ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ် အမှတ်(၁၁)နှင့် အမှတ်(၁၂) ရပ်ကွက် တို့ရှိ မြသီတာ ပန်းခြံနှင့် ရတနာ ပန်းခြံ နေရာများ၌ အထပ်လေးထပ်ရှိ ကားပါကင် နှင့် ခေတ်မီဖူဆယ် ဘောလုံးကွင်း၊ ကလေး
ကစားကွင်းနှင့် ပန်းခြံများ ပါရှိသော အဆောက်အအုံ နှစ်လုံးကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး
မကြာမီ ဖွင့်လှစ်ရန် မော်တော်ယာဉ်များ စမ်းသပ် မောင်းနှင် နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လေးထပ် ယာဉ်ရပ်နားရန် အဆောက်အအုံ နှစ်လုံးမှာ Steel Structure လေးထပ် အများပြည်သူသုံး ကားပါကင် ဖြစ်ပြီး (၁၃ဝx၁၁၄x၄၅) ပေ ရှိကာ အများပြည်သူသုံး ယာဉ်ငယ် အစီးရေ ၁၄၁ စီးစီ ရပ်နားနိုင်မည် ဖြစ်သည်။
၂ဝ၁၄ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းမှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ပြီးစီး နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။
အဆောက်အအုံတွင် ယာဉ်အတက် အဆင်း လမ်းအကျယ် (၂၇ ဒသမ ၆) ပေ၊ ပတ်လမ်း အကျယ်ပေ ၂ဝ၊ ကားတစ်စီး ယာဉ်ရပ်နားရန် အကျယ်မှာ (၈ ဒသမ ၉x၁၇) ပေ ၊ ကစားကွင်း အကျယ်အဝန်းမှာ (၁၁၄x၁၁ဝ) ပေရှိပြီး Basement တွင် ဂါလန် ၁ဝဝဝဝ ဆံ့ ရေလှောင်ကန်နှင့် သန့်စင်ခန်းများ ပါဝင်ပြီး သုမင်္ဂလာ လမ်းဘက်မှ ယာဉ်အဝင် – အထွက် များ ဆောင်ရွက် ထားရှိကြောင်း သိရသည်။
Credit: Themyawadydaily