Mandalay ICT Park ကို ရတနာပုံဈေး တတိယထပ်တွင် ဩဂုတ်လ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း
ဒါရိုက်တာအဖွဲ့ဝင်များက ပြောသည်။
၂၀၀၈ ခုနှစ်တွင် ရတနာပုံဈေးမီးလောင် ခဲ့ပြီးနောက်ပိုင်း Mandalay ICT Park ကို
ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ယခုနှစ်ဩဂုတ် ၈ ရက်မှ ပြန်လည်ဖွင့်လှစ်ကာ လက်ရှိနေရာ အကျယ်အ၀န်းမှာစတုရန်း ပေ ၆၀,၀၀၀ ကျော်ရှိကြောင်း စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးသိန်းထွတ်ကပြောသည်။
“Mandalay ICT Park မှာ ငါးနှစ်ကျော်လောက် ICT လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့လုပ်ကိုင်ခဲ့ပါတယ်။
မီးလောင်ခဲ့ပြီးနောက်ပိုင်းတော့ ပြန်မလုပ်ကိုင်နိုင်ခဲ့ပါဘူး။ အခုမှပြန်ပြီး လုပ်ကိုင်တာပါ။ နေရာ အခက်အခဲတွေလည်း ရှိခဲ့လို့ပါ” ဟု၎င်းက ပြောသည်။
ယခုဖွင့်လှစ်မည့် Mandalay ICT Park တွင် အခန်းကျယ်ပေါင်း ၁၂ ခန်း၊ လူပေါင်း ၂၀၀ ခန့်ကို
ဟောပြောနိုင်သော အစည်းအဝေးခန်းမနှင့် လူပေါင်း ၄၀ ခန့် အစည်း အဝေးလုပ်နိုင်သော အခန်းများပါဝင်ကြောင်း
ဦးသိန်းထွတ်က ပြောသည်။
“၀င်ပေါက်နှစ်ပေါက်ရယ်၊ ဓာတ်လှေကားလေးစင်းရယ်၊ အရေးပေါ်လှေကား နှစ်ခု၊စက်လှေကား နှစ်ခုပါရှိပါတယ်။ ပြီးတော့စီစီတီဗီတွေလည်းတပ်ဆင်ထားပါတယ်။
မြန်ဆန်တဲ့ အင်တာနက်ရရှိဖို့ဖိုက်ဘာတွေကို တိုက်ရိုက်ဆွဲထားပါတယ်။
စားသောက်ဆိုင်တွေလည်း ပါရှိမှာပါ” ဟု ၎င်းကပြောသည်။
ICTParkအပြင်တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများကိုလည်း နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်
သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာလုပ်ငန်းများ နှင့် ချိတ်ဆက်လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အဖွဲ့ဝင်ဒါရိုက်တာဦးရဲမြတ်သူ ကပြောသည်။
“မန္တလေးမှာကနိုင်ငံတကာအဆင့်မီ ရုံးခန်းကျယ်တွေ မရှိသလောက်ရှားပါးတဲ့အတွက် ICT Park မှာ
ထည့်သွင်းထားတာပါ။ ပြီးတော့ နိုင်ငံတကာလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လူငယ်တွေအတွက် အလုပ်အကိုင်တွေကိုနိုင်ငံခြားအထိထွက်ပြီး မလုပ်ကိုင်ရအောင်စီစဉ်ထားပါတယ်။
နိုင်ငံတကာစာမေးပွဲတွေ စစ်ဆေးနိုင်တဲ့အခန်းတွေလည်း
ထည့်သွင်းထားပါတယ်” ဟု ၎င်းကပြောသည်။
Mandalay ICT Park ကို နည်းပညာနှင့်ပတ်သက်ပြီး လူငယ်များလေ့လာနိုင်စေရန်၊ လူငယ်ပညာရှင်များကို အလုပ်အကိုင်အခွင့်အလမ်း ပိုမိုပေးနိုင်စေရန် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဦးရဲမြတ်သူ ကပြောသည်။
Mandalay ICT Park ကို
မန္တလေးတိုင်းအတွင်းရှိ ကွန်ပျူတာပညာရှင်များ၊ လုပ်ငန်းရှင်များ၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသောစီးပွားရေးလုပ်ငန်းရှင်များ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊
ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ (MICTDC) တို့ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဩဂုတ်လ ၇ ရက်က ပြောသည်။
Credit: The Myanmar Times