နိုင်ငံတကာ အိမ်ခြံမြေဈေးကွက်တွင် အိမ်ဝယ်လိုသည်ပဲဖြစ်ဖြစ်၊ ရောင်းလိုသည်ပဲဖြစ်ဖြစ် အများစုမှာ အိမ်ခြံမြေ ဈေးကွက်၏အရှင်သခင်များဖြစ်သည့် အိမ်ခြံမြေအကျိုးတော်ဆောင်များနှင့်ချိတ်ဆက်၍ရောင်းခြင်း ဝယ်ခြင်း ပြုလုပ်ကြရသည်။
ယင်းမှာ နိုင်ငံတကာ အိမ်ခြံမြေဈေးကွက်တွင် ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေပြီ ဖြစ်သည်။
တစ်ကြိမ်တစ်ခါမျှ အိမ်ခြံမြေရောင်းချင်၊ ဝယ်ချင်သူများအတွက် အဆက်အသွယ်အားနည်းသဖြင့် အိမ်ခြံမြေအကျိုးတော်ဆောင်များကိုအားပြုရသည်မှာ ဖြစ်မြဲ
ဖြစ်စဉ် အကြောင်းအရာများပင်ဖြစ်သည်။
အိမ်ခြံ မြေအကျိုးဆောင်ဟုအများစုမှ ခေါ်ဝေါနေကြသော်လည်း အမှန်တကယ် အကျိုးဆောင်များမှာ ပွဲစားများပင်ဖြစ် ကြသည်။
လက်ရှိ နိုင်ငံတကာ အိမ်ခြံမြေဈေးကွက်တွင် အကျိုးဆောင်ကုမ္ပဏီများဖွင့်လှစ်၍ မိမိသက်ဆိုင်ရာ ဒေသ၏ အိမ်ခြံမြေလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတွက် ကမ္ဘာ့အိမ်ခြံမြေဈေးကွက် တွင် အိမ်ခြံမြေအကျိုးဆောင်တို့သည် အလွန်အရေးပါလှသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်ဆိုတာ ငြင်းမရ သည့် အကြောင်းအရာတစ်ခုပင်ဖြစ်လာသည်။
နိုင်ငံတကာအိမ်ခြံမြေဈေးကွက်နည်းတူ မြန်မာနိုင်ငံ
အိမ်ခြံမြေဈေးကွက်တွင်လည်း အိမ်ခြံမြေ အကျိုး ဆောင်တို့၏ အခန်းကဏ္ဍမှာလည်း ပိုမိုကြီးထွားလာနေပြီဖြစ်သည်။
သို့သော် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်သူတို့မှာ အနည်းငယ်ပြန့်ကျဲနေပေသည်။ အဘယ့်ကြောင့်ဆိုသော လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်တွင် အကျိုးဆောင်ကုမ္ပဏီများ ရှိသလို၊ တစ်ဦးချင်း အကျိုးဆောင်များလည်း ရှိနေပေသည်။
အများစုအားဖြင့်တော့ အိမ်ခြံမြေရောင်းခြင်း၊ ဝယ်ခြင်းနှင့် ပတ်သက်၍ ပြည်တွင်း၌လည်းအိမ်ခြံမြေအကျိုး ဆောင်တို့ကို အားကိုးနေရသည်။ မည်သည့်အရာပဲဖြစ်ဖြစ် လိုအပ်တာထက်ပိုခဲ့ပြီဆိုပါက risk တော့ရှိမည် ဖြစ်သည်။
Risk အနည်း၊ အများသာကွာမည်။ ယခုလက်ရှိ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်တွင်လည်း အိမ်ခြံမြေ အကျိုးဆောင်တို့၏ လိုအပ်သည်ထက်ပိုမို ဝန်ဆောင်ခနှုန်းထားများသတ်မှတ်လာသည့်အတွက် ရောင်းသူ ဝယ်သူများထံမှ risk ခံစားရသံများ၊ ထပ်မံ၍ အိမ်ခြံမြေပွဲစား၊ အကျိုးဆောင်တို့ဆီမှ risk ကိုလက်မခံနိုင် တော့သည့်အနေအထားမျိုးဖြစ်လာသည်ကို တွေ့ရှိလာရသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ပွဲဖြစ်သည်ဆိုပါက ရောင်းသူဘက်မှတစ်ဖုံ ဝယ်သူဘက်မှတစ်သွယ် အကျိုးဆောင်ခကို မြိုးမြိုးမြက်မြက် ရရှိနေကြသော်လည်း ပွဲစားအချို့ သည် သတ်မှတ်ရောင်းဈေးပေါ်ပါအမြတ်တင်လာသည်များ ရှိလာသည့်အ တွက် အိမ်ခြံမြေရောင်းသူ၊ ဝယ်သူတို့မှာ သတ်မှတ်ဈေးအမှန်ရရှိခြင်းမရှိကြတော့ပေ။
ယင်းကြောင့်လည်းလက်ရှိ ပြည်တွင်းအိမ်ခြံမြေဈေးကွက်
တွင် “ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်”၊ “ ပိုင်ရှင်နှင့် တိုက်ရိုက်ဝယ်လိုသည်”ဟူသောဈေးကွက်များ
ထပ်မံပေါ်ပေါက်လာသည်။
ဤသည်ကိုက မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံ မြေပွဲစားများ၊ အိမ်ခြံမြေအကျိုးဆောင်များအပေါ် ယုံကြည်မှုလျော့နည်းလာသည်ကို ပြသလျက်ရှိသည်။
“ တိုက်ခန်းရောင်းချင်ရင် ကိုယ်တိုင်ပဲရောင်းဖြစ်တော့တယ်။ ပွဲစားအများစုကသူတို့ဝယ်တာလည်းမဟုတ်ဘူး။ ဈေးကိုအရင်လာဆစ်ထားတာပြီးရင်ဝယ်လက်ကိုနဂိုသတ်မှတ်ဈေးအတိုင်းရောင်းတယ်။
နောက် ပြီးပွဲဖြစ်တယ်ဆိုရင် ပိုင်ရှင်ဆီကရော ဝယ်တဲ့လူဆီကရော ပွဲခတောင်းသေးတယ်။ အဲ့တော့ အခုရောင်းမယ့် တိုက်ခန်းကို ကိုယ်တိုင်ပဲရောင်းမယ်ဆိုပြီး ကြေငြာထားလိုက်တာ” ဟုလှိုင်မြို့နယ်နေတိုက်ခန်းကိုယ်တိုင် ရောင်းချလိုသူတစ်ဦးက ဆိုခဲ့သည်။
ပုံမှန်အားဖြင့် အကျိုးဆောင်(ပွဲစား)ဆိုသူများသည် ဝယ်သူနှင့် ရောင်းသူကြားမှာအဆက်အသွယ်မိစေရန်နှင့်
နှစ်ဦးနှစ်ဖက်အဆင်ပြေစေရန်အကျိုးဆောင်ပေးသည့်
သဘောကို ဆောင်လေသည်။
ယင်းအတွက်လည်း အကျိုးတော်ဆောင်ခအဖြစ် အရောင်းအဝယ်ဖြစ်သွားပါက သတ်မှတ် နှုန်းထားအတိုင်း ရောင်းသူနှင့် ဝယ်သူမှဝန်ဆောင်ခကိုချီးမြှင့်ခြင်းဖြစ်သည်။ နိုင်ငံတကာ
တွင်လည်း အိမ်ခြံမြေ ပွဲစားများသီးသန့်မရှိသော်လည်း အကျိုးဆောင်ကုမ္ပဏီများသည် အိမ်ရောင်းလိုသူ၊ ဝယ်လိုသူများအတွက် ဆောင်ရွက်ပေးသည်။ အိမ်ရောင်းလိုသူတစ်ဦးမှ ဝယ်လက်မရှိပါကလည်း အကျိုးဆောင်ကုမ္ပဏီကိုကာလ
ပေါက်ဈေးဖြင့်ရောင်းချနိုင်သလိုဝယ်လိုသူများကိုလည်းအကျိုးဆောင်တို့မှ ၎င်းတို့ပိုင်အိမ်ခြံမြေများကို ကာလပေါက်ဈေးဖြင့် ပြန်လည်ရောင်းချကြသည်။
ယင်းကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက်လည်း အကျိုးဆောင် ကုမ္ပဏီတို့မှ ဘဏ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ကြသည်။ သို့သော်လည်း ဝယ်ယူသူ၊ရောင်းချသူတို့ နစ်နာမှု မရှိစေရန် အစိုးရမှတိကျသောဥပဒေဖြင့်အိမ်ခြံမြေအကျိုးဆောင်တို့ကို လုပ်ပိုင်ခွင့်ထိန်းချုပ်ထားလေသည်။
နိုင်ငံတကာတွင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများနှင့် လုပ်ကိုင်ကြသည့်အတွက် နိုင်ငံတော်အနေဖြင့် အခွန် ကောက်ခံမှုတွင် အဆင်ပြေလှသည်ကိုတွေ့ရှိရသည်။
မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်တွင် ကုမ္ပဏီအနေဖြင့်ဖွင့်လှစ်ဆောင်ရွက်သော အကျိုးဆောင်ကုမ္ပဏီ များရှိနေသော်လည်း လက်တွေ့အရောင်းအဝယ်ဖြစ်ရာတွင် တစ်ဦးတည်းအကျိုးဆောင်များဖြင့်ဆောင်ရွက် ကြသည်ကိုတွေ့ရသည်။
ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း အိမ်ခြံမြေအကျိုးဆောင်၊ ပွဲစားတို့ကို ကွပ်ကဲနိုင်ရန် တိကျသောဥပဒေမရှိသေးပေ။
ထို့အတွက်လည်း လက်ရှိမြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်တွင် အမှန်တကယ်အကျိုးအမြတ်ရရှိနေသည်မှာ
ရောင်းသူမဟုတ်သလို ဝယ်သူလည်းမဟုတ်ပေ ကြားမှအကျိုး တော်ဆောင်ပေးသည့် ပွဲစားများပင်ဖြစ်ကြသည်။ အချို့သောပွဲစားများ၏ လက်တလုံးကြားလှိမ့်လုံးများကြောင့် ယခုအခါ အိမ်ခြံမြေဝယ်သူ၊ ရောင်းသူများနစ်နာမှုများကြုံတွေ့ရ
လျက်ရှိသည်။
“ကိုယ်တိုင်ရောင်းတော့ကိုယ့်ဘက်ကပွဲစားခ ပေးစရာမလိုဘူးလေ။ လာဝယ်တဲ့လူဘက်ကပဲ ပွဲစားခပေးရတာ။ပွဲစားနဲ့ရောင်းမယ်ဆိုရင်တစ်ဆင့်၊တစ်ဆင့်နဲ့ ပွဲစားတွေအများကြီးဖြစ်လာတာကြုံဖူးတယ်။ မပေးလို့လည်းမရဘူး။ မပေးရင် ပွဲပျက်မယ် ဆိုတာမျိုးတောင် ပြောတာတွေရှိတယ်။ အဲ့တော့ ကိုယ်တိုင်ရောင်းတာ အကောင်းဆုံးပဲ။ ပိုင်ရှင်ကိုယ်တိုင် ရောင်းမယ်လို့ကြော်ငြာကပ်ထားလိုက် တကယ်ဝယ်မယ့်လူတွေကလည်းအဲ့လိုအိမ်ကိုဦးစားပေတာ။
ဘာလို့လဲဆိုရင်လူတိုင်းကပွဲစားကိုကြောက်နေကြပြီလေ။
ရောင်းသူ၊ဝယ်သူမျက်နှာချင်းဆိုင်တွေ့ရင် နှစ်ဦးနှစ်ဖက်
ကျေနပ်လောက်တဲ့ ပေါက်ဈေးရတယ်။”ဟုဝါရင့်အိမ်ခြံမြေ
ဝယ်ရောင်းတစ်ဦးကဆိုခဲ့သည်။
ထို့အတွက်ကြောင့်လည်း လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်တွင် ပွဲစား(အကျိုးဆောင်)တို့၏ လိုတာထက်ပိုမို တောင်းဆိုမှုများကြောင့် ပွဲစားမပါသည့် “ပိုင်ရှင်ကိုယ်တိုင်ရောင်းမည့်” ဈေးကွက်ပေါ်ပေါက် လာရပြီဖြစ်သည်။
Credit: လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com