ်ထားသူ တစ်ဦးဖြစ်သည့် မဖြူနှင်းရွှေက ပြောသည်။
ဆောက်လုပ်ရေး ကုမ္ပဏီများမှ မြေစတူးစဉ်ကပင် အရစ်ကျစနစ်အတွက် ပထမအရစ်ကို စသွင်းခိုင်းကြောင်း၊ ၎င်းကဲ့သို့ ငွေသွင်းရာတွင် စာချုပ် ချုပ်သည့်အခါတွင် မည်သည့်ရက်၌ စတင်နေထိုင်ရမည်ဟု ပါသော်လည်း သတ်မှတ်ရက်တွင် ပြီးစီးခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
Credit: messenger