အစိုးရတပ်မတော်နဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာသူတွေ ပြန်လည်နေထိုင်ဖို့ အတွက် မြို့သစ်စီမံကိန်းတစ်ခုကို စတင် အကောင်အထည်ဖော်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU စီးပွားရေးတာဝန်ခံ ဗိုလ်မှူးစောရန်နိုင်က ပြောပါတယ်။
KNU နဲ့ ကရင်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး မြဝတီမြို့နယ် ထီးမယ်ဝါးခီးကျေးရွာ အနီးမှာရှိတဲ့ မြေ ၁၈၀၀ ဧကမှာ တန်ဖိုးနည်းအိမ် အလုံး ၁၅၀၀ ပါရှိမယ့် လေးကေကောမြို့သစ်စီမံကိန်း ဆောက်လုပ်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“အရင်တုန်းက အဲ့ဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ဖလူးတိုက်ပွဲဆိုတာ ကြားဖူးမှာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံတော်တော်များ များက နေရပ်စွန့်ခွာပြီး နယ်စပ်မှာ နေထိုင်ရတာတွေ ရှိတယ်။ အခုတည်ငြိမ်တဲ့ အခြေအနေမျိုးတွေ ရှိလာတော့ ပြည်သူတွေပြန်ပြီး နေထိုင်နိုင်မယ့် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အစိုးရဘက်နဲ့ ညှိနှိုင်းခဲ့တယ်။ အခမဲ့ပေးဝေမှာပါ။ အိမ်ထောင်ဦးစီးကတော့ တိုက်ပွဲမှာ ကျဆုံးခဲ့ပြီး ခိုကိုးရာမဲ့ဖြစ်နေတဲ့ လူတွေကို အိမ်ရာတွေပါ ပေးမယ်။ တတ်နိုင်တဲ့လူတွေ ကိုတော့ မြေကွက်ပေးမယ်။ အိမ်ကတော့ ကိုယ့်ဟာကိုယ် ဆောက်လုပ်ကြပေါ့” လို့ သူက ဆက်လက်ရှင်းပြပါတယ်။
အဲ့ဒီစီမံကိန်းကို ၂၀၁၄ ခုနစ်မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနစ်အတွင်း တန်ဖိုးနည်းအိမ် အလုံး ၁၀၀ ကို အပြီးဆောက်လုပ်မှာ ဖြစ်တဲ့အပြင် မြေ ၁၅ ဧကနဲ့ စာသင်ကျောင်းအတွက် မြေ ၁၂ ဧက အသုံးပြုသွားမှာ ဖြစ်တယ်လို့ KNU ထံမှ သိရပါတယ်။
ဒါ့အပြင် ကယားပြည်နယ်အတွင်းမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်စေဖို့အတွက် KNPP နဲ့ ကယားပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ရှားတောမြို့နယ် အတွင်း အိမ်ရာများ ဆောက်လုပ်နေတယ်လို့ KNPP ထံမှ သိရပါတယ်။
Credit: thevoicemyanmar